ဂန့်ဂေါမြောက်ပိုင်းတွင် အိမ် ၂၀၀ ကျော်မီးရှို့ခံရ၊ အသတ်ခံရသူ ၉ ဦးရှိ

ဂန့်ဂေါမြောက်ပိုင်းတွင် အိမ် ၂၀၀ ကျော်မီးရှို့ခံရ၊ အသတ်ခံရသူ ၉ ဦးရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၈၊ မတ် ၁ ရက်က စီးနင်းခံရသည့် ကျေးရွာများနှင့် စစ်တပ်၊ ပျူစောထီးတို့ တပ်စွဲထားသည့် ရွာများတည်ရှိမှု အခြေပြမြေပုံ။ ဒီဇိုင်း – Myanmar Now

စစ်တပ်နှင့် ပျူစောထီး စီးနင်းမှုအတွင်း မကွေး – စစ်ကိုင်းအစပ်ရှိ ရွာငါးရွာမှ နေအိမ် ၂၅၀ ကျော် မီးလောင်ခဲ့ကာ အလောင်းပြန်ရသူ ၉ ဦးအနက် ၅ ဦးမှာ မီးရှို့ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။

By Myanmar Now

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ရွာငါးရွာကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီက နှစ်ရက်ဆက်ဝင်စီးစဉ် နေအိမ် ၂၅၀ ကျော် မီးလောင်ကာ ပြည်သူ ၉ ဦး သေဆုံးသည်ဟု ရွာလုံခြုံရေးအဖွဲ့ဝင်နှင့် ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်းအစပ်ရှိ ဂန့်ဂေါမြို့နယ် ကံတိုး(ရေသာရွာ)၊ သင်တော၊ မြင်သား၊ ရွှေဘိုနှင့် ကုန်းရွာတို့ကို စစ်တပ်က ဖေဖော်ဝါရီ ၂၈ နှင့် မတ် ၁ ရက်တွင် ဝင်စီးခဲ့ခြင်းဖြစ်သည်။ စစ်တပ်နှင့်အတူ အရပ်ဝတ် ပျူစောထီးများလည်း ပါဝင်ပြီး စုစုပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ဝင်မွှေသောကြောင့် ဒေသခံများ ကစဉ့်ကလျား ထွက်ပြေးရသည်။

ကံတိုး(ရေသာရွာ)၊ သင်တောရွာတို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက်က စီးနင်းခံရသည့် ရွှေဘိုရွာတွင် လူအသေအပျောက်အများဆုံးဖြစ်သည်ဟု ရွာခံလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။​

ရွှေဘိုရွာ စီးနင်းခံရပြီး နောက်တစ်ရက်၌ အသက် ၁၈ နှစ်မှ ၄၀ အတွင်းရှိ အမျိုးသား ၇ ဦး၏ ရုပ်အလောင်းများ ရှာတွေ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ နှစ်ဦးကိုသာ လွယ်ကူစွာ ခွဲခြားနိုင်သည်ဟု ၎င်းက ပြောသည်။

မီးကျွမ်းနေသူ ငါးဦးမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်သာရှိသည့် လူငယ်များဖြစ်ကာ မည်သည့်ဒဏ်ရာရထားသည်ကိုပင် ခန့်မှန်း၍ မရခဲ့ဟု ထိုသူက ဆက်ပြောသည်။

“သူတို့အဖမ်းခံလိုက်ရတာကို မြင်လိုက်ရတဲ့သူတွေလည်းရှိတယ်။….လူပုံစံက သိသာတယ်ဗျ။ မျက်နှာတွေကတော့ ပျက်နေပြီ။ ခန္ဓာကိုယ်အချိုးအစားကိုပဲ ကြည့်ရတော့တာ”

မီးရှို့ခံထားရသည့် အလောင်းများကို ရွှေဘိုရွာအနောက်ဘက် တစ်မိုင်အကွာတွင်ရှိသော ကံတိုးရွာ (ရေသာရွာ)ထိပ်ရှိ ပဲခင်းထဲတွင် ကြိုးတုပ်လျက် ရှာတွေ့သည်ဟု ထိုနေရာသို့ ရောက်ခဲ့သည့် ဒေသခံကို ကိုးကား၍ ရွှေဘိုရွာမှ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“တစ်လောင်းကတော့ လက်အုပ်လေးချီထားတဲ့ပုံစံလေးနဲ့ မီးလောင်ထားတာ။ တစ်လောင်းကတော့ ခြေထောက်ချိုးခံထားရတဲ့ ပုံစံမျိုးလေးဖြစ်နေတယ်။ သူတို့က မီးရှို့တဲ့နေရာနဲ့ မလှမ်းမကမ်းနေရာက မြောင်းထဲမှာ ကင်းဝပ်နေတုန်း အဖမ်းခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။

မီးရှို့သတ်ခံရသူ ငါးဦးစလုံးမှာ လက်လုပ်သေနတ်အချို့ဖြင့် ကိုယ်ထူကိုယ်ထ ကျေးရွာလုံခြုံရေးစောင့်ကြပ်သူများသာဖြစ်ပြီး တစ်ဦးမှာ ခြေထောက်ကျိုးနေသည်ကို တွေ့ရသည်ဟု ရွှေဘိုရွာလုံခြုံရေးအဖွဲ့ဝင်က ဆိုသည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အသက် ၄၀ အရွယ် ဦးဝင်းစိုးနှင့် အသက် ၃၇ နှစ်အရွယ် ဦးထွန်းဇော်တို့မှာမူ ဘေးလွတ်ရာသို့ ထွက်ပြေးစဉ် စစ်ကောင်စီက ပစ်သတ်သွားသည်ဟု ဒေသခံတို့က ယူဆထားကြသည်။

ရွှေဘိုရွာ ဘုန်းကြီးကျောင်းနံဘေးတွင် လဲကျနေသူ ဦးဝင်းစိုးနှင့် တောင်ခင်ရန်းရွာဘက်သို့ ဆိုင်ကယ်ဖြင့် သွားစဉ် သေဆုံးသည်ဆိုသော ဦးထွန်းဇော်တို့ နှစ်ဦးစလုံးတွင် ဦးခေါင်း သေနတ်မှန်ဒဏ်ရာ တွေ့ရသည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။

အိမ်ခြေ ၅၀၀ ရှိ ရွှေဘိုရွာတွင် စစ်ကောင်စီတပ်ဖွဲ့လက်ချက်ဖြင့် နေအိမ် ၂၅ လုံးခန့် မီးလောင်ကျွမ်းသွားသည်ဟု ၎င်းတို့ထံမှ သိရသည်။

ထိုတစ်ရက်တည်းတွင် ရွှေဘိုရွာနှင့် တစ်မိုင်ခန့်အကွာ အိမ်ခြေ ၂၀၀ ကျော်ရှိ ၎င်းတို့ရွာကိုလည်း စစ်ကောင်စီအဖွဲ့က ဝင်စီးကာ မီးရှို့သဖြင့် နေအိမ်အလုံး ၁၀၀ ကျော် မီးလောင်သွားသည့်ပြင် အသက် ၅၀ အရွယ် ဦးတင်ဝင်းကို သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု သင်တောရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲက လူတွေ အကုန်ထွက်ပြေးဖို့ ပြောထားတဲ့အချိန်မှာ သူက မပြေးသေးဘူး။ ရွာထဲ ဝင်ခါနီးလောက်မှ ထွက်ပြေးပုံရတယ်ဗျ။ အဲဒီမှာ မြောက်ဘက်ကတက်တဲ့ကောင်တွေနဲ့ တိုးပြီး ပစ်သတ်ခံရတာ ထင်တယ်” ဟု ၎င်းက ပြောသည်။

သင်တောရွာမြောက်ဘက် ကိုက် ၁၀၀ ဝန်းကျင်တွင် ရုပ်အလောင်းရှာတွေ့သည်ဆိုသော ဦးတင်ဝင်း၏ ဒဏ်ရာအခြေအနေ အသေးစိတ်ကိုမူ မသိရပါ။

“ကျွန်တော်တို့ရွာကို ရွှေဘို၊ ရေသာရွာဘက်ကနေ ပတ်လာပြီး တိုက်သွားတာ” ဟု အထက်ပါ သင်တောရွာခံက ပြောသည်။

မတ် ၁ ရက်တွင် ဆက်လျက်ရှိ မြင်သားနှင့် ကုန်းရွာတို့ကို စစ်တပ်က ဝင်စီးသည်။ အိမ်ခြေ ၄၅၀ ရှိ ၎င်းတို့ရွာတွင်မူ နေအိမ် ၄၅ လုံး၊ စပါး၊ ပဲလှောင်သည့် ကျီ ၁၅၀ ခန့်ကို စစ်ကောင်စီက မီးရှို့သွားခဲ့ကြောင်း၊ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး ပစ်သတ်ခံရကြောင်း ကုန်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် ကိုဇော်နိုင်အေးဖြစ်ပြီး ခြေထောက်၊ ရင်ဘတ်နှင့် နားထင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရခဲ့သည်ဟု ၎င်းထံမှ သိရသည်။

“သူများတွေပြေးလည်း ပြေးရကောင်းမှန်းမသိဘူး။ ရွာထဲမှာပဲ နေခဲ့တာ။ ဘုန်းကြီးကျောင်းမှာ ခိုနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင်မှ မုန့်ဝင်ကျွေးသေးတယ်လို့ ပြောတယ်ဗျ။ ကျွန်တော်တို့ ရွာထဲမှာ တွေ့ရတာက သူ့အိမ်ကို ပြန်သွားတဲ့လမ်းမှာ အပစ်ခံရတဲ့ပုံပဲ” ဟု ကုန်းရွာခံ အမျိုးသားက ပြောသည်။

“သေနတ်နဲ့ ပစ်တော့ ခြေထောက်ကို အရင်မှန်တဲ့သဘောရှိတယ်။ သွေးကြောင်းစတွေ့တဲ့နေရာကနေ အတောင် ၅၀၀ လောက်မှာ အကွေ့လေးတစ်ခုရှိတယ်။ အဲဒီနားမှာ ဖမ်းသွားတာ ထင်တယ်။ ရင်ဘတ်မှာ ကျည်တစ်ချက်ပစ်တယ်။ နားထင်နေရာကနေ ပစ်ထားတာ ခေါင်းတစ်ခြမ်းလုံး ကွဲထွက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၈၊ မတ် ၁ ရက်က စီးနင်းခံရစဉ် သေဆုံးခဲ့ရသည့် ဒေသခံများ။ ဒီဇိုင်း – Myanmar Now

အိမ်ခြေများပြားသည့် ကုန်းရွာအတွင်း စစ်ကောင်စီအဖွဲ့က ၄ နာရီခန့်ကြာအောင် တပ်စွဲခဲ့ပြီး အလိုရှိသည်များ ယူဆောင်သွားခဲ့ကြသည်ဟု ၎င်းထံမှ သိရသော်လည်း နောက်ဆက်တွဲကိစ္စများကို အသေးစိတ် အတည်မပြုနိုင်သေးပေ။

ဖြစ်စဉ်များအတွင်း အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ကံတိုး(ရေသာရွာ)တွင် နေအိမ်တစ်လုံး၊ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် မြင်သားရွာတွင် နေအိမ်သုံးလုံး မီးရှို့ခံခဲ့ရကာ လူသေဆုံးမှုမရှိဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ဂန့်ဂေါမြောက်ပိုင်းတွင် ပေါ်ပေါက်သည့် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ယခု စီးနင်းခံရသည့် ထိုရွာ ၅ ရွာမှာ စစ်တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့ အခြေတည်ရာ မြောက်ခင်ရန်း၊ တောင်ခင်ရန်းရွာတို့နှင့် မိုင်အနည်းငယ်စီအကွာ အနီးဝန်းကျင်တွင် တည်ရှိသည်ကို မြေပုံတွင် တွေ့ရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကုက္ကားနှင့် ဟံသာဝတီရွာတို့တွင်လည်း ပျူစောထီးနှင့် ပေါင်းကာ စစ်တပ်က တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ မတ် ၂ ရက် ညနေပိုင်းအထိ ရွှေဘိုနှင့် သင်တောရွာ အနီးတစ်ဝိုက်တွင်ပါ စစ်ကောင်စီအဖွဲ့ရှိနေဆဲဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ထောင်ချီသော ဒေသခံများ ကျေးရွာအတွင်း ပြန်မဝင်ရဲဘဲ ကြုံရာတွင် တိမ်းရှောင်နေရဆဲဖြစ်၍ ပျက်စီးမှုအသေးစိတ်ကို ယနေ့(မတ် ၃)အထိ အတည်မပြုနိုင်သေးပေ။

ထိုဒေသတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှုများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို Myanmar Now က လက်ခံရရှိခြင်း မရှိသေးပါ။

ယခုဖြစ်စဉ်တွင် ကနဦးဝင်စီးခံရသည့် ရွှေဘိုရွာမှာ စစ်တပ်က ၂၀၂၁ ခုနှစ်အတွင်း ရွာလုံးကျွတ် အကြိမ်ကြိမ်မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် နှမ်းခါးနှင့် ၈ မိုင်ဝန်းကျင်၊ စန်းမြို့ရွာနှင့် ၁၁ မိုင်ဝန်းကျင်အကွာသာ ရှိသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းတွင် နှစ်ရက်တာ စစ်ဆင်ရေးလုပ်ခဲ့သည့် ထိုရွာ ၅ ရွာအနက် နှမ်းခါးနှင့် ၃ မိုင်ခန့်အကွာတွင်ရှိသည့် မြင်သားတစ်ရွာတည်းသာ စစ်တပ်၏ စီးနင်းမှုကို မကြာခဏခံရဖူးသည်။

မြင်သားရွာကို ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်း၌ နှစ်ရက်ဆက်၍ စီးနင်းစဉ် စစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့(PDF) တို့ တိုက်ပွဲဖြစ်ရာ ဒေသခံ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရဖူးသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ စန်းမြို့ရွာကို ဇန်နဝါရီ ၂၀ ရက်က စစ်တပ်နှင့် ပျူစောထီး ဝင်ရောက်စီးနင်း ဖျက်ဆီးသွားစဉ်။ ဓာတ်ပုံ-နှမ်းခါးလူငယ်အဖွဲ့

မကွေးတိုင်း ဂန့်ဂေါမြောက်ပိုင်းရှိ ထိုရွာများမှာ ရရာလက်နက်ဖြင့် စစ်ကောင်စီကို ပထမဆုံး ခုခံတော်လှန်သည့် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဧရိယာအတွင်း တည်ရှိသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကြာချိန်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ စစ်ကိုင်းနှင့် မကွေးရှိ ဒေသများလည်း ပါဝင်သည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးနေရာမှ လက်လုပ်သေနတ်များဖြင့် အဓိကထားခုခံနေသည့် ထိုဒေသများကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပါသုံးသည့် စစ်ဆင်ရေးများ မကြာခဏလုပ်နေသည်။

ထို့အတူ စစ်ကောင်စီက ပျူစောထီးအဖွဲ့များကို ထူထောင်ကာ စစ်တပ်နှင့် ပေါင်း၍ မကွေးနှင့် စစ်ကိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေပြီး နေအိမ်များ မီးရှို့ခံရ၊ ဒေသခံတို့ ရက်စက်စွာ သတ်ဖြတ်ခံရမှုများ မကြာခဏ ပေါ်ပေါက်နေသည်။

စစ်ကိုင်းတိုင်းတစ်ခုတည်းတွင် ပြည်သူ့စစ်(ပျူစောထီး) ၇၇ ဖွဲ့ကို လက်နက်တပ်ဆင်ပေးထားသည်ဟု ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင်ထံ တင်ပြခဲ့သည်ကို ပေါက်ကြားလာသည့် မှတ်တမ်း၌ တွေ့ရသည်။


Original Post: Myanmar Now

 

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia