တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံ အတိုက်ခံရပြီးနောက် ရွာသား ၂၄ ဦး အဖမ်းခံရ

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံ အတိုက်ခံရပြီးနောက် ရွာသား ၂၄ ဦး အဖမ်းခံရ

ရန်ကုန်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့ရသော အာဏာသိမ်းမှုဆန့်ကျင်သူများ။  

နွားထိုးကြီးမြို့ ပိုက်လိုင်းထိန်းချုပ်စက်ရုံပစ်ခတ်ခံရပြီးနောက် စစ်တပ်က နနွင်းတော်ဘိုးရွာမှ NLD ထောက်ခံသူ အများအပြားကို သွားရောက် ဖမ်းဆီးလိုက်သည်။

By Myanmar Now

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ တရုတ်- မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံ တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင် ရွာတစ်ရွာကို စစ်ကောင်စီတပ်က ဝင်စီးပြီး ရွာသား ၂၄ ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

နွားထိုးကြီးမြို့နှင့် မြင်းခြံမြို့ကြားတွင် တည်ရှိသည့် အိမ်ခြေ ၈၀၀ ကျော်ရှိသော နနွင်းတော်ဘိုးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က ဖေဖော်ဝါရီ ၁၅၊ နံနက် ၅ နာရီခန့်တွင် ရောက်လာခဲ့သည်ဟု ရွာသူရွာသားများက တညီတညွတ်တည်း ပြောကြသည်။

မြင်းခြံ-မန္တလေးကားလမ်းဘေးရှိ အဆိုပါ ရွာအတွင်းသို့ ရောက်လာသည့် ၎င်းတို့ထံတွင် ဖမ်းရမည့် လူစာရင်း ပါလာဟန်ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

“မိုးမလင်းခင် ရွာရဲ့အရှေ့ဖျားကနေ အိမ်တွေကို တံခါးပေါက်တွေ ခြေထောက်နဲ့ ပိတ်ကန်ပြီးတော့၊ ပုံစံ ၆၆ (သန်းခေါင်စာရင်း) တွေ၊ မှတ်ပုံတင်တွေ ပြခိုင်းပြီးတော့ သူတို့လိုချင်တဲ့နာမည်နဲ့ ခေါ်သွားလိုက်တာ။ NLD ထောက်ခံထားတဲ့ အိမ်တွေချည်းပဲ ဝင်တာ” ဟု နနွင်းတော်ဘိုးရွာမှ ထိုအမျိုးသမီးက ပြောပြသည်။

အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၉ ဦးကို “အဘက ဆွေးနွေးချင်လို့ပါ” ဟု ပြောဆိုပြီး ရွာလယ်ရှိ ဓမ္မာရုံသို့ ခေါ်သွားကြောင်း၊ ထို့နောက် မေးမြန်းဆွေးနွေးခြင်း မရှိဘဲ စစ်ကားဖြင့် တင်သွားကြောင်း ရွာသားများထံမှ သိရသည်။

PDF များကို ထောက်ပံ့ကူညီသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ၂၄ ဦးစလုံး၏ အမည်များကိုလည်း ရွာသားများက Myanmar Now ကို ပြောပြထားသည်။

(အမည်များကို သတင်းအဆုံးတွင် ကြည့်နိုင်ပါသည်)

ကနဦးတွင် ဖမ်းခေါ်သွားရန် အစီအစဉ်ရှိပုံမရဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“ရွာက ဓမ္မာရုံမှာ နေပူဆာလှုံခိုင်းပြီး ကျန်တဲ့သူတွေကို ပတ်ရှာသေးတာ။ မနက် ၉ နာရီလောက်ကျတော့ ‘အိမ်ပြန်၊ အိမ်ပြန်…အဝတ်ထုပ်တွေ၊ အနွေးထည်တွေယူ၊ ရေဘူးတွေ၊ ဆေးတွေကောပေါ့နော်၊ ယူခိုင်းပြီးတော့ သူတို့ကားကြီးပေါ် ပြန်တက်ခိုင်းပြီး ခေါ်သွားတာ” ဟု သူက ပြောသည်။

“PDF တွေကို ထောက်ပံ့တယ်ပေါ့နော်၊ ဒါမှမဟုတ် PDF တွေပေါ့။ အဲ့လိုမျိုးကြီး ပြောသွားတာ”

ထိန်းချုပ်စက်ရုံ အတိုက်ခံရမှု၊ နနွင်းတော်ဘိုးရွာသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ယနေ့ ညနေပိုင်းထိ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန်လည်း  Myanmar Now က သူနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

