မန္တလေးသတင်းသမားဟောင်းတစ်ဦး အကြမ်းဖက်ပုဒ်မနှင့် အမှုရင်ဆိုင်နေရ

မန္တလေးသတင်းသမားဟောင်းတစ်ဦး အကြမ်းဖက်ပုဒ်မနှင့် အမှုရင်ဆိုင်နေရ

အသက် ၃၅ နှစ်အရွယ် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦး။ (ဓာတ်ပုံ-ပေးပို့) 

Channel Mandalay  သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦးသည်  လွတ်ငြိမ်းသက်သာခွင့် စာရင်းတွင် ပါ၀င်ခဲ့သော်လည်း  ထောင် ၃ နှစ်မှ ၁၀ နှစ်အထိ ချနိုင်သည့် အကြမ်းဖက်မှုနှင့် ဆက်ရင်ဆိုင်နေရသည်။

By Myanmar Now

ယမန်နှစ်ကတည်းက မန္တလေးမြို့ အိုးဘိုထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့်  Channel Mandalay  သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦးသည် အကြမ်းဖက်မှု ပုဒ်မ ၅၂ (က)နှင့် စွဲချက်တင် အမှုဖွင့်စစ်ဆေးခံနေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ တွင် အိုးဘိုထောင်အတွင်းအထူးတရားရုံးက အကြမ်းဖက်ပုဒ်မဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း မန္တလေးရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

စဉ့်ကိုင်မြို့နယ် သရက်ခြံတစ်ခုတွင် နေထိုင်သည့် ၃၅ နှစ်အရွယ် ကိုဝင်းနိုင်ဦးနှင့် ဇနီး၊ အလည်လာရောက်သူ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးတို့ကို ယမန်နှစ် ဩဂုတ် ၃၁ ၌ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး တစ်ပတ်ကျော်ခန့်အကြာတွင် ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သည်။

သတင်းသမားဟောင်း ကိုဝင်းနိုင်ဦးသည် ဖမ်းဆီးခံရပြီး ၁၅ ရက်အကြာတွင် ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ခံရပြီး ယမန်နှစ် စက်တင်ဘာ ၁၈ လွတ်ငြိမ်းသက်သာခွင့်နှင့် ထောင်မှလွှတ်ပေးသည့် အကျဉ်းသားစာရင်းတွင် ပါဝင်ခဲ့သေးသည်ဟု ရှေ့နေတစ်ဦးက ပြောသည်။

“အဲဒီနေ့က ၅၀၅ (က) လွတ်ငြိမ်းထဲ သူပါတာပေါ့။ ဒါပေမဲ့ မလွတ်ခဲ့ဘဲ အကြမ်းဖက်ပုဒ်မနဲ့ ထပ်စွဲခံရတယ်။ အခု အထဲမှာ ကျန်းမာရေးကောင်းမွန်ပါတယ်”ဟု မန္တလေးမှ အဆိုပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။

လက်ရှိတွင် ကိုဝင်းနိုင်ဦးနှင့်အတူ အသက် ၄၀ ကျော်အရွယ် ကိုမင်းသွေး၊ ကိုကျော်ဦး၊ ကိုဇော်မင်းဦး ဆိုသူ သုံးဦးကို အမှုတွဲစစ်ဆေးနေကြောင်း ယင်းရှေ့နေက ဆက်ပြောသည်။

ကိုဝင်းနိုင်ဦးသည် ၂၀၁၉၊ မေလအတွင်းကလည်း ပြင်ဦးလွင်မြို့အနီး တပ်သိမ်းမြေယာပြဿနာအကြောင်း Channel Mandalay တွင် ထုတ်လွှင့်သည့် ရုပ်သံသတင်းနှင့် ပတ်သက်ပြီး အမှတ် (၁၂၁) ထောက်ပို့တပ်၏ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသေးသည်။

“သူတို့လင်မယား နေနေတဲ့ခြံမှာ စစ်ကောင်စီအလိုရှိနေတဲ့ ဧည့်သည်တစ်ဦးကို မိသွားတာ။ အဲဒီကနေ သူပါ ရောဖမ်းခံရတာ။ တကယ်တမ်းကျ သူက PDF လည်း မဟုတ်ဘူး။ သတင်းအလုပ်တွေကလည်း မလုပ်တော့တာကြာပြီ”ဟု မိသားနှင့် စုနီးစပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အထက်မြန်မာပြည်သတင်းသမားအများအပြား လုပ်ငန်းလုပ်ကိုင်မှု ရပ်ဆိုင်းထားခဲ့သော်လည်း အချို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသည်။

စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနတွင် ဒုအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုပြည့်ဖြိုးအောင်၊ သတင်းထောက် ကိုမြင့်မြတ်အောင် (ခေါ်) ကိုဒီမြတ်ငြိမ်း တို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၆ ၌  ပုဒ်မ ၅၀၅(က)ဖြင့် ထောင် ၂ နှစ်စီ ချမှတ်လိုက်သည်ဟု အမှု ကူညီလိုက်ပါပေးနေသူ အထက်ပါရှေ့နေထံမှ သိရသည်။

၎င်းတို့နှစ်ဦးထဲမှာ ကိုဒီမြတ်ငြိမ်းသည် ထောင် ၃ နှစ်မှ ၁၀ နှစ်အထိ ချနိုင်သည့် အကြမ်းဖက်ပုဒ်မ ၅၂ (က) ဖြင့် စွဲဆိုထားခြင်းကို ရင်ဆိုင်နေရသည်ဟု ထိုရှေ့နေက ဆိုသည်။

အဆိုပါသတင်းဌာနမှ ကိုငြိမ်းဇော်လင်း၊ သတင်းထောက်ကိုဝဏ္ဏအောင်၊ အယ်ဒီတာချုပ် ကိုစောရန်ပိုင် တို့လည်း ဝရမ်းထုတ်ခံထားရသည်။

စစ်ကောင်စီက သတင်းသမား ၁၀၀ ထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တချို့ကို   ပြန်လွှတ်ပေးခဲ့ သည်၊  အနည်းဆုံး ၅၀ ခန့် ဆက်လက်ထိန်းသိမ်းခံထားရသည်ဟု သတင်းသမားများ ဖမ်းဆီးခံရမှုကို စာရင်းပြုစုနေသည့် Detained Journalists အဖွဲ့၏ ဇန်နဝါရီလအထိ စာရင်းအရ သိရသည်။

စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းသမားများကို ဖမ်းဆီးခြင်း မဟုတ်ဘဲ ဥပဒေချိုးဖောက်မှုများကို ကျူးလွန်၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ယမန်နှစ်အတွင်းက ပြောဆိုထားသည်။

အလားတူ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးကလည်း စည်းကမ်းနှင့် ငြိစွန်းသည့် ပြည်တွင်းမီဒီယာ တချို့ကို ပိတ်ပင်ခဲ့ကြောင်း၊ နိုင်ငံတော်အာဏာတည်မြဲရေးအတွက် ရှေးရှုရေးသားပါက လိုင်စင်ပြန်ပေး မည်ဖြစ်ကြောင်း ဂျပန်သတင်းစာတစ်စောင်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia