Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရသဖြင့် မြေအငှားချသူ အဖမ်းခံရ

Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရသဖြင့် မြေအငှားချသူ အဖမ်းခံရ

အာဏာသိမ်းရန် ၂ ရက်အလိုက ရန်ကုန် Mytel ရုံးရှေ့တွင်တွေ့ရသော တပ်ထောက်ခံသူများ (ဓာတ်ပုံ – EPA)

နတ်မောက်မှ Mytel တိုင် မီးရှို့ခံရသည့် နံနက်တွင် စစ်သားတို့က ထိုတိုင်စိုက်ခွင့်ပြုထားသည့် မြေပိုင်ရှင်ကို ဖမ်းလိုက်သည်။ ဖမ်းသည့်အကြောင်းရင်း မသိရသေးပေ

By Myanmar Now

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပေပင်ကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး နာရီပိုင်းအကြာတွင် ထိုတိုင်၏ မြေကွက်ပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီးသွားပြီး ပြန်မလွတ်သေးကြောင်း ဒေသခံရွာသားနှင့် Mytel အင်ဂျင်နီယာကပြောသည်။

Mytel တာဝါတိုင် ဖေဖော်ဝါရီ ၅ နံနက် ၁ နာရီ ၁၅ ခန့်တွင် ဖျက်ဆီးခံရပြီး အသက် ၃၀ ကျော်အရွယ် ကိုဝင်းခိုင်ကို မိုးလင်းချိန်တွင် စစ်တပ်က ဖမ်းသွားခြင်းဖြစ်ကြောင်း ပေပင်ကုန်းရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“သူက တဖက်ရွာ(ညောင်ပင်လှရွာ) အလှူကနေ စက်လှေနဲ့ မိုးလင်းတော့ ချောင်းကူးပြီး ပြန်လာတာ။ အဲဒါ ဆရာတွေ(စစ်သား)က လာတော့ သူကနေ ရိုးရိုးသားနဲ့ သွားပြီးတော့တွေ့တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

“သူကတော့ ရိုးရိုးသားသားပေါ့၊ သူ့မှာတော့ အပြစ်မရှိလောက်ဘူးပေါ့။ တွေ့လိုက်တဲ့အချိန်မှာ သူ့ကိုပဲ ကောက်ချက်ချလိုက်တဲ့သဘော”

ကလေးနှစ်ယောက်အဖေ ကိုဝင်းခိုင် အဖမ်းခံရပြီး ၅ ရက်အကြာတွင် ရွာမှ ၆ မိုင်ခန့်ဝေးသော စိုင်ကောင်းရွာ ရဲကင်းစခန်းတွင် ချုပ်ထားသည်ဟု သတင်းရသော်လည်း မည်သည့်ပုဒ်မနှင့် အမှုဖွင့်ခံထားရသည်ကို မသိရကြောင်း၊ ရွာသူရွာသားတို့မှာလည်း တာဝါတိုင်အနီးသို့သွားလေ့ မရှိကြောင်း အသက် ၃၀ အရွယ် အဆိုပါဒေသခံက ဆိုသည်။

“မီးရှို့ဖို့နေနေသာသာ ပြောရရင် ကျွန်တော်တို့ဘက်ကလူတွေက ဘက်ထရီတောင်မှပဲ ညှပ်လို့ရှိရင် ဓာတ်လိုက်မှာကြောက်တာတွေ အများကြီးပါ” ဟု ပေပင်ကုန်းရွာသားက ပြောသည်။

“ကျွန်တော်တို့လည်း စိတ်မကောင်းတာကလွဲလို့ ဘာမှလည်း မပြောတတ်ဘူးလေ”

၂၀၁၇ မှစ၍ ကိုဝင်းခိုင်က မြေငှားခ ၁ နှစ် ၁၈ သိန်းဝန်းကျင် ရရှိသည်ဟု သိရကြောင်း၊ စာချုပ်ပါစည်းကမ်းများကိုမူ အသေးစိတ်မသိရကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိသော ပေပင်ကုန်းကျေးရွာသည် နတ်မောက်မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်တွင် ရှိသည်။

နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) က ထိုရွာမှ တာဝါတိုင်ကို ၎င်းတို့ ဖျက်ဆီးခဲ့ကြောင်း ထိုနေ့မှာပင် သတင်းထုတ်ပြန်ထားသည်။

Mytel ကုမ္ပဏီမှ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတစ်ဦးက Mytel တိုင် ဖျက်ဆီးခံရလျှင် မြေပိုင်ရှင်ကို ဖမ်းမည်ဟု နေရာတချို့တွင် စက်တင်လလယ်ပိုင်းကတည်းက ခြိမ်းခြောက်မှု ရှိနေခဲ့သော်လည်း ဖမ်းဆီးသည့် သတင်းကို ယခုမှ ကြားဖူးကြောင်း ပြောသည်။

“Mytel က မခြိမ်းခြောက်ဘူး၊ စစ်တပ်က ခြိမ်းခြောက်တာ။ ကိုယ့်မြေထဲမှာရှိတဲ့ တာဝါတိုင်ကို လုံခြုံရေး ယူပေးရမယ်ပေါ့၊ တစ်ခုခုဖြစ်ရင် ပိုင်ရှင်တွေက တာဝန်ယူရမယ် ပြောတာ။ သူတို့စပြီး လုံခြုံရေး လိုက်ယူကတည်းက”ဟု ၎င်းက ပြောသည်။

ယခုဖြစ်ရပ်ကြောင့် လုပ်ငန်း ပိုမို ထိခိုက်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“မဖြစ်သင့်ဘူးလေ၊ စာချုပ်ထဲမှာလည်း တာဝါတိုင်ကို စောင့်ရှောက်ရမယ် မပါသလို၊ အခုလိုကာလမှာ ဘယ်သူမှ အဲဒီတာဝါတိုင်နား မကပ်ချင်ဘူး။ စစ်တပ်က ဂရုစိုက်ရမယ်ဖိအားပေးတာကို လွန်လှပြီ” ဟု အမည်မဖော်လိုသော အထက်ပါ အင်ဂျင်နီယာက ပြောသည်။

“ရွာတွေက လက်မခံဘူးဆိုရင် အဲဒီတာဝါတိုင်ရဲ့ Operation ပါ ရပ်သွားနိုင်တယ်။ အဲဒီအတိုင်း ဘယ်သူသွားရဲမလဲ။ ဘယ်သူမှ မသွားရဲရင် အဲဒီတိုင်တွေရဲ့ Operation ရပ်ပြီ”

အလားတူပင် Mytel ကို စွန့်ခွာ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင်ပါဝင်နေသော လုပ်သက် ၂ နှစ်ခွဲရှိ အင်ဂျင်နီယာတစ်ဦးကလည်း တာဝါတိုင် ဖျက်ဆီးခံရသဖြင့် မြေပိုင်ရှင်ကို ဖမ်းသည့်လုပ်ရပ်မှာ လုံးဝ မသက်ဆိုင်ဟုဆိုသည်။

ဖျက်ဆီးခံလိုက်ရသော Mytel တာဝါတိုင်အတွက် မြေငှားပေးထားသူ ဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက ၆ ရက်ကြာသည်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်အဖွဲ့ဝင်များထံလည်း Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

Mytel တိုင်ဖျက်ဆီးခံရသော ပေပင်ကုန်းကျေးရွာမှ ၅ မိုင်ခန့်အကွာရှိ အနီးဆုံးတပ်မှာ စစ်ကောင်စီ၏ ပင်မစစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ်(ပပန) ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ပစ်မှတ်ထားဖျက်ဆီးခံနေရသော Mytel တာဝါတိုင်များ၏ ပိုင်ရှင်ဖြစ်သူမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီး ဒေါ်ခင်သီရိသက်မွန်ပိုင်သော Pinnacle Asia ကုမ္ပဏီဖြစ်သည်။

ထို့ကြောင့် အာဏာသိမ်းမှုဆန့်ကျင်သူများက Mytel တာဝါတိုင်များကို ဖြိုချ ဖျက်ဆီးခြင်းက စစ်အုပ်စု၏ ဝင်ငွေရ ဒေါက်တိုင်စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ခိုင်ခိုင်မာမာယုံကြည်ထားကြသလို တာဝါတိုင်မှ ရလာသည် ပစ္စည်းများဖြင့်လည်း လက်နက်များ ထုတ်လုပ်နေကြသည်ဟု ဆိုသည်။

နိုင်ငံအနှံ့ Mytel တာဝါတိုင် ၁၂,၀၀၀ ကျော်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလကုန်အထိ တိုင်ပေါင်း ၃၆၀ အဖျက်ခံရသည်။ ဒေါ်ခင်သီရိသက်မွန်၏ Pinnacle Asia ကုမ္ပဏီပိုင် တာဝါတိုင် ၃ ရာခိုင်နှုန်း ဖျက်ဆီးခံထားရခြင်းဖြစ်သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia