စစ်ကောင်စီတပ် ဝင်သည့် မင်းကင်းတွင် ဒေသခံ ၄ ဦး သတ်ဖြတ်ခံရ

စစ်ကောင်စီတပ် ဝင်သည့် မင်းကင်းတွင် ဒေသခံ ၄ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကျေးလက်ဒေသတွင် ကျေးရွာကာကွယ်ရေး ကင်းသမား ၃ ဦးနှင့် ကုန်စိမ်းသည်တစ်ဦး၏ အလောင်းများ တွေ့ရပြီး ကုန်စိမ်းသည်၏ ဇနီးလည်း ပျောက်နေသည်။

ရက်စက်စွာ သတ်ဖြတ်ခံရသည့် အရပ်သား ၄ ဦး၏ ရုပ်အလောင်းများအား ဖေဖော်ဝါရီ ၁၀ ညနေ၌ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)  

By Myanmar Now

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မုဿာနှင့် မောက်တက်ကျေးရွာကို စစ်သားများနှင့် ပျူစောထီး အဖွဲ့တို့ စီးနင်းသည့် ယမန်နေ့ (ဖေဖော်ဝါရီ ၁၀) တွင် ဒေသခံ ၄ ဦး အသတ်ခံရသည်။

သေဆုံးသူတို့မှာ မုဿာရွာမှ ကုန်စိမ်းရောင်းသူ ၂၁ နှစ်အရွယ် ကိုနိုင်စိုးလင်း၊ ငါးနန္ဒာရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့ ကင်းသမားများဖြစ်သော ၁၈ နှစ်အရွယ် ကိုကောင်းမင်းစံ၊ ၂၄ နှစ်အရွယ် ကိုသန်းစိုးမင်း၊ ၂၈ နှစ်အရွယ် ကိုနိုင်ဇော်တို့  ဖြစ်သည်ဟု မုဿာရွာမှ အမျိုးသားနှစ်ဦးက ပြောသည်။

မုဿာနှင့် မောက်တက်ရွာဘက်သို့ ဦးတည်လာနေသည့် စစ်ကောင်စီတပ် မောက္ကတော်ချောင်းရိုးကို ဖြတ်သန်းစဉ် ငါးနန္ဒာရွာအနီး ချောင်းရိုး၌ လုံခြုံရေးစောင့်ကြည့်နေသည့် ကင်းသမား လူငယ် ၃ ဦးကို သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ယူဆသည်။

ချောင်းရိုးအနီး ကောက်ရိုးစင်တွင် ကိုသန်းမင်းစိုး မီးရှို့သတ်ဖြတ်ခံရသည်၊ ကိုကောင်းမင်းစံ၊ ကိုနိုင်ဇော်တို့  မျက်လုံးကျည်ထိဒဏ်ရာ တွေ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ထိုနှစ်ရွာမှ ယင်းနေ့ (ဖေဖော်ဝါရီ ၁၀) ညနေပိုင်းတွင် ပြန်ထွက်ခွာသွားပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တချို့ ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ ထိုသို့ ရုပ်အလောင်းများ တွေ့ရှိရခြင်းဖြစ်သည်။

ကင်းသမားတစ်ဦး၏ ညာမျက်လုံးတွင် ကျပ်ပြားဝိုင်းခန့် အပေါက်ကျန်ရစ်ခဲ့သည်ကို Myanmar Now က ကြည့်ရှုခွင့်ရသော ဓာတ်ပုံများတွင် တွေ့ရသည်။ တစ်ဦးမှာလည်း သွားများကျွတ်ထွက်၍ ညာမျက်လုံးတွင် သွေးအလိမ်းလိမ်းဖြစ်နေသည်။ ထိုနှစ်ဦး သေနတ်နှင့် အနီးကပ် ပစ်ခတ်ခံခဲ့ရဖွယ် ရှိသည်ဟု ဒေသခံတို့က ယူဆသည်။ ကျန်တစ်ဦးမှာမူ ပြာကျလုနီးပါး မီးရှို့ခံထားရသည်ကို တွေ့ရှိရသည်။

မီးရှို့သတ်ဖြတ်ခံရသည့် ကိုသန်းမင်းစိုးတွင် ၄ နှစ်အရွယ် သားတစ်ဦး ကျန်ရစ်သည်။ ကိုနိုင်ဇော်တွင် ၃ နှစ်သားနှင့် ၇ နှစ်သမီး ကျန်ရစ်သည်။

ကုန်စိမ်းရောင်းသူ ကိုနိုင်စိုးလင်း၏ ရုပ်အလောင်းကို မုဿာရွာရှိ ၎င်း၏နေအိမ်အနီး ရွာလမ်းမပေါ်တွင် နဖူးကျည်ထိဒဏ်ရာနှင့် တွေ့ရသည်၊ သူ၏နေအိမ်လည်း စစ်ကောင်စီတပ် မီးရှို့သဖြင့် ပြာကျသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ကိုနိုင်စိုးလင်း၏ အသက် ၂၀ ကျော်အရွယ် ဇနီးဖြစ်သူလည်း ယနေ့ထက်ထိ ပျောက်ဆုံးနေသည်ဟု မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ယနေ့ (ဖေဖော်ဝါရီ ၁၁) တွင် ပြောသည်။

“ပျူစောထီးအဖွဲ့က ဖမ်းသွားသလား မသိရဘူး။ လွတ်ရင်တော့ အခုလောက်ဆို ပြန်တွေ့ရမှာ။ အခုထိ မတွေ့ရသေးဘူး” ဟု ထိုအမျိုးသမီးက ဆိုသည်။

မီးရှို့ခံရသည့် မုဿာနှင့် မောက်တက်ကျေးရွာ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ နံနက်အစောတွင် တောင်ဖြူနှင့် ပန်းဆက်ရွာ အခြေစိုက် စစ်သားများနှင့် ပျူစောထီး အင်အား ၂၀၀ ခန့်က မုဿာနှင့် မောက်တက်ကျေးရွာ နှစ်ရွာတို့ကို စီးနင်း၍ နေအိမ်များကို မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

မီးရှို့ခံရသည့် မောက်တက်ကျေးရွာအား ဖေဖော်ဝါရီ ၁၀ ညနေတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)  

ထိုသို့ စီးနင်းစဉ်အတောအတွင်း သေဆုံးသူ ၆ ဦးအထိ ရှိမည်ဟု ဒေသခံများက ခန့်မှန်းထားကြပြီး အနည်းဆုံး လူ ၇ ဦးခန့်လည်း ပျောက်ဆုံးနေသည်ဟု အထက်ပါ ရွာသားနှစ်ဦးက ပြောသည်။

“ကိုနိုင်စိုးလင်း မိန်းမကတော့ မီးထည့်လိုက်သလား၊ ဖမ်းခေါ်သွားသလား၊ မပြောနိုင်သေးဘူး” ဟု အသက် ၂၈ နှစ်အရွယ် မုဿာရွာခံအမျိုးသားက ဆိုသည်။

မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ရှိ မုဿာရွာတွင် နေအိမ် ၁၅၀ ကျော်၊ အိမ်ခြေ ၁၅၀ ရှိ မောက်တက်ရွာတွင် နေအိမ် ၁၃၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ရွာသူရွာသား ၁၀၀၀ ဝန်းကျင်ခန့် ထွက်ပြေးနေရဆဲ ဖြစ်သည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။

နေရပ်မပြန်နိုင်သေးဘဲ စစ်ကောင်စီရန်ကြောင့် ရှောင်တိမ်းနေရသည့် ထိုကျေးရွာနှစ်ရွာမှ ဒေသခံများ စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ဆိုသည်။

မုဿာရွာရှိ စစ်တပ်ထောက်ခံသူတို့၏ နေအိမ်များ မီးလောင်သည့်အထဲ မပါဝင်သဖြင့် စစ်ကောင်စီတပ်က နယ်မြေကျွမ်းကျင်သူများနှင့်အတူ ဝင်ရောက်မီးရှို့ခြင်းဖြစ်သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် အမျိုးသမီးက ယူဆသည်။

ထိုမိသားစုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆွေမျိုးများ ရှိကြကြောင်း၊ မင်းကင်းမြို့ပေါ်တွင် သွားရောက်နေထိုင်ကြသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၉ တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ထိန်းချုပ်ထားရာ စနဖျင်းရွာကင်းစခန်းကို ဒေသခံ ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခြင်းကြောင့် လက်စားချေသည့်အနေဖြင့် နောက်တစ်နေ့ နံနက်တွင် မုဿာနှင့် မောက်တက် နှစ်ရွာကို စီးနင်းမီးရှို့ခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။

ထိုစဉ်က စနဖျင်းရွာ ကင်းစခန်းကို နံနက် ၁ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။

ထိုတိုက်ပွဲမှ MA-2 စက်ကလေးတစ်လက်၊ ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဒေသခံအဖွဲ့များက ထုတ်ပြန်သည်။

ရွာနှစ်ရွာ မီးရှို့ပြီး ဒေသခံများကို သတ်ဖြတ်ခဲ့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက် မရသေးပေ။

ပျူစောထီးများ အားကောင်းသည့် မင်းကင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလကုန်မှစ၍ ဘင်၊ အနောက်တော (ဘင်)၊ အုန္နဲဘုတ်ရွာတို့ကို မီးရှို့ပြီး သက်ကြီးရွယ်အို၊ နို့တိုက်မိခင်နှင့် ကလေးအများစုပါဝင်သော ဒေသခံ ၃၇ ဦးကို လူသားဒိုင်းအဖြစ် အသုံးချခဲ့ဖူးသည်။

ယမန်နှစ် ဇူလိုင် ၂၈ တွင် ပျူစောထီးများအကူအညီဖြင့် စစ်ကောင်စီတပ်က PDF အဖွဲ့ဝင် ၅၇ ဦးကို တစ်ခါတည်း ဖမ်းဆီးနိုင်ခဲ့သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia