ပုလဲနယ်တွင် အိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ၊ အသတ်ခံရသူ ၄ ဦးရှိ

ပုလဲနယ်တွင် အိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ၊ အသတ်ခံရသူ ၄ ဦးရှိ

စစ်တပ်က တစ်ညတာ တပ်စွဲ၍ မွှေနှောက်ခဲ့သည့် မင်းတိုင်ပင်ရွာအနီး ကားလမ်းမ၌ လဲကျသေဆုံးနေသူများအား ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ပုလဲ – ဂန့်ဂေါလမ်းမပေါ်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာတို့တွင် စစ်တပ်နှင့် ပျူစောထီးများက ပစ္စည်းများယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ မင်းတိုင်ပင်ရွာတွင် တစ်ညတာ တပ်စွဲခဲ့သည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဖေဖော်ဝါရီ ၃ မှ ၅ ရက် အတွင်း စစ်တပ်က ရွာလေးရွာကို ဆက်တိုက်စီး နင်းကာ မီးရှို့ဖျက်ဆီးနေသဖြင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ရွာသားလေးဦး လည်း သတ်ဖြတ်ခံရသည်ဟု ဒေသခံ ၅ ဦးထံမှ သိရသည်။

ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း အနောက်တောင်ဘက်ခြမ်း ပုလဲမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စီးနင်းစဉ် ပျူစောထီးလက်နက်ကိင်များလည်းပါဝင်ပြီး၊ နေအိမ်များ မီးရှို့ ဖျက်ဆီးခံရ ခြင်းအပြင် ပစ္စည်းများလည်း လုယက်ခံရသည်ဟု ဒေသခံများက ဆိုသည်။

ပုလဲမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် ဆက်သွယ်ရာ လမ်းမပေါ်ရှိ ကျေးရွာများကို စစ်တပ်နှင့် ပျူစောထီးများ စီးနင်းနေခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၃ တွင် ပုလဲမြို့အနောက်ဘက်ရှိ မင်းတိုင်ပင်ရွာ၊ နောက်တစ်ရက်တွင် ပုလဲ – ဂန့် ဂေါလမ်းမပေါ်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာ ဝင်ရောက်ပြီးနောက် လက်ရှိတွင် အင်ကြင်းစုရွာ၌ တပ်စွဲထားကြောင်း သိရသည်။

အိမ်ရာနှင့်ချီ မီးရှို့ခံရသည့် ကိုင်းတွင်းနှင့် လှော်ကားရွာ

ပုလဲ-ဂန့်ဂေါသွား လမ်းမအနီးရှိ ကိုင်းတွင်းရွာနှင့် လှော်ကားရွာများကို အင်အားရာဂဏန်းရှိ စစ်တပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၄ ရက်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ကိုင်းတွင်းရွာကို ဝင်ရောက်ပြီးနောက် ပစ္စည်းများကို ကား ၁၀ စီးဖြင့် ၎င်းတို့ အခြေချလှုပ်ရှားနေသည့် အင်ပင်ထီးရွာသို့ သယ်သွားကြောင်း၊ ထို့နောက် တစ်ခေါက်ပြန်လာကာ ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ပုလဲမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။​

ကိုင်းတွင်းရွာမြောက် တစ်မိုင်အကွာရှိ လှော်ကားရွာကိုလည်း အလားတူပင် ပစ္စည်းများ ယူဆောင်ပြီးမှ မီးရှိ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုင်းတွင်းက ရွာလုံးကျွတ်နီးပါးပဲ။ ကျွန်တော်တို့ဝင်ရောက်စစ်ဆေးဖို့လုပ်နေတယ်။ အပျက်အစီးစာရင်း နဲ့ အရှို့ခံရတဲ့ အရေအတွက်ကို အတည် မပြုနိုင်သေးဘူး။ လှော်ကားက ရွာလယ်ကောင်တည့်တည့်မှာရှို့ သွားတာ”ဟု အထက်ပါ ပုလဲမြို့ခံက ပြောသည်။

လှော်ကားရွာခံ အမျိုးသားတစ်ဦးကမူ အိမ်ခြေ ၄၀၀ ကျော်နှင့် ၈၀၀ ကျော်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာ များတွင် မီးလောင်ပျက်စီးသွားသည့် အိမ်ခြေ ၈၀၀ ကျော်ရှိသည်ဟု ဆိုသည်။​

မီးရှို့ခံရသည့် လှော်ကားရွာကို ဖေဖော်ဝါရီ ၅ နံနက်ပိုင်းက မြင်တွေ့ရစဉ် ။ (ဓာတ်ပုံ-ပေးပို့)

စစ်တပ်က လှေကားရွာကို ဖေဖော်ဝါရီ ၅ နံနက် ၁ နာရီခွဲတွင် တစ်ကြိမ်၊ နံနက် ၇ နာရီတွင် တစ်ကြိမ် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ရွာသားက ဆိုသည်။

“ဝက်တွေ၊ နွားတွေ မီးထဲပါသွားတယ်။ မီးက မနက် ၁ နာရီကတည်းက တစ်ညလုံးလောင်တာ။ ရွာထဲကို သူတို့ထွက်သွားတော့ ဝင်ကြည့်တုန်းကတောင် သုံးအိမ်လောင်နေသေးတယ်”

“မီးလောင်ထားတဲ့ အိမ်တွေ နားမှာ မီးလောင်ဗုံးအခွံတွေ တွေ့ရတယ်။ တစ်အိမ်နဲ့ တစ်အိမ်ကူးတဲ့နေရာ ဝန်းထရံ (ခြံစည်းရုံး)တွေနားမှာဆိုရင် မီးတုတ်တွေလည်း တွေ့ရတယ်။ မီးကူးပြီးရှို့တဲ့ပုံပဲ။ တော်တော်ကြီး ကို ရက်ရက်စက်စက် ရှို့သွားတာ” ဟု အထက်ပါ လှော်ကားရွာသားက ပြောသည်။

ပုလဲမြို့အနောက်ဘက်ရှိ ၎င်းတို့ရွာတွင် တစ်ညတာ တပ်စွဲပြီးနောက် စစ်တပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၄ ညပိုင်းတွင် ကိုင်းတွင်းနှင့် လှော်ကားရွာကို ဝင်ရောက်ကာ နံနက်ပိုင်းတွင် မီးရှို့ခဲ့ခြင်းဖြစ် သည်ဟု မင်းတိုင်ပင်ရွာသားတစ်ဦးက ပြောသည်။

“ကိုင်းတွင်းရွာကို မီးရှို့တယ်။ (ဖေဖော်ဝါရီ ၅) မနက် ၁ နာရီလောက်မှာ လှော်ကားကို ထပ်ရှို့တယ်။ အဲဒီရွာ တွေကို မီးရှို့ပြီး အင်ကြင်းစုရွာကို တပ်စွဲနေတယ်” ဟု ၎င်းက ပြောသည်။​

စစ်တပ်နှင့် ပျူများ တပ်စွဲထားသည့် အင်ကြင်းစုရွာမှာ လူဦးရေ ထောင်ချီနေထိုင်သည့် ရွာကြီးတစ်ရွာ ဖြစ်ကြောင်း၊ ရွာသားများ ထွက်ပြေးနေရသဖြင့် အခြေအနေအသေးစိတ် မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။

ပျူစောထီးများကို စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် စစ်တပ် ရောက်လာကာ မီးငြှိမ်းနေသည့်ဟန် ဓာတ်ပုံရိုက်ပြီးနောက် ထပ်မီးရှို့သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နောက်ထပ် လှော်ကားရွာခံ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာထဲကို ပျူစောထီးတွေက အရင်ဝင်တာ။ ပျူစောထီးတွေက မီးရှို့ပြီး စစ်ကောင်စီတွေ ရောက်လာတယ်။ ရောက်လာပြီး မီးငြိမ်းနေပါတယ်ဆိုပြီး ဓာတ်ပုံတွေရိုက်ယူတယ်။ ပြီးတော့ ထပ်ရှို့သွား တာ” လှော်ကားရွာခံ အမျိုးသားက ပြောသည်။

ကိုင်းတွင်းရွာကိုလည်း အလားတူ မီးရှို့သွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။​

လူ ၄ ဦးအသတ်ခံရသည့်အပြင် ရွှေငွေများ ဆုံးရှုံးသည့် မင်းတိုင်ပင်ရွာ

ပုလဲမြို့အနောက်ဘက် ပုလဲ – ဂန့်ဂေါ်လမ်းပေါ်ရှိ မင်းတိုင်ပင်ရွာကို စစ်တပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၃ တွင် ဝင်ရောက်လာကာ တစ်ညတာ တပ်စွဲခဲ့သည်။​ စစ်တပ်က ရွာသားလေးဦးကို သတ်ဖြတ် ခဲ့သည့်အပြင် ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ရွှေနှင့် ငွေများ ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။​

နံနက် ၁၁ နာရီခန့်တွင် သေနတ်များပစ်ဖောက်ဝင်ရောက်လာသည့် စစ်တပ်က အရပ်သားလေးဦးကို ကြိုးတုပ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးလာကြောင်း မင်းတိုင်ပင်ရွာခံနှစ်ဦးက Myanmar Now ကို ပြောသည်။

ထို့နောက် စစ်တပ်နှင့် ပျူများက ရွာထဲ၌ တစ်အိမ်တက်ဆင်း ဝင်ရောက်ကာ ရွာခံ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို ရွာလယ်ရှိ စာသင်ကျောင်းအတွင်း ချုပ်နှောင်ထားကာ ရွာထဲရှိနေအိမ်များနှင့် ရွှေဆိုင် ဖုန်းဆိုင်များကို မွှေနှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူ ရွာသားများတွင် သက်ကြီးပိုင်းအရွယ် ၁၅ ဦး ပါဝင်ပြီး ပထမဆုံး မဌေးကြည်ဆိုသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု မင်းတိုင်ပင်ရွာခံ အမျိုးသားက ပြောသည်။​

“ရွာထဲမရောက်ခင်ကတည်းက (ကျည်) အတောင့်လိုက်တွေ ဖောက်တယ်။ ပြေးတဲ့လူက ပြေးတယ်။ အရင်က လာတာတွေက ဒီလိုမျိုးမလုပ်တော့ မပြေးတဲ့လူတွေလည်းရှိတယ်။ ဒီတစ်ခေါက်ကျတော့ တော်တော်ကြမ်းကြမ်း လုပ်သွားတာ” ဟု ၎င်းက ပြောသည်။

“တံခါးပိတ်တဲ့အိမ်တွေ၊ လမ်းဘေးအိမ်တွေ အကုန်ဝင်မွှေတယ်။ သူတို့လိုချင်တဲ့ပစ္စည်းတွေ အကုန်ယူတယ်။ ဓားပြတိုက်သလိုပါပဲ”

အိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးခဲ့သည့်အပြင် ရွှေဆိုင်တစ်ဆိုင်အတွင်းရှိ ရွှေထည်များနှင့် ငွေတန်ဖိုး ကျပ်သိန်း ၇၀၀၀ ကျော်၊ ငွေလဲပေးသည့်ဆိုင်တွင် ငွေကျပ် သိန်း ၄၀၀ နှင့် သိန်း ၅၀ တန်ဖိုးရှိ ဖုန်းငွေဖြည့်ကဒ်များကို စစ်တပ်က ယူသွားသည်ဟု နောက်ထပ် မင်းတိုင်ပင်ရွာသားတစ်ဦးက ပြောသည်။​

“အဓိကတော့ ဆန်၊ ဆီ၊ စားနပ်ရိက္ခာတွေ ယူသွားတယ်။ ဖုန်းဆိုင်တွေ ဖောက်တယ်။ ရှိသမျှဖုန်း အကုန်ယူတာ။ ဖုန်းဆိုင်က သုံးဆိုင်။ Power Bank တွေ၊ နားကြပ်တွေ၊ ဆက်စပ်ပစ္စည်းအကုန်ယူတယ်။ မီးခံသေတ္တာထဲ ထည့်ထားတာကို ရအောင်ရိုက်ဖွင့်ပြီး ယူသွားတာ”ဟု ၎င်းက ဆိုသည်။

မင်းတိုင်ပင်ရွာမှ ပစ္စည်းများကို စစ်ကား ၇ စီးဖြင့် သိမ်းယူသွားခြင်းဖြစ်သည်ဟု ရွာခံအမျိုးသားများက ဆိုသည်။​

“မင်းတိုင်ပင်ရွာက ဘာမှ ရစရာမရှိတော့ဘူး။ ရွှေဆိုင်၊ အဝတ်ထည်ဆိုင် အကုန်မွှေသွားတာ။ ပြောရရင်တော့ အမှိုက်ပုံကြီးလိုဖြစ်သွားတာပါဗျာ။ တန်းဖိုးကြီးတဲ့ဟာတွေ အကုန်ယူသွားတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသူရွာသားများကို ကူညီပေးနေသူတစ်ဦးကလည်း ပြောသည်။​

စစ်တပ်က ဓားစာခံအဖြစ် ၎င်းတို့ ဖမ်းဆီးလာသူ လေးဦးကို ပစ်သတ်ကာ ရွာအပြင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းမထွက်ခင် လေးယောက်ကို မီးရှို့သွားတာ။ ပြန်ထွက်ခါနီးမှာ မျက်နှာတွေမမြင်ရအောင် လုပ်သွားတာ”ဟု ၎င်းက ပြောသည်။

ထိုသို့ ပစ်သတ်ပြီး မီးရှို့သွားသည့် အလောင်းလေးလောင်းကို စစ်တပ်ပြန်ထွက်သွားချိန်တွင် ရွာသားများကတွေ့ရှိခဲ့ခြင်းဖြစ်ကာ နာမည်အတည်မပြုနိုင်သေးသော်လည်း ဦးနှောက်နှင့် အင်ကန်ရွာမှ ဖြစ်သည်ဟု သိရသည်။​

စစ်တပ်က မင်းတိုင်ပင်ရွာကို တစ်ညတာ တပ်စွဲခဲ့စဉ် ဖမ်းဆီးထာသူများအနက် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်ငါးဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟုလည်း ဆိုသည်။

“မိန်းကလေးတွေက စစ်သားလာတဲ့အချိန် ပုန်းနေကြတာပေါ့ဗျာ။ တွေ့တော့ အဖမ်းခံလိုက်ရတာ။ ၂၀ ကျော်ဝန်းကျင်တွေ။ မိန်းကလေးတွ ကာယိအိန္ဒြေအရ သိပ်လည်း ပေးမသိစေချင်ဘူးဗျ။ တချို့လည်း ကြောက်ပါတယ်၊ မလုပ်ပါနဲ့ဆိုတဲ့ အော်သံတွေလည်း ကြားရတယ်တဲ့။ ကျွန်တော်ကိုယ်တိုင်လည်း ကြားရတာတော့ မဟုတ်ဘူးပေါ့ဗျာ။ သူတို့လာကတည်းက ပြေးရတာ”ဟု မင်းတိုင်ပင်ရွာသားတစ်ဦးက ပြောသည်။

ထိုသို့ အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရသည်ဆိုသော အချက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ကျေးရွာများကို အင်အားသုံး ဝင်ရောက်စီးနင်းစဉ် စစ်တပ်က ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်း၊ အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီ က မည်သည့်အခါမျှ သတင်းထုတ်ပြန်လေ့ မရှိပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia