ထောင်ချောက်ဆင် အဖမ်းခံရသည့် ရန်ကုန်မှ လူငယ်အတွက် မိသားစု စိုးရိမ်နေ

ထောင်ချောက်ဆင် အဖမ်းခံရသည့် ရန်ကုန်မှ လူငယ်အတွက် မိသားစု စိုးရိမ်နေ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်က ဖမ်းဆီးခံခဲ့ရသူ ကိုအောင်သူဟိန်း (ခ) အောင်ဟိန်း။ (ဓာတ်ပုံ – ပေးပို့)  

ဒဂုံမြို့သစ်မြောက်ပိုင်းနေအိမ်တွင် ကိုအောင်သူဟိန်းနှင့် အခြား ၃ ဦး ဖမ်းဆီးခံရပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ထိုအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

By Myanmar Now

ဖေဖော်ဝါရီ ၈ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ကိုအောင်သူဟိန်း(ခ)အောင်ဟိန်း အတွက် မိသားစုနှင့် မိတ်ဆွေများက စိုးရိမ်နေကြသည်။

ထိုနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ဂန္ဓမာလမ်းရှိ နေအိမ်တစ်လုံးကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး ၃၁ နှစ်အရွယ် ကိုအောင်သူဟိန်းအပါအ၀င် ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ နာမည်ကျော် ရေကြည်အိုင်  စစ်ကြောရေးစခန်းသို့ ရောက်သွားပြီဟု ယူဆရကြောင်း သူနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“သူ့ကို ဖမ်းသွားတယ်ကြားကတည်းက စိတ်ပူနေကြတာ။ တွေးပြီးလည်း စိတ်မကောင်းဘူး။ စစ်ကြောရေးရောက်နေတော့ ပိုစိုးရိမ်တယ်။ သူက အရင်က ပရဟိတတွေဘာတွေလည်း လုပ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းက ပြောသည်။

ကိုအောင်သူဟိန်းနှင့်အတူ ဖမ်းဆီးခံရသည့် အခြားသုံးဦးမှာ အမျိုးသမီးတစ်ယောက်၊ အမျိုးသားနှစ်ယောက်ဖြစ်ပြီး မည်သူမည်ဝါမှန်း တိတိကျကျ မသိရကြောင်း ၎င်းကပြောသည်။

ကိုအောင်သူဟိန်း၏ လုပ်ဖော်ကိုင်ဖက်တချို့ ဖမ်းဆီးခံထားရပြီး စစ်ကောင်စီက ထိုသူများကို အသုံးချကာ ကိုအောင်သူဟိန်းကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သည်ဟု ယုံကြည်ရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ထိုနေ့က ဖမ်းဆီးခံထားရသူများထံမှ ကိုအောင်သူဟိန်းသို့ ပေးပို့သည်ဆိုသော ပစ္စည်းတချို့ ရောက်လာရာတွင် ပါ၀င်သည့် လက်ကိုင်ဖုန်းအတွင်း တည်နေရာကို ခြေရာခံနိုင်သည့်စနစ် ထည့်သွင်းထားခြင်းကြောင့် စစ်ကောင်စီ ထောက်လှမ်းရေးက အလွယ်တကူရောက်လာခြင်း ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

“အိမ်ပြန်ရောက်တော့ သိလိုက်တယ်။ ဖုန်းကိုစစ်လိုက်တဲ့အခါကျတော့ ဒီမှာ ဒါပါနေတယ်ပေါ့။ သုံးနာရီခွဲလောက်မှာ စပါလာမှန်း သူသိတယ်။ သိပြီး လှမ်းမေးနေရင်းနဲ့ပဲ လေးနာရီမှာ ရောက်ချလာတာ။ နာရီဝက်အတွင်းပဲ ရောက်ချလာတာ” ဟု ၎င်းကပြောသည်။

ပရဟိတသမားတစ်ဦးဖြစ်သည့် ကိုအောင်သူဟိန်းသည် ကိုဗစ်တတိယလှိုင်းကာလတွင် လူနာများ အောက်ဆီဂျင်ရရှိရေး ကူညီပေးခဲ့သူလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီကမူ ကိုအောင်သူဟိန်း ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖမ်းဆီးပြီးနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကို  အာဏာသိမ်းစစ်ကောင်စီတပ်က မိသားစု၀င်များကို အကြောင်းကြားလေ့ မရှိသလို စစ်ဆေးမေးမြန်းစဉ် အလွန်အကျွံ နှိပ်စက်သဖြင့် အများအပြားသေဆုံးခဲ့ပြီး ဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ သံသယရှိသူကို တွေ့သည့်နေရာတွင် ဖမ်းဆီး၊ ပစ်ခတ် သတ်ဖြတ်လေ့ရှိရာ ၉၀၈၇ ဦး ဆက်လက် ထိန်းသိမ်းခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ၏ ဖေဖော်ဝါရီ ၁၁ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်လက်ချက်ဖြင့် အရပ်သား ၁၅၄၇ ဦးထက်မက သေဆုံးခဲ့ရသည်ဟု AAPP က လက်လှမ်းမီသမျှ စုံစမ်းမှတ်တမ်းတင်ထားသည်။

စစ်တပ်ဘက်က ၎င်းတို့၏လက်ချက်ဖြင့် သေဆုံးရသူအရေအတွက်ကို ထုတ်ပြန်လေ့မရှိသလို AAPP ၏ စာရင်းမှားသည်ဟု တုံ့ပြန်လေ့ရှိသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia