17 February 2022
၁၉ နှစ်အရွယ် မအိခြူးခြူးမော်နှင့် အသက် ၂၀ အရွယ် မလင်းလက်ကြည်။ (ဓာတ်ပုံ – Supplied)
ထားဝယ်ထောင်တွင်းတရားရုံးက အသက် ၂၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသူနှစ်ဦး PDF ကို ငွေလှူသည်ဟု စွဲချက်တင်ပြီး အကြမ်းဖက်ပုဒ်မနှင့် အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်လိုက်သည်။
By Myanmar Now
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှ တက္ကသိုလ်ကျောင်းသူ ၂ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ငွေကြေးထောက်ပံ့မှုဖြင့် ထားဝယ်ထောင်တွင်းတရားရုံးတွင် ထောင် ၇ နှစ်စီ ချခံရသည်ဟု သိရသည်။
၁၉ နှစ်အရွယ် မအိခြူးခြူးမော်နှင့် အသက် ၂၀ အရွယ် မလင်းလက်ကြည်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ခ) ဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) ညနေတွင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသမီးငယ် ၂ ဦးသည် ယမန်နှစ် ဇွန်လအတွင်း စစ်ဘေးရှောင်များကို KBZ Pay မှတစ်ဆင့် ကျပ် ၅၀၀၀ စီ လှူဒါန်းခဲ့ကြောင်း၊ PDF ကို ငွေလှူသည် (ထောက်ပံ့သည်) ဟု စစ်ကောင်စီက စွပ်စွဲ၍ ထောင်ချခဲ့ခြင်းဖြစ်ကြောင်း DPPN ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“စစ်ဘေးရှောင်ဆိုတာ သာမန်ပြည်သူတွေပဲဗျာ။ ပြည်သူတွေ အဆင်ပြေပါစေဆိုတဲ့ စိတ်နဲ့ လှူတာပေါ့။ အဲဒါကိုမှ အဲဒီလိုပုဒ်မတွေ မတရားတပ်ပြီးတော့ ထောင်ချတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲဆိုတော့ အရမ်းကို ရွံမုန်းတယ်ပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ထို DPPN အဖွဲ့သည် နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် နည်းမျိုးစုံဖြင့် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူများနှင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။
မအိခြူးခြူးမော်မှာ ထားဝယ်တက္ကသိုလ်တွင် အင်္ဂလိပ်စာ ပထမနှစ်တက်ရောက်နေသူဖြစ်ပြီး မလင်းလက်ကြည်မှာ နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးရေးတက္ကသိုလ် ပထမနှစ်တက်ရောက်နေသူ ဖြစ်သည်။
ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများဘက်မှ ယမန်နှစ် အောက်တိုဘာအထိသာ ရှေ့နေများ အမှုလိုက်ပါဆောင်ရွက်ပေးခဲ့ကြကြောင်း DPPN ၏တာဝန်ခံ ထိုအမျိုးသားက ပြောသည်။
“ဘယ်ရှေ့နေမှလည်း မလိုက်ရဲဘူး။ အဲဒီလိုပုဒ်မတွေက။ အဲဒီလိုလိုက်ပေးတဲ့ ရှေ့နေတွေကို အားပေးကူညီမှုနဲ့ တရားစွဲမယ် ဘာညာ အဲဒီလိုသတင်းတွေပါ ကြားလာရတော့ မလိုက်ပေးကြတော့ဘူးဗျ။ ရှေ့နေမပါဘဲနဲ့ (အမှု) ရင်ဆိုင်နေရတာပါ” ဟု သူက ဆိုသည်။
ထိုလူငယ် ၂ ဦးကို ယမန်နှစ် နိုဝင်ဘာ ၅ တွင် ထားဝယ်မြို့မှ ၂၂ မိုင်အကွာ မေတ္တာမြို့နယ်ရှိ ဟိန္ဒားပြင်ကျေးရွာနှင့် ဟိန္ဒားကျေးရွာရှိ ၎င်းတို့၏ နေအိမ်များ၌ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုတက္ကသိုလ်ကျောင်းသူနှစ်ဦးကို ယမန်နှစ် နိုဝင်ဘာ ၁၉ တွင် ထားဝယ်ထောင်သို့ ပို့လိုက်ကြောင်း ဒေသအခြေစိုက် Dawei Watch သတင်းဌာနတွင်လည်း ဖော်ပြထားသည်။
၎င်းတို့၏ မိသားစုဝင်များထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း လုံခြုံရေးစိုးရိမ်သဖြင့် မဖြေဆိုလိုကြောင်း တုံ့ပြန်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ (ခ) အရ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
လတ်တလောတွင် စစ်ကောင်စီက ၎င်းတို့ကို လက်နက်ကိုင် ပြန်ခုခံနေသော PDF များထံ ငွေကြေးမစီးဆင်းနိုင်ရေးအတွက် PDF ထောက်ပံ့သူဟု သံသယရှိပါက အကြမ်းဖက်ပုဒ်မတပ်ကာ ထောင်နှစ်ရှည်ချမှတ်နိုင်ရန် ကြိုးပမ်းနေသည်။
DPPN ၏ ၂၀၂၂ ဖေဖော်ဝါရီ ၁၆ အထိ နောက်ဆုံးစာရင်းများအရ ထားဝယ်အကျဉ်းထောင်တွင်းတရားရုံးက နိုင်ငံရေးမှုဖြင့် ထောင်ချခဲ့သော အမျိုးသမီး ၃၀ ခန့်နှင့် အမျိုးသား ၁၅၀ ခန့်ရှိကြောင်း သိရသည်။
ထားဝယ်မြို့ဆန္ဒပြပွဲ ဦးဆောင်သူ အသက် ၃၈ နှစ်အရွယ် ကိုထွန်းဦးမှာလည်း ယမန်နှစ် စက်တင်ဘာ ၂၄ ကတည်းက ဖမ်းဆီးခံထားရပြီး ပုဒ်မ ၉ ခုဖြင့် အမှုဖွင့်ခံရကာ လတ်တလောတွင် ပုဒ်မ ၇ ခုဖြင့် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရသည်။
၎င်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၄ နှင့် သေဒဏ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ) /၃၄ ကို ဆက်အမှုရင်ဆိုင်နေရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.