တရုတ်နိုင်ငံနှင့် ဆက်စပ်သည့်နေရာ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီက ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်ဟု ထိုစက်ရုံကို တိုက်ခိုက်ခဲ့သော နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

“သူတို့ရဲ့ တပ်မတော်သားတွေထိတာကို အဲ့လောက်မဟုတ်ဘဲနဲ့ ဓာတ်ငွေ့ပိုက်လိုင်းထိလို့ ဒီလောက် အင်အားအလုံးအရင်းနဲ့ ဖိတယ်လို့တော့ ထင်တာပဲ” ဟု ကိုတွံတေးဟု သူ့ကိုယ်သူ မိတ်ဆက်သော နွားထိုးကြီးမြို့နယ် PDF တာဝန်ခံက ပြောသည်။

“ပုံမှန်အချိန် မိုင်းဆွဲတာဆိုလည်း ခဏခဏ သေတယ်လေ။ ဒါပေမဲ့ အခုလောက်ကြီးမှ မဖိတာ”

ဖမ်းဆီးခံထားရသူများကို တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များက ယနေ့ ညနေပိုင်းတွင် ပြောသည်။

အဖမ်းခံရသူများအနက် အသက်အကြီးဆုံးမှာ ဦးကြည်ဝင်းဟု ခေါ်သည့် အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်ပြီး အသက်အငယ်ဆုံးမှာ ၂၆ နှစ်အရွယ် မနှင်းနုလွင် ဖြစ်သည်။

ထို့ပြင် အသက် ၅ နှစ်နှင့် ၆ နှစ်အရွယ် သမီးငယ်နှစ်ဦး၏ မိခင်ဖြစ်သူ မခင်နန်းနွယ်လည်း အဖမ်းခံရသည်။

အများစုမှာ အသက် ၅၀ ကျော်နှင့် ၆၀ ကျော်အရွယ် တောင်သူများဖြစ်ကြကြောင်း၊ ထိုအထဲတွင် ကားမောင်းသူ အမျိုးသားတစ်ဦးနှင့် ရွာတွင် ဈေးရောင်းသည့် ဇနီးမောင်နှံနှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံသူ ထက်ဝက်စီ ရှိကြသည်ဟု ဆိုသည်။

ဖမ်းဆီးခံမိသားစုဝင်များ၏ ဆန္ဒအရ အာမခံဖြင့် ပြန်လွတ်လာရေးအတွက် ရွာအုပ်ချုပ်ရေးမှူး ဦးကံကြီးမောင်က မြင်းခြံမြို့နယ်ရဲစခန်းမှူးထံ ယမန်နေ့က ဖုန်းဆက်သော်လည်း အာမခံပေး၍မရဟု အကြောင်းပြန်ကြောင်း ရွာသားများက ပြောသည်။

အာဏာသိမ်းမှု ဆန့်ကျင်သူများ အနိုင်ရပါမှ စစ်ကောင်စီတပ်၏ရန်မှ လွတ်မည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“အမြန်ဆုံး အရေးတော်ပုံအောင်ချင်တာပဲ သိတယ်။ အောင်မှပဲ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမှာ” ဟု နနွင်းတော်ဘိုးရွာမှ အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။

ဖမ်းဆီးခံရသည့် အမျိုးသမီး ၉ ဦး

—————–

၁) ဒေါ်သန်းရီ

၂) ဒေါ်ဌေးဝင်း

၃) မအေးသိန်း

၄) မတင်မြင့်

၅) မနှင်းနုလွင်

၆) မနန်းနုထွေး

၇) မအေးမိုးလှိုင်

၈) မခင်နန်းနွယ်

၉) မကွင်းရီ

အမျိုးသား ၁၅ဦး

——————–

၁) ဦးငြိမ်းရွှေ

၂) ဦးကြည်ဝင်း

၃) ဦးအောင်မင်း

၄) ဦးရင်ခိုင်

၅) ဦးချိုတူး

၅) ဦးတင်ထွန်းလင်း

၇) ဦးသုခိုင်ဝင်း

၈) ဦးသန်းထွန်းဇော်

၉) ဦးအေးထွန်း

၁၀) ဦးအောင်စိုး

၁၁) ဦးဝင်းကို

၁၂) ဦးမြင့်သန်း

၁၃) ဦးအောင်ကြီး(ခ) အောင်လှိုင်ဝင်း

၁၄) ဦးဝင်းစိုး

၁၅) ဦးဖိုးအောင်


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia