24 February 2022
သားအမိ ၃ ဦးနှင့် ၎င်းတို့အလောင်းဟု ယူဆရသည့် ရုပ်ကြွင်း ၃ ခုကို စောင်ဖြင့် ထုပ်ကာ သယ်ယူလာသည်ကို ယနေ့ ဖေဖော်ဝါရီ ၂၄ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ – CDF-KKG)
စစ်ကိုင်းတိုင်း ကျေးလက်ဒေသ အမျိုးသမီး ၃ ဦးကို စစ်သားများက ဖမ်းခေါ်သွားပြီး နောက်တစ်နေ့တွင် မီးကျွမ်းနေသော အရိုးစု ရုပ်ကြွင်းများကိုသာ ပြန်တွေ့ရသည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က ဖမ်းသွားသော ချင်းတိုင်းရင်းသူ ဆယ်ကျော်သက် မိန်းကလေး ၂ ဦးနှင့် သူတို့၏ မိခင်ကို ၂၄ နာရီမပြည့်ခင် မီးရှို့သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးမြို့တောင်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃)က ချောင်းခွရွာမှ အသက် ၄၀ အရွယ် ဒေါ်ငွန်ဇလျန်၊ ၁၆ နှစ်အရွယ် မချန်းနွန်ကြွန်း၊ ၁၄ နှစ်အရွယ် မငွန်ဇာချန်းတို့ကို သံဖိုရွာရှိ ယာတောအိမ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) (CDF KKG) တပ်ရင်း ၃ မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“သူတို့က နေကြာခင်းထဲမှာ ပုန်းနေတယ်။ စစ်သားတွေက သူတို့ဆီကို လာပြီးတော့ သေနတ်တွေ ဖောက်ပြီးတော့ မင်းတို့ မထွက်လာရင်တော့ မင်းတို့ရှိတဲ့နေရာတွေသိတယ်၊ မီးရှို့မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ သူတို့ကလည်း သားအမိသုံးယောက် ထွက်တော့တာ။ ဖမ်းချုပ်တော့တာ” ဟု ဒေသခံများကို ကိုးကား၍ ထိုသူက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် သံဖိုကျေးရွာအရှေ့ဘက် ယာတောတဲတစ်ခုအတွင်းမှ သေနတ်သံ ၃ ချက် ကြားလိုက်ရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ထိုတဲကို CDF များက သွားရောက်ကြည့်ရှုရာ မီးလောင်ကျွမ်းနေသည့် အရိုးစုများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း CDF KKG က ထုတ်ပြန်ထားသည်။
မိသားစုဝင် ၃ ဦး၏ ရုပ်ကြွင်းများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ စစ်တပ်က ပစ်သတ်ပြီးနောက် တဲအိမ်နှင့်အတူ မီးရှို့လိုက်သည်ဟု ယူဆကြောင်း CDF KKG ဘက်က ဆိုသည်။
“ ပျောက်တဲ့သူက အဲ့ဒီသားအမိသုံးယောက်ပဲရှိတော့ အတည်ပြုလိုက်တော့တာ။ နားတောင်းတွေ၊ ရွှေဆွဲကြိုးလေးတွေက အရည်ပျော်ပြီးတော့ ကျန်ခဲ့တာတော့ရှိတယ်။ အဲဒါလည်း မိသားစုတွေ ပြန်ပေးတာ” ဟု CDF KKG တပ်ရင်း ၃ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ “သူ(ကျန်ခဲ့တဲ့မိသားစုဝင်)လည်း လက်ခံတယ်။ ပျောက်တဲ့သူလည်း သုံးယောက်၊ အလောင်းက သုံးလောင်းဆိုတော့ လုံးဝကို ငြင်းလို့မရဘူးပေါ့”
ရုပ်ကြွင်းများကို ယနေ့ နံနက်ပိုင်း၌ ကောက်ယူခဲ့ပြီး မိသားစုက နေ့လယ်တွင် စျာပနအခမ်းအနား ပြုလုပ်ခဲ့သည်။
ထိုအမျိုးသမီး ၃ ဦး၏ ရုပ်ကြွင်းများ ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ မှစ၍ ကလေးမြို့ ထိုမာနည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်မ ၇၇ နှင့် ၂၂ မှ စစ်သားများ ပါဝင်သော အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၂ ကလည်း ငါးဖားကျေးရွာတွင် မသန်စွမ်းသူတစ်ဦးအပါအဝင် အသက် ၅၀ ကျော်အရွယ် ဦးသန်းလှကြီးနှင့် ဦးအောင်ထွန်းဆိုသူတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ပုံစာ – သေဆုံးခဲ့သည့် မသန်စွမ်းသူတစ်ဦးနှင့် စောင်ဖြင့်ထုပ်ထားသည့် ဦးသန်းလှကြီးနှင့်ဦးအောင်ထွန်း ၏ အလောင်းများအား ဖေဖော်ဝါရီ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
အမျိုးသားတစ်ဦးမှာ နားထင်ပေါက်ထွက်ဒဏ်ရာရှိနေရာ အနီးကပ်ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်း၊ နောက်တစ်ဦးမှာ ကျည်ထိဒဏ်ရာမရှိဘဲ ဦးခေါင်းဒဏ်ရာများ တွေ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“တစ်ယောက်က စကားမပြောတတ်ဘူး။ စိတ်လည်းမမှန်ဘူး။ အဲ့တစ်ယောက်ကတော့ ပန်းချိုးအပြန်မှာ အဖမ်းခံရတယ်။ ကျွန်တော်တို့ကတော့ ရိုးရိုးတန်းတန်း အဖမ်းခံရတယ်ထင်တာ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
“တစ်ယောက်ကတော့ နွားကျောင်းရင်း နဲ့…။ သူတို့က လှမ်းခေါ်တာ။ သေနတ်သံနှစ်ချက်ကြားလိုက်တယ်။ အဲဒါပြီးမှ သွားကြည့်တဲ့အချိန်မှာတော့ အလောင်း ၂ လောင်းကိုပဲ တွေ့ခဲ့တာ”
ထိုစစ်ကြောင်းသည် ယမန်နေ့ နေ့လယ်တွင် သံဖိုရွာကို စီးနင်းကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက်တွင်လည်း ထိုစစ်ကြောင်းကပင် ရန်ကြီးအောင်ရွာနှင့် အနီးအနားကျေးရွာများမှ စစ်ဘေးရှောင်တို့ ခိုလှုံနေသည့်နေရာများကို လက်နက်ကြီးနှင့် ပစ်ခတ်ရာ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံးခဲ့ကြောင်း CDF KKG က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်များ ရှိသည့် နေရာကို ပစ်ခတ်နေသည်ဟု ထိုရွာဒေသခံ အမျိုးသားတစ်ဦးက ယနေ့နေ့လယ်ပိုင်းတွင် ပြောသည်။
“ရွာရဲ့အနောက်ဘက်မှာ စစ်ရှောင်နေကြတာ။ ဒီမနက်မှာ စစ်ဘေးရှောင်တွေဘက်ကို လာပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်ပြစေလိုသော ထိုအမျိုးသားက ပြောပြသည်။
“သူတို့က ထပ်လိုက်ပစ်တော့ ထပ်ရှောင်နေရတယ် ဟိုတောင်ထိပ်တွေဆီကို။ အဝတ်အစားတွေ အကုန်ထားခဲ့ပြီး လူပဲ လွတ်အောင်ပြေးရတယ်။ အခု တောင်ထိပ်ရောက်နေတယ်”
ရန်ကြီးအောင်ရွာတွင် လနှင့်ချီကာ တပ်စွဲထားသည့် စစ်တပ်သည် ဒေသခံများကို ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်ရန် ဖိအားပေးနေသည့်အတွက် ရန်ကြီးအောင်ရွာနှင့် အနီးတစ်ဝိုက်ကျေးရွာမှ ဒေသခံများမှာ ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ရန်ကြီးအောင်ရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။
ထိုဖြစ်ရပ်များအပြီး စစ်ကူလာရောက်ဖြည့်တင်းသည့် စစ်ကြောင်းမှာ လမ်းတစ်လျှောက် ကျေးရွာများကို စီးနင်းကာ မီးရှို့ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
အခြားဒေသများတွင်လည်း စစ်ကောင်စီတပ်သားများက အရပ်သားများကို သတ်ဖြတ် မီးရှို့ အလောင်းဖျောက်မှု ဆက်တိုက် ကျူးလွန်နေသည်ဟု ဒေသခံများ၊ PDF အဖွဲ့များက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက ကလေးမြို့နယ်အတွင်း ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
ယနေ့ထုတ် ဝါဒဖြန့်သတင်းစာများတွင် စစ်ကိုင်းတိုင်းအတွင်း သတ်ဖြတ်မှုများမှာ အကြမ်းဖက်သမားတို့၏ လုပ်ရပ်ဖြစ်သည်၊ စစ်တပ်က လူထုကို ကာကွယ်နေသည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ထာဝရငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးက ပြည်ပသတင်းသမားများကို ပြောကြောင်း ဖော်ပြထားသည်။
“ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် စတင်မည်ဖြစ်ကြောင်းကို အသိပေးပြောကြားလိုပါကြောင်း” ဦးမောင်မောင်အုန်းက ပြောသည်ဟု သတင်းတွင် တွေ့ရသည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.