မြင်းမူမြို့နယ်တွင် စစ်တပ်က ဖမ်းသွားသည့် ရွာသားလေးဦး အလောင်းသာပြန်တွေ့

မြင်းမူမြို့နယ်တွင် စစ်တပ်က ဖမ်းသွားသည့် ရွာသားလေးဦး အလောင်းသာပြန်တွေ့

ဖေဖော်ဝါရီ ၃ ရက်တွင် စစ်တပ်က သတ်ခဲ့သည့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ညောင်ပင်ဝန်းကျေးရွာသားတို့၏ ရုပ်အလောင်းများ။ ဓာတ်ပုံ − ပေးပို့   

ကျေးရွာ PDF စခန်းတစ်ခုကို စစ်တပ်က ဝင်စီးစဉ် ဓားစာခံအဖြစ် ဖမ်းခံရသူများဖြစ်ပြီး ၃ ဦးမှာ ညီအစ်ကိုများဖြစ်ကြသည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။

By Myanmar Now

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၃) က စစ်တပ်က ရွာသားသုံးဦးကို ဖမ်းဆီးသွားပြီးနောက် အလောင်းသာပြန်တွေ့ရကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

မြင်းမူမြို့နယ် မဓုရရွာမှ အမည်မသိရသူ ရွာသားတစ်ဦးနှင့် ညောင်ပင်ဝန်းကျေးရွာမှ ကိုကျော်သူအောင် (၃၂ နှစ်)၊ ကိုကျော်မင်းထွန်း (၂၈နှစ်)၊ ကိုကျော်မင်းနိုင် (၁၈နှစ်) ဆိုသူတို့ ညီအစ်ကိုသုံးဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျီးကုန်းကျေးရွာအပြင်ဘက်ရှိ လယ်ကွင်းပြင်၌ ရှာတွေ့သည့် ရုပ်အလောင်းများအရ ကိုကျော်သူအောင်နှင့် ကိုကျော်မင်းထွန်းတို့မှာ လည်ပင်းလှီးဖြတ်ခံထားရပြီး ကိုကျော်မင်းနိုင်မှာမူ သေနတ်ဒဏ်ရာဖြင့် ဦးခေါင်းနောက်ဘက်ပွင့်ထွက်ဒဏ်ရာရထားသည်ကို တွေ့ရကြောင်း အထက်ပါ ညောင်ပင်ဝန်းရွာသားက ပြောသည်။ မဓုရရွာသား၏ ရုပ်အလောင်းတွင်လည်း လည်ပင်းပြတ်ရှဒဏ်ရာရထားသည်ဟု ၎င်းထံမှ သိရသည်။

ညီအစ်ကိုသုံးဦးသည် ဆိုင်ကယ်ဝယ်ရန် ချိန်းဆိုထားသည့် မကျီးကုန်းရွာသို့ ထိုနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဆိုင်ကယ်တစ်စီးတည်း အတူစီး၍ အိမ်မှ ထွက်သွားရာမှ စစ်တပ်က ဖမ်းသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“နေ့လည်ပိုင်းကျတော့ သူတို့ပြန်လာနေပြီဆိုပြီး အိမ်ကို ဖုန်းဆက်သေးတယ်။ တစ်ချိန်တည်းမှာ ကပ်လျက်က သူတို့ဖြတ်ပြန်လာရမဲ့ မကျီးကန်ရွာမှာ စစ်သားတွေရောက်နေပြီဆိုတော့ စိတ်ပူလို့ ဖုန်းဆက်တော့ မရတော့ဘူး။ လွတ်ရာမှာ ပုန်းနေကြလို့ ဖုန်းမကိုင်နိုင်တာလို့ မိသားစုက ထင်နေတာ”ဟု ထိုသူက ဆိုသည်။

ထိုညီအစ်ကို သုံးဦး၏ ရုပ်အလောင်းများကို ယနေ့(ဖေဖော်ဝါရီ ၄) နံနက် ၅ နာရီခန့်တွင် ဒေသတွင်း လူမူရေးအသင်းတစ်ခုက ညောင်ပင်ဝန်းရွာနေအိမ်သို့ လာပို့ခဲ့ပြီး ကျေးရွာသုသာန်၌ပင် ချက်ချင်း သင်္ဂြိုဟ်လိုက်သည်ဟု ၎င်းက ဆက်ပြောသည်။ မဓုရရွာသား၏ ရုပ်အလောင်းသင်္ဂြိုဟ်ပြီးခြင်း ရှိမရှိ အတိအကျ မသိရသေးပေ။

၎င်းတို့၏ ဖခင်မှာ အသက် ၅၅ နှစ်အရွယ် ဒုတပ်ကြပ်အငြိမ်းစားဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သေဆုံသူ ညီအစ်ကိုသုံးဦးမှာ ညောင်ပင်ဝန်းဈေးတွင် ဈေးရောင်းနေကြသူများဖြစ်သည်ဟု အခြားရွာသားတစ်ဦးက ပြောသည်။

“သူတို့က ဈေးမှာ ထမနဲတို့ ဘာတို့ရောင်းတာ၊ သူတို့ဆိုင်တော့ မဟုတ်ဘူး။ သူတို့မိသားစုဆိုင်၊ အကြီးဆုံးနှင့် အလတ်က အိမ်ထောင်ခွဲတွေ၊ ကလေးတစ်ယောက်စီရှိတယ်၊ အငယ်ဆုံးက ၁၀ တန်း၊ ကျောင်းပိတ်ထားလို့ နားနေတာ၊ သူတို့အဖေအမေမှာ ဒီသားသုံးယောက်ပဲရှိတာ၊ အခုတော့ လင်နဲ့ မယားပဲ ကျန်ခဲ့တော့တယ်”ဟု ၎င်းက ဆိုသည်။

ကာယကံရှင်များ၏ မိသားစုနှင့်မူ ဆက်သွယ်၍ မရသေးပါ။

စစ်ကောင်စီတပ်သည် မကျီးကန်ရွာရှိ ဒေသကာကွယ်ရေးအဖွဲ့ လေ့ကျင့်ရာ နေရာတစ်ခုကို ဆက်သွယ်ရေးတာဝါတိုင်လုပ်သားများ ဟန်ဆောင်ကာ ဝင်ရောက်စီးနင်းစဉ် ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံရသည်မှာ မှန်သည်ဟု မြင်းမူပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့မှ ကိုယက္ခက ဆိုသည်။

“အစတော့ ဓားစာခံအနေနဲ့ ဖမ်းထားပြီးတော့မှ နောက်မှ သတ်ပစ်လိုက်တာ”ဟု ၎င်းက ပြောသည်။

မြင်းမူမြို့နယ်အတွင်းတွင် စစ်တပ်က အင်အားဖြန့်ကြက်၍ စစ်ရေးလှုပ်ရှားမှုများ လုပ်နေပြီး ညောင်ပင်ဝန်း၊ မကျီးကန်၊ မဓုရ၊ ပုံညာ စသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။ အသေးစိတ်ကိုမူ မသိရပါ။

ယနေ့တွင်ပင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကား အစီး ၆၀ ခန့် စစ်ကိုင်းမြို့ဘက်သို့ မုံရွာ – မန္တလေး လမ်းအတိုင်းလာစဉ် မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကိုယက္ခက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia