ထားဝယ်အကျဉ်းထောင်တွင် ရောဂါပြင်းထန်သော အမျိုးသမီးသုံးဦး ဆေးကုသခွင့် လိုအပ်နေ

ထားဝယ်အကျဉ်းထောင်တွင် ရောဂါပြင်းထန်သော အမျိုးသမီးသုံးဦး ဆေးကုသခွင့် လိုအပ်နေ

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံထားရသည့် မစုလှိုင်နွေးမှာ လက်ရှိတွင် ကျောက်ကပ်နှင့် သားအိမ်ဝေဒနာများ ခံစားနေရသည်။ (ဓာတ်ပုံ – ပေးပို့)

နိုင်ငံရေးပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူ အမျိုးသမီးများမှာ ကျောက်ကပ်၊ အကျိတ်၊ သည်းခြေ၊ အစာအိမ်နှင့် အမျိုးသမီးဆိုင်ရာ ရောဂါများ ခံစားနေရပြီး ထိရောက်သော ဆေးကုသခွင့် မရရှိသေးကြောင်း မိသားစုဝင်များနှင့် ထားဝယ်နိုင်ငံရေးအကျဉ်းသားကွန်ရက်က ဆိုသည်။ 

By Myanmar Now

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် အမျိုး သမီးသုံးဦးမှာ စိုးရိမ်ရသည့် ရောဂါများ ခံစားနေရသော်လည်း လုံလောက်သော ဆေးကုသခွင့် မရရှိ ကြောင်း မိသားစုနှင့် အကျဉ်းသားကူညီစောင့်ရှောက်ရေးကွန်ရက်ထံမှ သိရသည်။

ထောင်ဒဏ်များ ချမှတ်ခံထားရသည် အမျိုးသမီးသုံးဦးအနက် တစ်ဦးမှာ ပြီးခဲ့သည့် မတ်လတွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ ကျန်သူနှစ်ဦးမှာ မည်သည့်အချိန်တွင် ဖမ်းဆီးခံရသည်ကို အတိအကျ မသိရပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က အလုပ်နှင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရသည့် အသက် ၂၆ နှစ်အရွယ် မစုလှိုင်နွေးမှာ သားအိမ်တွင် ရေအိတ်တည်ခြင်း၊ လစဉ်ဓမ္မတာကိစ္စ ဆိုးဝါးခြင်းအပြင် ကျောက်ကပ်ဝေဒနာပါ ခံစားနေရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။​

“အကြာကြီး ဆီးမသွားရရင် မရတဲ့ ကျောက်ကပ်ရောဂါရှိတယ်။ ထောင်ထဲမှာ ပုံစံထိုင်ရလို့ ကြာသွားလို့ရှိရင် ဆီးက မသွားရဘူးဆို ကျောက်ကပ်နေရာမှာ အောင့်တာ။ အဓိက သားအိမ်နဲ့ ကျောက်ကပ်ရောဂါရှိတယ်။ ပြီးတော့ ရာသီသွေး တစ်လလုံး ဆင်းတယ်။ ဆင်းပြီးရင် အသက်ရှုကျပ်တာ အောက်ဆီဂျင်ကျတာ။ လက်မှာ အကျောတွေကပ်တာ အဲဒီလိုမျိုး ရောဂါတွေဖြစ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုမိသားစုဝင်က ပြောသည်။

ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် ဈေးကွက်ရှာဖွေရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ မစုလှိုင်နွေးမှာ ပြီးခဲ့သည့်နှစ် မတ်လအတွင်းက အဖမ်းခံရပြီးနောက် လက်နက်ကိုင်သင်တန်းတက်ရောက်ခဲ့သည်ဆိုကာ စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ၊ (ဂ) ၊ ၅၂(က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ထားဝယ်မြို့ပေါ်ရှိ Micky စားသောက်ဆိုင်တစ်ခုတွင် မစုလှိုင်နွေးနှင့်အတူ အဖမ်းခံရသည့် အခြားလူငယ် ၈ ဦးရှိပြီး အသက် ၂၀ မှ ၂၆ အတွင်းရှိ လူငယ်များဖြစ်သည်။ ထိုကျောင်းသားလူငယ်များကို စစ်တပ်က ပုဒ်မ ၅၀၅(က)၊ (ဂ)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ထားသည်။

မစုလှိုင်နွေး၏ ရောဂါလက္ခဏာများကို ပြင်ပဆရာဝန်များထံ ပြောပြ၍ အကူအညီတောင်း မေးမြန်းရာတွင် ခွဲစိတ်ကုသခြင်းနှင့် ရေရှည် ဂရုစိုက်ကုသရန် လိုအပ်ကြောင်း မှတ်ချက်ပြုသည်ဟု မိသားစုဝင်က Myanmar Now ကို ပြောသည်။

အကျဉ်းထောင်၌ သောက်ဆေးအချို့သာ ရရှိပြီး ရောဂါမသက်သာသဖြင့် ဆေးရုံများတွင် ပျောက်ကင်းသည်အထိ ကုသခွင့်ပေးရန် တောင်းဆိုထားသော်လည်း မရရှိသေးကြောင်း ၎င်းက ဆိုသည်။

“ထောင်ဒဏ်က နှစ်ရှည်ချလိုက်တော့ စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ သူက ကျန်းမာရေးမကောင်းတော့ လွတ်ငြိမ်းတွေ ဘာတွေထက်စာလို့ရှိရင် ဆေးကုသခွင့်ကိုပဲ အဓိကဦးစားပေးပြီးတော့ လိုချင်တာပေါ့။ ဆေးကုသခွင့်ပဲ လိုချင်တယ်” ဟု မိသားစုဝင်က ပြောသည်။

ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်မရောက်မီ ဆေးရုံ၌ ကုသမှုခံယူစဉ်က တွေ့ရသည့် မခင်ကေခိုင်။ (ဓာတ်ပုံ – ပေးပို့)

ထားဝယ်အကျဉ်းထောင်အတွင်း အခြားအကျဉ်းသူတစ်ဦးမှာ အသက် ၃၄ နှစ်အရွယ် မခင်ကေခိုင်ဆိုသူဖြစ်သည်။

ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် မခင်ကေခိုင်မှာ သည်းခြေနှင့် အစာအိမ်ပျက်စီးသည့် ရောဂါခံစားနေရပြီး ထိရောက်သည့် ကုသမှု လိုအပ်နေသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (ထားဝယ်) က ပြီးခဲ့သည့်လတွင် သတင်းထုတ်ပြန်သည်။

ထောင်တွင်း ကျွေးမွေးသည့် အစားအသောက်နှင့် ထိရောက်မှု မရှိသည့် ဆေးဝါးများကြောင့် ရောဂါအခြေအနေ ပိုမိုဆိုးဝါးနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာတွင်နေထိုင်သူ မခင်ကေခိုင်မှာ လုပ်ငန်းခွင်၌ ကြက်စာကျွေးနေချိန် စစ်တပ်က ဝင်ရောက်ပစ်ခတ်သောကြောင့် ဝမ်းဗိုက်ကို ကျည်ထိမှန်ကာ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

မည်သည့်အချိန်က ဖမ်းဆီးခံရခြင်းဖြစ်သည်ကို မသိရသော်လည်း မခင်ကေခိုင်ကို ဒဏ်ရာဖြင့် ဖမ်းဆီးပြီးနောက် စစ်ကောင်စီက ထားဝယ်ဆေးရုံမှတစ်ဆင့် စစ်ဆေးရုံသို့ ပြောင်းရွေ့ခဲ့သည်။

ပုဒ်မ ၅၀၅ (က) ၊ ၅၂ (က) တို့ဖြင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသူ မခင်ကေခိုင်၏ မိသားစုနှင့် ဆက်သွယ်ရန် ခက်ခဲနေကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။​

“အခုလက်ရှိ သူတို့ ဝင်းကဖော်ရွာက ဖုန်းလိုင်းတွေလည်း မမိဘူး” ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

ထို့အတူ ထားဝယ်အကျဉ်းထောင်ရောက် မစပယ်ဖြူဆိုသူမှာလည်း လည်ပင်းအကျိတ်ရောဂါ ခံစားနေရပြီး ဆေးကုသမှု လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

ထောင်တွင်းရှိ ကျန်းမာရေးမကောင်းသူများအတွက် အကူအညီတောင်းခံသည့် လျှို့ဝှက်စာများရှိသော်လည်း စပယ်ဖြူအကြောင်း စုံစမ်းနိုင်ခြင်း မရှိသေးဟု ၎င်းက ဆက်ပြောသည်။

ထားဝယ်အကျဉ်းထောင်ရှိ အမျိုးသမီးအကျဉ်းသူများမှာ ထောင်တွင်းဖိနှိပ်မှုများ ကြုံတွေ့နေရပြီး ကျန်းမာရေးအခြေအနေကို ပြင်ပမှ သိရှိနိုင်ရန် ခက်ခဲနေကြောင်း အဆိုပါ ကွန်ရက်တာဝန်ရှိသူက ဆိုသည်။

“စာဆက်သွယ်ရလည်း ကျပ်တယ်။ အနေအထိုင်လည်း တင်းကျပ်ထားတယ်။ တော်တော်လေး စစ်ဆေးတယ်။ မိန်းကလေးဘက်မှာ ဘာဖြစ်နေလဲဆိုတာ တော်တော်နဲ့ မသိရဘူး။ မိသားစုနဲ့ ဆက်သွယ်ဖို့ကလည်း အခက်အခဲဖြစ်တော့ မသိရဘူး။ သူ့မှာ ရှိနေတဲ့ အမျိုးသမီးထောင်မှူးမက အရမ်းစည်းကမ်းတင်းကျပ်တယ်။ သူ့ရဲ့ အုပ်ချုပ်ပုံနဲ့ ဆိုင်မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ တစ်နှစ်တာအတွင်း ထားဝယ်တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးထောင်ချခံရသူ အမျိုးသမီး ၂၆ ဦး၊ အမျိုးသား ၁၄၄ ဦးရှိသည်ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသူများမှာ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅(က)၊(ဂ) နှင့် ၅၂ (က)တို့ဖြင့် အများဆုံးတရားစွဲခံရသူများဖြစ်သည်ဟု ဆိုသည်။​ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ကို ဆန့်ကျင်သူများကို တရားစွဲလေ့ရှိသော ပုဒ်မများဖြစ်သည်။

စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူ ၁၅၉၀ ဦး သတ်ဖြတ်ခံရပြီး၊ ၁၂,၄၆၆ ဦး ဖမ်းဆီးခံရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (မတ် ၂) တွင် ထုတ်ပြန်သည်။

ထားဝယ်အကျဉ်းထောင်ရှိ ရောဂါအပြင်းအထန်ခံစားနေရသူ အမျိုးသမီးများနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia