29 January 2022
၂၀၂၁ မတ်လ ၂ ရက်နေ့က အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို လိုက်လံ တိုက်ခိုက်နေသည့် ရန်ကုန်ရောက် စစ်သားများ
စစ်ကိုင်း – မန္တလေးလမ်းတွင် ဆိုင်ကယ်မောင်းနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး ဆိုင်ကယ်၊ ဖုန်း၊ ငွေသားတို့ကို မိသားစု ပြန်မရဟု ဒေသခံတစ်ဦးက ဆိုသည်။
By Myanmar Now
ဇန်နဝါရီ (၂၇) ညဦးပိုင်းတွင် စစ်ကောင်စီတပ်သားများက စစ်ကိုင်းမြို့မှ လူငယ်တစ်ဦးကို လမ်းပေါ်တွင် ပစ်သတ်လိုက်သည်ဟု ဒေသခံတို့ထံမှ သိရသည်။
အသက်(၂၀)ကျော်အရွယ် ကိုငြိမ်းချမ်းဝင်းသည် ယင်းနေ့က စစ်ကိုင်း – မန္တလေးလမ်း တစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အလောင်းတော့ ပြန်ပေးတယ်။ ပုံတောင် ရိုက်ခွင့်မရဘူး။ ဘာပုံမှ တက်မလာဘူး။ ဆိုင်ကယ်နဲ့ ဖုန်း၊ ပြီးတော့ ပါသွားတဲ့ငွေ၊ ဘာမှလည်း ပြန်မရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။
“နာရေးလည်း ရပ်ကွက်က မသွားကြဘူး”
ဧမြဝတီရပ်ကွက်ရှိ ထိုလူငယ်၏နေအိမ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ထောင်ထားကြောင်း ၎င်းက ဆက်ပြောပြသည်။
စစ်ကောင်စီတပ်က သတ်ဖြတ်ပြီးနောက် ယူဆောင်သွားသည်ဆိုသော ငွေပမာဏ ၊ ဆိုင်ကယ်၊ ဖုန်း တို့၏တန်ကြေးကို မသိရသေးကြောင်း ဒေသခံက ဆိုသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရေးအတွက် Myanmar Now က မိသားစုနှင့် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ကြွင်းကျန်သော ရုပ်ကလာပ်ကို ယမန်နေ့ (ဇန်နဝါရီ ၂၈) နံနက်(၁၀)နာရီက မန္တလေးမြို့သုသာန်တစ်ခုတွင် သင်္ဂြိုဟ်လိုက်သည်ဟု ကြားသိရကြောင်း၊ ဆိုင်းမင်းသမီးတစ်ဦးဖြစ်သူ ကိုယ်ဝန်သည်ဇနီး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
သေဆုံးသူ ကိုငြိမ်းချမ်းဝင်း နေထိုင်ခဲ့သော စစ်ကိုင်းမြို့ဆေးရုံကြီးအနီးရှိ ဧမြဝတီရပ်ကွက်သည် ဒလန်တို့၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ် မကြာခဏ ဝင်မွှေခြင်းကိုခံရသော ရပ်ကွက်ဖြစ်ကြောင်း ၎င်းတို့က ဆိုကြသည်။
အာဏာသိမ်းသည့်နေ့တွင် ထိုရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဖြစ်လာသော ဦးသောင်းရွှေက သူနှင့် သူ့မိသားစု ခြိမ်းခြောက်ခံနေရသည့်အတွက် စိုးရိမ်သဖြင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် မြို့နယ်စစ်ကောင်စီကို တင်ပြထားသည်ဟု အွန်လိုင်းတွင် တွေ့ရသော ဇန်နဝါရီ ၂၅ ရက်စွဲတပ် ရုံးစာတစ်စောင်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှုဆန်ကျင်ရေး လှုပ်ရှားမှုအားကောင်းခဲ့သည့် စစ်ကိုင်းမြို့တွင် စစ်ကောင်စီကို ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်မှုများရှိလာသလို စစ်ကောင်စီကလည်း မြို့နေလူထုကို ပြင်းပြင်းထန်ထန် ဖိနှိပ်လျက်ရှိသည်။
ရဲနှင့် စစ်ကောင်စီတပ်သားများသည် စစ်ကိုင်းမန္တလေးအကူး ရတနာပုံတံတားပေါ်တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ယာဉ်များကို နေ့စဉ် စစ်ဆေးရှာဖွေငွေညှစ်နေသလို မြို့အတွင်းရပ်ကွက်များကိုလည်း ညအချိန်မတော် စစ်ဆေးရှာဖွေနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီတပ် လက်ချက်ကြောင့် သေဆုံးသည့် အရပ်သား ၁၄၉၉ ဦး အနည်းဆုံးရှိသည်ဟု ဖမ်းဆီးနှိပ်စက်မှုများကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဇန်နဝါရီ ၂၈ စာရင်းအရ သိရသည်။
Original Post Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.