12 February 2022
694 Civil Society Organizations
“အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များကို တာဝန်ယူ ကာကွယ်ပေးခြင်း မရှိဘဲ အကြမ်းဖက်စစ်အုပ်စု နောက်ကွက်က ပါဝင်နေသည့် ကုမ္ပဏီအား တယ်လီနော မြန်မာကို ရောင်းချခြင်းသည် အသုံးပြုသူများအား အကြမ်းဖက်စစ်အုပ်စု၏ လူသတ်ကွင်းအတွင်း တွန်းပို့ရာ ရောက်သလို၊ အကျိုးအမြတ်သည်လည်း စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အားပေးရာ ရောက်သဖြင့် ရောင်းချမှုကို ချက်ချင်းရပ်တန့်ရန်၊ အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက် လုံခြုံမှုကို အပြည့်အဝ တာဝန်ခံရန်၊ တောင်းဆိုမှုများကို ထည့်သွင်း စဥ်းစားခြင်း မရှိခဲ့ပါက အသုံးပြုသူများအပေါ် ကျရောက်လာနိုင်သည့် စစ်အုပ်စု၏ အကြမ်းဖက်မှု အားလုံးအတွက် တယ်လီနောက တာဝန်ခံရန် တို့ ပါဝင်သည့် ထုတ်ပြန်ချက် တစ်ရပ်ကို အမည်မဖော်ပြနိုင်သည့် အဖွဲ့ ၁၄၉ ဖွဲ့ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းပေါင်း (၆၉၄) က လက်မှတ်ထိုးကာ နော်ဝေး အခြေစိုက် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီအား အလေးအနက် တောင်းဆိုလိုက်သည်။”
၁။ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည့် Myanmar Now သတင်းအရ တယ်လီနော မြန်မာ ကုမ္ပဏီ (Telenor Myanmar) ကို အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်စပ်နေသည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ရွှေဗျိုင်းဖြူက အစုရှယ်ရာ အများစု ပိုင်ဆိုင်မည့် Investcom ကုမ္ပဏီအား ဖေဖော်ဝါရီလ ၁၅ ရက်မတိုင်ခင် အပြီးရောင်းချရန် စီစဥ်နေကြောင်းသိရှိရသည်။
၂။ အဆိုပါ သတင်းဖော်ပြချက်အရ Investcom ၏ ရှယ်ရာ အများစုပိုင်ရှင်ဖြစ်သည့် ရွှေဗျိုင်းဖြူ စီးပွားရေး လုပ်ငန်းစုသည် ၁၉၉၀ ခုနှစ်များကတည်းပင် ၄င်းတို့၏ အစောပိုင်း စီးပွားရေး လုပ်ငန်းများ စတင်ခဲ့ပြီး အဆက်ဆက်သော စစ်အစိုးရများ လက်ထက်များတွင် စစ်တပ်ပိုင် လုပ်ငန်းများအတွက် လောင်စာဆီ ဝယ်ယူ တင်သွင်းရောင်းချမှုများနှင့် ကျောက်မျက် တူးဖော်ခြင်းများ အပါအဝင် လုပ်ငန်းအများအပြား လုပ်ကိုင်ခွင့် ရရှိခဲ့သည် ခရိုနီလုပ်ငန်းတစ်ခုဖြစ်သည်။ ရွှေဗျိုင်းဖြူ ၏ ဥက္ကဌ ဖြစ်သူ ဦးသိန်းဝင်းဇော်သည် Mahar Yoma Public Company တွင် ဒါရိုက်တာတစ်ဦး အဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းပိုင်းအထိ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ Mahar Yoma သည် Myanmar National Telecom Holdings Public Company Limited ၏ အဓိက ရှယ်ရာရှင် တစ်ဦး ဖြစ်ပြီး၊ အဆိုပါ MHTH သည် အကြမ်းဖက်စစ်အုပ်စုက အဓိက ရှယ်ရာများ ပါဝင်သည့် MyTel ဆက်သွယ်ရေး ကုမ္ပဏီတွင် ရှယ်ရာပါဝင်ထားသည်။ ရွှေဗျိုင်းဖြူ လုပ်ငန်းတစ်ခုကို ရွှေဗျိုင်းဖြူ တယ်လီကွန်း ကုမ္ပဏီအဖြစ် အမည်ပြောင်းလဲ မှတ်ပုံတင်ပြီး ၂ ပတ် အတွင်းနှင့် Investcom Pte Ltd ထံမှ ရှယ်ရာ မဝယ်ယူခင် ရက်ပိုင်း အလိုကြမှသာ အဆိုပါ Mahar Yoma ကုမ္ပဏီ ဒါရိုက်တာရာထူးမှ နှုတ်ထွက်ခဲ့သည်ကို ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်တမ်းများအရ သိရသည်။ သို့ဖြစ်ရာ ရွှေဗျိုင်းဖြူ အနေဖြင့် လက်ရှိ US၊ UK၊ နှင့် EU စီးပွားရေး ပိတ်ဆို့ခံထားရသည့် အကြမ်းဖက် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ နှင့် ဆက်စပ်မှုများကို ခြေရာဖျောက်ကာ၊ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန်အတွက် အကွက်ချ လုပ်ဆောင်ခဲ့သည်ဟု သုံးသပ်ရသည်။ ယခု တယ်လီနော မြန်မာ ကုမ္ပဏီအား ၄င်းတို့ ကုမ္ပဏီသို့ ရောင်းချခြင်းကို အကြမ်းဖက် စစ်အုပ်စု၏ နောက်ကွယ်မှ အကွက်ချ စီစဥ်မှု အဖြစ် သုံးသပ်နိုင်ပါသည်။
Investcom Pte Ltd ၏ ကျန်ရှယ်ရာများကိုလည်း အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်စပ်သည့် လက်ဘနွန် နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် M1 ၏ လုပ်ငန်းခွဲ တစ်ခုကပိုင်ဆိုင်သည်။ အဆိုပါလုပ်ငန်းခွဲသည် အခွန်ရှောင်မှုများ မေးခွန်းထုတ်စရာ ရှိသည့် စီးပွားရေး လုပ်ငန်းများ အခြေစိုက် လေ့ရှိသည့် Caysman Island တွင် မှတ်ပုံတင်ထားသည်။ ထို့အပြင် ရွှေဗျိုင်းဖြူ လုပ်ငန်းစု၏ ဥက္ကဌ ဦးသိန်းဝင်းဇော်၏ ဇနီးဖြစ်သူ လုပ်ငန်းစု၏ လက်ရှိအုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဒေါ်တင်လတ်မင်း သည်လည်း ဥရောပသမဂ္ဂက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားသည့် သစ်လုပ်ငန်း တစ်ခုဖြစ်သည့် Forest Products Joint Venture Corporation တွင် အစုရှယ်ရာဝင် ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။
၃။ တယ်လီနောအနေဖြင့် ၎င်းတို့ မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချပါက အသုံးပြုသူ ၁၈ သန်းကျော်၏ ဆင်းကဒ် မှတ်ပုံတင်ခြင်းတွင် ဖြည့်သွင်းရသည့် အချက်အလက်များ (Sim card registration data)၊ အသုံးပြုသူများ၏ ဖုန်းခေါ်ဆို အသုံးပြုမှု၊ အင်တာနက်သုံးစွဲမှု မှတ်တမ်းများ မည်သည့်နေရာက သုံးစွဲခဲ့သည် ဆိုသည့် မှတ်တမ်းများအပါအဝင် ဖုန်းနံပါတ် အသုံးပြုသော mobile banking အသုံးပြုမှုများ၊ wave money ကဲ့သို့ ငွေသွင်း ငွေလွှဲ မှတ်တမ်းများ စသည်တို့ ပါဝင်နိုင်သည့် သိမ်းဆည်းထားသော အသုံးပြုမှု မှတ်တမ်းများ (historical activity record) များအပေါ် ၎င်းတို့ ဆောင်ရွက်ထားသော အခြေအနေများနှင့် ပတ်သက်၍ အများပြည်သူအား အသိပေးထားခြင်းလည်း မရှိပေ။
၄။ သို့ဖြစ်ရာ Investcom Pte Ltd အား ရောင်းချခြင်း အတည်ဖြစ်ခဲ့ပါက မြန်မာနိုင်ငံရှိ ၁၈ သန်းကျော်သော တယ်လီနော သုံးစွဲသူများ၏ အထက်ဖော်ပြပါ ဆက်သွယ်ရေး အချက်အလက်များသည် ၎င်းကုမ္ပဏီ၏ နောက်ကွယ်ရှိ အကြမ်းဖက်စစ်အုပ်စုလက်ထဲသို့ ရောက်ရှိပြီး၊ သုံးစွဲသူအားလုံးနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် ဆက်စပ်သူများ ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်ခံရခြင်း အပါအဝင် မခန့်မှန်းနိုင်လောက်အောင်ပင် ဆိုးရွားသည့် အကြမ်းဖက်မှုများ ကြုံတွေ့ ခံရနိုင်သည့် အန္တရာယ်များစွာ ရှိနေပါသည်။
၅။ ထို့အပြင် အာဏာသိမ်းရန် ကြိုးပမ်းမှု မတိုင်မှီ ၂၀၂၀ ခုနှစ်တွင် တစ်နှစ်အတွင်း ဝင်ငွေ ၄.၀၅၅ ဘီလီယံ Norwegian kroner (ဒေါ်လာ ၄၆၃.၉၅ သန်း) ရှိခဲ့ပြီး Telenor Group တစ်ခုလုံး ဝင်ငွေ၏ ၇ ရာခိုင်နှုန်း ဝင်ငွေရှိခဲ့သည့် Telenor Myanmar အား အကြမ်းဖက်စစ်အုပ်စု၏ အကျိုးစီးပွားကို အထောက်အပံ့ပြုနေသည့် အဆိုပါ ကုမ္ပဏီအစုအဖွဲ့အား ရောင်းချလိုက်ခြင်းအားဖြင့် အဆိုပါလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ် ဝင်ငွေသည် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) နင့် လူသားမျိုးနွယ်အားဆန့်ကျင့်သော ရာဇဝတ်မှုများ (Crimes against humanity) အပါအဝင် ရာဇဝတ်မှုပေါင်းများစွာအတွက် နိုင်ငံတကာခုံရုံးများတွင် တရားစွဲဆို ခံထားရသည့် အကြမ်းဖက်စစ်အုပ်စု သက်တမ်းရှည်ရေးနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအား အထောက်အပံ့ပြုရာ ရောက်မည်ဖြစ်သည်။
၆။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကုမ္ပဏီတစ်ခုအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ဥပဒေမူဘောင်များကို လေးစားလိုက်နာရမည် ဖြစ်ရာ တယ်လီနောသည် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ သတင်းအချက်အလက်များ လုံခြုံရေးအတွက် တာဝန် အပြည့်ရှိသလို၊ အဆိုပါ အချက်အလက်များ တစ်နည်းနည်းဖြင့် ပေါက်ကြားမှုကြောင့် အသုံးပြုသူများ ကြုံတွေ့ရနိုင်သည့် နစ်နာမှုများ အားလုံးအတွက်လည်း တာဝန်ခံရမည် ဖြစ်သည်။ ထို့အတူ အသုံးပြုသူများမှ တယ်လီနောက သိမ်းဆည်းထားသည့် ၎င်းတို့၏ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များ ဖျက်ပေးရန် တောင်းဆိုပါက ဖျက်ပေးရမည့်တာဝန် အပြည့်ရှိသည်။
၇။ တယ်လီနော မြန်မာ ရောင်းချမှုနှင့် ပတ်သက်၍ သုံးစွဲသူ ပြည်သူများ၏ အကြီးဆုံး စိုးရိမ်မှုမှာ ၎င်းတို့၏ ဆက်သွယ်ရေး အချက်အလက်များကို အကြမ်းဖက်စစ်အုပ်စုမှ ရရှိအသုံးပြုပြီး ၎င်းတို့ကို ပိုမိုအကြမ်းဖက် နှိပ်ကွပ်လာနိုင်သည့်အချက်နှင့် လုပ်ငန်း အကျိုးအမြတ်များက စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများအား တနည်းတဖုံ အားပေးရာ ရောက်နိုင်သည့်အချက်တို့ ဖြစ်သည်။
၈။ သို့ပါ၍ တယ်လီနော ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ၁၈ သန်းကျော်သော တယ်လီနော သုံးစွဲသူများ၏ ဆက်သွယ်ရေး အချက်အလက်များ လုံခြုံရေးနှင့် လုပ်ငန်း၏ အကျိုးအမြတ်ကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ မရောက်ရှိစေရေး အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်း တောင်းဆိုလိုက်သည်။
(က) အကြမ်းဖက်စစ်အုပ်စုမှ နောက်ကွက်က ပါဝင်ပတ်သက်နေသည့် Investcom သို့ ရောင်းချခြင်းကို ချက်ချင်းရပ်တန့်ရန်၊
(ခ) မြန်မာနိုင်ငံက ထွက်ခွာရန် ဆုံးဖြတ်ပါက စီးပွားရေး အကျိုးအမြတ်နှင့် အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များ အကြမ်းဖက်စစ်အုပ်စုထံသို့ မရောက်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများကို စဥ်းစားလုပ်ကိုင်ရန် (ဥပမာ – လုပ်ငန်း လိုင်စင်ပြန်အပ်ကာ အသုံးပြုသူများ၏ အချက်အလက်အားလုံး ကို အပြီးဖျက်ပစ်ခြင်း)၊
(ဂ) မည်သည့်အခြေအနေ၊ မည့်သည့်အကြောင်းကြောင့်မဆို မည်သူကိုမျှ သုံးစွဲသူများ၏ ခွင့်ပြုချက် မပါဘဲ ၎င်းတို့၏ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များကို လုံးဝ (လုံးဝ) လွှဲပြောင်းရောင်းချခြင်း နှင့် မည်သူကိုမျှ လက်လွှဲပေးအပ်ချင်း မပြုရန်
(ဃ) တယ်လီနော ကုမ္ပဏီသည် မိမိဝန်ထမ်းများ၏ လုံခြုံရေးအတွက် တာဝန်ရှိသလို တယ်လီနော သုံးစွဲသူ ပြည်သူများ၏ လုံခြုံရေးအတွက်လည်း အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရန်သည် ကျင့်ဝတ်အရ သာမက၊ ပြည်တွင်း၊ ပြည်ပဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြောင်း အရပါ တာဝန်ရှိသည် ဖြစ်ရာ အသုံးပြုသူများ လုံခြုံမှုကို ၎င်းတို့၏ အရေးကြီးဆုံး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဆုံးဖြတ်လုပ်ကိုင်ရန်
၉။ တယ်လီနောသည် အသုံပြုသူများ လုံခြုံရေးအတွက် အထက်ပါ ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို လစ်လျူရှုကာ အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်စပ်သည့် အစုအဖွဲ့အား တယ်လီနော မြန်မာကို ရောင်းချခြင်း၊ အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များအား လွှဲပြောင်း ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပါက ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့အစည်းများက ယင်းသို့ လုပ်ဆောင်မှုများကို (လုံး ဝ) ကန့်ကွက် ရှုံချသွားမည် ဖြစ်သည်။ ထို့အတူ ပြည်တွင်း၊ ပြည်ပဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများအား ချိုးဖောက်မှုများ အပါအဝင်၊ အဆိုပါ အချက်အလက်များ အပေါ် အခြေပြု၍ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်ခဲ့သည့်၊ ကျူးလွန်လျက်ရှိသည့်၊ ကျူးလွန်လာနိုင်သည့် လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) နှင့် လူသား မျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများ (Crimes Against Humanity) အပါအဝင် မမှန်းဆနိုင်သည့် ရာဇဝတ်မှုများအတွက် တယ်လီနောက တာဝန်ခံရမည် ဖြစ်ပါကြောင်း တစ်ပါတည်း အသိပေး ထုတ်ပြန်အပ်သည်။
❖ ဆက်သွယ်ရန် (Signal က တဆင့် ဆက်သွယ်ပေးပါရန်။)
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.