18 February 2022
ရန်ကုန်စီးပွားရေးတက္ကသိုလ်-ရွာသာကြီးနယ်မြေ ကျောင်းသားသမဂ္ဂ၏ ဘဏ္ဍာရေးမှူး အသက် ၂၂ နှစ်အရွယ် မယဉ်မြတ်နိုးဦး။ (ဓာတ်ပုံ-ပေးပို့)
စစ်ကောင်စီက ထောင် ၃ နှစ်ချလိုက်သည့် တက္ကသိုလ်သမဂ္ဂအဖွဲ့ဝင် မယဉ်မြတ်နိုးဦးသည် ဆူပူအောင်လှုံ့ဆော်မှု စွဲချက်နောက်တစ်ခုကို အင်းစိန်ထောင်မှပင် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
By Myanmar Now
ဖေဖော်ဝါရီ ၁၇ တွင် အင်းစိန်ထောင်တရားရုံးက ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မယဉ်မြတ်နိုးဦးကို ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ် ချလိုက်သည်။
အသက် ၂၂ နှစ်အရွယ် မယဉ်မြတ်နိုးဦးသည် အခြားအမှုတစ်ခုကိုလည်း ရင်ဆိုင်နေရသည်ဟု သိရသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်-ရွာသာကြီးနယ်မြေ ကျောင်းသားသမဂ္ဂ၏ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး၊ ဥက္ကဋ္ဌ ကိုခန့်သူအောင်၊ သမဂ္ဂအဖွဲ့ဝင် ကိုဖြိုးကျော်နိုင်၊ သမဂ္ဂအဖွဲ့ဝင်ဟောင်း ကိုမင်းဟိန်းခန့်တို့သည် ယမန်နှစ် ဧပြီ ၁၃ ညနေက တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးရှေ့တွင် အဖမ်းခံခဲ့ရသည်။
ထို့နောက် ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် တည်းခိုနေသော ရုပ်ရှင်ဒါရိုက်တာ ကိုသိန်းတန်၊ အမျိုးသမီးတစ်ဦး၊ ဂျပန်သတင်းထောက် Yuki Kitazumi တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်းတို့ ၇ ဦးကို အမှုတွဲ၍ ပုဒ်မ ၅၀၅-က ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၌ တစ်ပေါင်းတည်း တရားစွဲခဲ့ခြင်း ဖြစ်သည်။
“သူတို့ (သမဂ္ဂကျောင်းသား ၄ ဦး) က ကိုသိန်းတန်ကို သတင်းပေးတယ်။ အဲဒီသတင်းကို ကိုသိန်းတန်က နိုင်ငံခြားသတင်းဌာနတွေကို ရောင်းတယ်။ ရောင်းလို့ရတဲ့ပိုက်ဆံကို ယဉ်မြတ်နိုးဦးတို့ကို ထောက်ပံ့ပါတယ်ဆိုပြီး တရားစွဲတာ” ဟုရှေ့နေ ဦးသက်နောင်က ပြောသည်။
၎င်းတို့အနက်မှ ဂျပန်သတင်းထောက် Yuki Kitazumi ကို စစ်ကောင်စီက ဖမ်းဆီးပြီးတစ်လခန့်အကြာ မေလလယ်၌ ပြည်နှင်ဒဏ်ပေးကာ ပြန်လွှတ်ပေးခဲ့သည်။
မယဉ်မြတ်နိုးဦးကိုမူ အာဏာဖီဆန်ရေးလှုံ့ဆော်စာရွက်ကပ်သည်ဆိုကာ ပုဒ်မ ၅၀၅-က ဖြင့်ပင် တာမွေမြို့နယ်တွင် နောက်တစ်မှု ထပ်ဖွင့်ပြီး ထိုအမှုကို ၁၀ လကျော်အကြာတွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
“မင်္ဂလာတောင်ညွန့်ကအမှုကတော့ တရားလိုပြသက်သေ စစ်တုန်းပါပဲ” ဟု ရှေ့နေ ဦးသက်နောင်က ဆက်ပြောသည်။
ထောင်တွင်းချုပ်ရက်များကိုမူ တရားရုံးက ထုတ်နုတ်ခံစားခွင့်ပြုထားသည်ဟု ၎င်းထံမှ သိရသည်။
ထောင် ၃ နှစ်ချမှတ်ခံရသည့် မယဉ်မြတ်နိုးဦး ဆက်လက် ကြံ့ကြံ့ခံရပ်တည်နေသည့်အတွက် သမဂ္ဂအနေဖြင့် ဂုဏ်ယူသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်- ရွာသာကြီးနယ်မြေ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုလပြည့်က ပြောသည်။
“အားလုံးလွတ်မြောက်ဖို့ ကြိုးစားတယ်၊ ရရာနည်းလမ်းနဲ့ တော်လှန်တယ်၊ တော်လှန်ရင်း အဖမ်းခံရတယ်။ သူ့အတွက်လည်း ဂုဏ်ယူတယ်။ ကျွန်တော်တို့အနေနဲ့လည်း အပြင်မှာရတဲ့နည်းလမ်းနဲ့ လိုချင်တဲ့ပန်းတိုင် ရောက်အောင်သွားမယ်” ဟု ၎င်းက ဆိုသည်။
ဥက္ကဋ္ဌ ကိုခန့်သူအောင်သည်လည်း ထောင်အတွင်း နေမကောင်းစဉ် ဆေးကုသမှုမရခဲ့ဟု သိရကြောင်း ကိုလပြည့်က ဆက်ပြောသည်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်သို့ ဒဏ်ရာဗရပွဖြင့် ရောက်လာသည့် နိုင်ငံရေးပုဒ်မတပ်ခံရသူများ လုံလောက်သည့် ဆေးကုသခွင့်နှင့် ဆေးဝါးမရ၍ နိုင်ငံရေးအကျဉ်းသားများက ပြင်ပသို့ အကူအညီတောင်းခံရေးသားပေးပို့ထားသည့် စာတစ်စောင်ကို ကျောင်းသားသမဂ္ဂများက ဖေဖော်ဝါရီ ၁၇ ရက်နေ့က Fcacebook တွင် ဖော်ပြခဲ့သည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်-ရွာသာကြီးနယ်မြေမှ ကျောင်းသားကျောင်းသူ ၅ ဦးမှာ အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်နေရပြီး ၂ ဦးမှာ ထောင်ဒဏ်ကျခံထားရသည်ဟု ပါရှိသည်။
အာဏာသိမ်းမှုဆန့်ကျင်သူပေါင်း ၁၂၂၁၉ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၉၂၀၆ ဦးသည် ယနေ့တိုင် ဆက်လက်ထိန်းသိမ်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ သိရသည်။
စာရင်းများချဲ့ကားသည်ဟု AAPP ကို စစ်တပ်က စွပ်စွဲလေ့ရှိသော်လည်း ၎င်းတို့ဖမ်းဆီး သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ယနေ့အထိ စာရင်းထုတ်ပြန်ခြင်းမရှိပေ။
အာဏာသိမ်းမှု တစ်နှစ်ကျော်လာပြီဖြစ်သော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို စစ်တပ်က ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးသတ်ဖြတ်နေသည့်ကြားက လူငယ်များက ဦးဆောင်အန်တုနေကြဆဲ ဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.