CDM များကို ကူညီနေသော ရဲအုပ် ထောင် ၃ နှစ်ချခံရ

CDM များကို ကူညီနေသော ရဲအုပ် ထောင် ၃ နှစ်ချခံရ

ဒေါ်အောင်ဆန်းစုကြည်ပုံပါ နှာခေါင်းစည်းတပ်ဆင်မှုအတွက် အရေးယူခံရဖူးသော ရဲအုပ်သည် CDM ရဲများကို ကူညီမှုစွဲချက်နှင့် မကြာသေးခင်က ထောင်ဒဏ်ချမှတ်ခံရသည်ဟု သိရသည်။ 

By Myanmar Now

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပါဝင်နေသူများကို ကူညီခဲ့သည်ဟု ဆိုသော သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးကို စစ်ကောင်စီက ထောင် ၃ နှစ်ချလိုက်သည်ဟု သိရသည်။

မန္တလေးတိုင်းသတင်းရဲတပ်ဖွဲ့၏ နိုင်ငံတကာရေးရာဌာနမှ အသက် ၃၈ နှစ်အရွယ် ရဲအုပ် သန့်စင်အောင်သည် ယမန်နှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ဖမ်းဆီးခံလိုက်ရပြီး နှစ်လကြာ ယခုနှစ် ဇန်နဝါရီ ၃၁ တွင် ရဲဝန်ထမ်းစည်းကမ်းချိုးဖောက်မှု စွဲချက်နှင့် ထောင်ချခံရခြင်းဖြစ်သည်။

“(PDF ကို) လက်နက်ထောက်ပံ့တယ်ဆိုပြီးတော့ သူ့ကို ဒီအမှုနဲ့ဖမ်းတာတဲ့။ သက်သေမခိုင်လုံလို့ ဒီအမှုက လွတ်သွားတယ်တဲ့” ဟု ၎င်း၏ ဆွေမျိုးတစ်ဦးဖြစ်သော အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒါပေမဲ့ ဘာသွားတွေ့လဲဆိုတော့ Viber မှာ သူ ပိုက်ဆံလေးတွေ ထောက်ပံ့ထားတာလေးတွေ အလှူငွေကောက်ခဲ့တာလေးတွေ သွားတွေ့တယ်တဲ့။ သူ့ကို မေးတယ်တဲ့ PDF တွေကို ထောက်ပံ့တာလားဆိုတော့ မဟုတ်ဘူး၊ CDM တွေကို ထောက်ပံ့တာဆိုပြီး အဲဒီလိုဝန်ခံလိုက်တာတဲ့”

စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆေးခွင့်ယူကာ ရန်ကုန်၌သာ နေထိုင်ခဲ့သော ၎င်းကို ရဲအရာရှိကြီးတစ်ဦးက လှည့်ဖြား ခေါ်ယူခဲ့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ရဲလုပ်သက် ၁၇ နှစ်ကျော်ရှိသူ၊ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးရှိ တနင်္သာရီတိုင်း၊ မြိတ်မြို့ဇာတိဖြစ်သူ ကိုသန့်စင်အောင်သည် တက္ကသိုလ်ဘွဲ့ရပြီးနောက်တွင် ၂၀၀၄ မှစ၍ မြန်မာနိုင်ငံရဲဌာန၏ ထောက်လှမ်းရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလအစောပိုင်းမှာလည်း ကိုသန့်စင်အောင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် နှာခေါင်းစည်းတပ်ဆင်ရာ ရဲစည်းကမ်းဖောက်ဖျက်သည်ဆိုကာ အရေးယူခံခဲ့ရဖူးသည်။

အမိန့်နှင့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ ၎င်းကို  မန္တလေးတိုင်းမှ ချင်းပြည်နယ်သို့ ပြောင်းရွှေ့မိန့် ထုတ်ခံရသည်။

သို့သော် အဆိုပါ အရေးယူမှုကို ပြန်လည်စိစစ်ကာ ပယ်ဖျက်ခဲ့သဖြင့် ထိုအချိန်က နယ်ပြောင်းရွှေ့မိန့် အရာမထင်ခဲ့ကြောင်း စံတော်ချိန်သတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် ခွင့်ယူပြီး ရန်ကုန်တွင်သာ နေထိုင်ခဲ့ကြောင်း ၎င်း၏ ဆွေမျိုးက ပြောသည်။

“အာဏာသိမ်းပြီးတဲ့အချိန်မှာ သူက ဆေးခွင့်ယူပြီးတော့ အပြင်မှာနေတယ်။ သူ တာဝန်မထမ်းတော့ဘူး။ အပြင်မှာနေပြီးတော့ပဲ သူ အိမ်ဆောက်နေတယ်၊ သန်လျင်မှာ” ဟု ထိုအမျိုးသမီးက ပြောသည်။

“သူ အဲဒီမှာ စားသောက်ဆိုင်ဖွင့်မှာတဲ့။ သူ လိုင်စင်တွေဘာတွေလည်း အားလုံးလျှောက်ထားပြီတဲ့”

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းအရန်ရဲတပ်ဖွဲ့အချုပ်တွင် နှစ်လကျော် နေခဲ့ရပြီး လတ်တလောတွင် အိုးဘိုထောင်တွင် ရှိနေကြောင်း ၎င်း၏ ဆွေမျိုးဖြစ်သူနှင့် ရဲဝန်ထမ်းမိတ်ဆွေနှစ်ဦးထံမှ သိရသည်။

ထိုထောင်တွင် အခြားရဲအုပ် ၃ ဦးရှိကြောင်း ၎င်းတို့က ပြောသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။

ရဲအုပ်သန့်စင်အောင်ကို လုပ်ငန်းခွင်သို့ ပြန်လာရန် ပြောဆိုသူမှာ ရဲချုပ်သန်းလှိုင်ဖြစ်သည်ဟု CDM ရဲအရာရှိတစ်ဦးက ပြောသည်။

“အဲဒီနေ့က ကိုသန့်စင်(သန့်စင်အောင်) ကျွန်တော့်ကို တိုင်ပင်တယ်။ ရာထူးတိုးပေးဖို့ ရဲအုပ်တွေ ခေါ်တယ်ပေါ့၊ သူ သွားရင်ကောင်းမလား၊ မသွားရင်ကောင်းမလားတဲ့။ အဲဒါ ကျွန်တော်တို့က တားတယ်။ ဒီအချိန်မှာ မသွားသင့်ဘူးပေါ့” ဟု သူက ပြောသည်။

“ဒါပေမဲ့ သူ့ကိုခေါ်တဲ့ ရဲချုပ်သန်းလှိုင်ကလည်း သူ့ဆရာအရင်း၊ ဆရာတပည့်ဆိုတော့ မလုပ်လောက်ပါဘူးဆိုပြီး သွားတာ။ ဟိုရောက်တော့ သူ့ကားပါ အသိမ်းခံလိုက်ရတယ်”

ရဲအုပ်သန့်စင်အောင်ကို ဖမ်းပြီး တိုင်းရဲအချုပ်တွင် ထားကာ ၂ လကြာစစ်ဆေးခဲ့သူမှာ မန္တလေးတိုင်းရဲမှူးဖြစ်ကြောင်း ၎င်းက ပြောသည်။ သို့သော် ထိုရဲမှူး၏ နာမည်၊ ရာထူးအသေးစိတ်ကိုမူ ၎င်းက ပြောပြခြင်းမရှိပေ။

ကိုသန့်စင်အောင်၏ မိတ်ဆွေ CDM ရဲဝန်ထမ်းတစ်ဦးကလည်း ရာထူးတိုးပါသည်ဟု လှည့်ဖြားခေါ်ယူပြီး သွားရောက်ချိန်မှာ ထောင်ချခံလိုက်ရခြင်းဖြစ်ကြောင်း Myanmar Now ကို အတည်ပြုသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပါ။

ရဲအုပ်သန့်စင်အောင် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ကျေနပ်မှုမရှိဟု အထက်ပါ ဆွေမျိုးတော်စပ်သူက ပြောသည်။

“သူတို့လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ တစ်သက်မကျေဘူး။ တော်လှန်ရေးပြီးရင် ပြန်တွေ့ကြမယ်။ သူတို့အလှည့်တွေ လာဦးမှာပါ” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီး ရက်ပိုင်းအတွင်း ပြည်သူ့ဘက်ရပ်တည်လာသော လုံခြုံရေးဝန်ထမ်းများအနက် ရဲဝမ်ထမ်းများသည် လူထုဆန္ဒပြပွဲများတွင်လည်းကောင်း၊ ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာများမှသော်လည်းကောင်း လူသိရှင်ကြားထုတ်ဖော်၍ CDM တွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။

CDM ရဲဝန်ထမ်းဦးရေသည် ယမန်နှစ် နိုဝင်ဘာလကုန်ပိုင်းအထိ စုစုပေါင်းဦးရေ ၆,၀၀၀ ကျော် ရှိခဲ့ကြောင်း CDM ပြုလုပ်လိုသူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်ကာ ကူညီနေသော ပြည်သူ့ရင်ခွင်အဖွဲ့က ကြေညာထားသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia