28 January 2022
တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်ရန် စစ်ကိုင်းတိုင်း ကလေးမြို့ခံများက ဒီဇင်ဘာ ၁၀ သပိတ်မစတင်မီ ဆန္ဒပြနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)
ဖေဖော်၀ါရီ ၁ တိတ်ဆိတ်ခြင်းသပိတ်နေ့မတိုင်မီ အာဏာသိမ်း စစ်ကောင်စီက ဈေးဆိုင်အချို့ကို ဝင်ရောက်စီးနင်းဖမ်းဆီးနေသည်ဟု မန္တလေးမြို့ခံများက ဆိုသည်။
By Myanmar Now
လာမည့် ဖေဖော်ဝါရီ ၁ တွင် စစ်ကောင်စီကို အာခံရန် တစ်နိုင်ငံလုံးအနှံ့ တိတ်ဆိတ်ခြင်း အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ကြမည်ဖြစ်ရာ မန္တလေးမြို့မှ ဈေးဆိုင်အချို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းဖမ်းဆီးနေသည်။
မဟာအောင်မြေမြို့နယ်၊ သူရဲကျော်ရပ်ရှိ “မြင့်လှ”ထိုးမုန့်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားဖြင့် ယမန်နေ့ နေ့လယ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ရှင်မိသားစုကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ခံများထံမှ သိရသည်။
ယင်းထိုးမုန့်ဆိုင်သည် တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်မည်ဟု Facebook လူမှုကွန်ရက်၌ ရေးသားထားသည်ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ယင်းရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“အသံတိတ်သပိတ်ကို အဲဒီဆိုင်က အရင်ကလည်း ပါဝင်တယ်။ အခုလည်း နှိုးဆော်နေတယ်ဆိုပြီး ဒလန်က သတင်းပေးတာ။ ဒါနဲ့ တစ်ဆိုင်လုံးကို ဝင်မွှေတာ” ဟု ၎င်းက ဆိုသည်။
“လွတ်မလာသေးဘူး။ ဒီနေ့ သွားကြည့်တော့ တစ်ဆိုင်လုံးကို ပိတ်ထားတယ်။ လူတစ်ယောက်မှလည်း မတွေ့ဘူး”
ယင်းနေ့မှာပင် ချမ်းအေးသာစံမြို့နယ်၊ အောင်တော်မူဘုရားအနီး Blue BBQ အကင်ဆိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်သည်ဆိုကာ စစ်ကောင်စီက အစိုးရပိုင်အဖြစ် သိမ်းဆည်းကြောင်း စာကပ်ပြီး ဆိုင်ရှင်များကို ဖမ်းဆီးခဲ့သည်ဟု ထိုမြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ မွန်းတည့် ၁၂ နာရီကလည်း မဟာအောင်မြေမြို့နယ် ၃၆ လမ်းနှင့် ၈၄ လမ်းအနီး ဖိနပ်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ထိုမြို့နယ်နေသူတစ်ဦးက ပြောသည်။
“သူတို့ ဝင်စစ်တဲ့အချိန် ဈေးဝယ်အမျိုးသားနှစ်ဦးထဲက ဆေးခြောက်ထုပ်တွေ့တယ်ဆိုပြီး ဖမ်းသွားတယ်။ ဆိုင်ရှင်တွေကိုတော့ ဖမ်းပြီးပြန်လွှတ်တယ် ကြားတယ်”ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်ကောင်စီက ခြိမ်းခြောက်မှုများသည် လူထုအပေါ်လုပ်တတ်သည့် စစ်ကောင်စီ၏ တစ်ခုတည်းသော နည်းလမ်းသာဖြစ်သည်ဟု မန္တလေးမြို့မှ နာမည်ကျော်သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက Myanmar Now ကို ပြောထားသည်။
အခြားမြို့အများအပြားကဲ့သို့ပင် အာဏာသိမ်းစစ်ကောင်စီနှင့် လက်အောက်ခံ မန္တလေးစည်ပင်ဝန်ထမ်းများသည် မြို့အတွင်း လှည့်လည်ကာ တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်ခြင်းမပြုရန် လှည့်လည်သတိပေးနေသည်။
ယနေ့ (ဇန်နဝါရီ ၂၈) နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ လန်ဒန်ဝင်းရပ်ကွက်ဈေးအနီး ဆိုင်ခန်းများကိုလည်း တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်ခြင်းမပြုကြရန် လက်မှတ်များ အတင်းအကျပ် လိုက်လံထိုးခိုင်းနေကြောင်း ထိုမြို့နယ်နေ ဒေသခံနောက်တစ်ဦးက ပြောသည်။
ယင်းအပြင် ဇန်နဝါရီ ၂၆ ညပိုင်းကလည်း စိန်ပန်းရပ်ကွက်အတွင်း အသံတိတ်သပိတ်ကို မပါဝင်ကြရန် သေနတ်ကိုင်စစ်သားနှစ်ဦးပါဝင်သည့် ကားတစ်စီးဖြင့် လိုက်လံ၍ လော်စပီကာဖြင့် လှည့်အော်နေသည်ကို တွေ့မြင်ရကြောင်း ဒေသခံတို့က ဆိုကြသည်။
နိုင်ငံရေးလှုပ်ရှားသူတို့ တိုက်တွန်းနှိုးဆော်နေကြသည့် အသံတိတ်သပိတ်တွင် ပါဝင်ပါက ဆိုင်များကို ကြီးလေးသည့် ပြစ်ဒဏ်များဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ဇန်နဝါရီ ၂၅ တွင် ထုတ်ပြန်ထားပြီး ယနေ့တွင်မူ ရတနာပုံစျေး၊ ဒိုင်းမွန်းစျေး၊ Sky Wall စျေး တို့တွင်လည်း အသိပေးစာများကပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။
မန္တလေးမြို့မှ အဝတ်အထည်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကမူ စစ်ကောင်စီ၏ခြိမ်းခြောက်မှုများကြားမှ အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲသွားမည်ဟု ဆိုသည်။
“အားလုံးညီကြမယ်လို့ ကျွန်မထင်တယ်။ ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ မဖြစ်မနေ ဖွင့်ရမယ်ဆိုရင်တောင် ဝယ်သူတွေက လာမဝယ်ကြဖို့ အပြင်မထွက်ဘဲ ညီကြဖို့ လိုတယ်”ဟု သူက ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့သည် ယခုနှစ်အတွက် တရုတ်နှစ်သစ်ကူးနေ့ဖြစ်သည်။ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားအများအပြားသည် တရုတ်နှစ်သစ်ကူးနေ့တွင် ဆိုင်ပိတ်၊ အလုပ်ပိတ်ထားလေ့ရှိသော်လည်း ယခုနှစ် နှစ်ကူးနေ့ ၎င်းတို့ဆိုင်ပိတ်လျှင် ဗိုလ်ချုပ်ကြီးများက ဖမ်းဆီးရန် အစီအစဉ်ရှိမရှိ မသေချာသေးပေ။
အသံတိတ်သပိတ်တွင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ – က နှင့် ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) တို့ဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ယမန်နေ့ ( ဇန်နဝါရီ ၂၅) တွင် သတိပေးထုတ်ပြန်သည်။
စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအနှံ့ အသံတိတ်သပိတ်အဖြစ် ယမန်နှစ် မတ်လ ၂၄ တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၀ တွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှ ပါဝင်ခဲ့ကြပြီးနောက် ယခုတစ်ကြိမ်တွင် စစ်ကောင်စီက ပုဒ်မများဖြင့်ပါ အရေးယူမည်ဟု ခြိမ်းခြောက်နေသည်။
မကြာသေးမီက ပေါက်ကြားလာသော မကွေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး စစ်အရာရှိတစ်ဦး၏ မိန့်ခွန်းအရ ဗိုလ်ချုပ်ကြီးများက လူထုထောက်ခံမှု အလိုရှိနေကြောင်း သိရသည်။
သို့သော်လည်း လက်တွေ့တွင်မူ ဒေသအသီးသီးမှ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျက်ရှိသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် အသက်မပြည့်သေးသူ ၄ ဦး အပါအဝင် လူ ၈ ဦး နှိပ်စက် သတ်ဖြတ်ခံထားရကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ခဲ့ရသည်။
ထိုသူတို့သည် လက်နက်ကိုင်ခုခံသူများ ဖြစ်နိုင်သည်ဟု စစ်ကောင်စီက RFA သတင်းဌာနကို တုံ့ပြန်ထားသည်။
ယခင်လကလည်း ကယားပြည်နယ် ဖရူဆိုမြို့တွင် လူ ၄၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က သတ်ဖြတ် မီးရှို့ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
အထက်ပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သေဆုံးသူတို့သည် လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်သည်၊ တားဆီးစစ်ဆေးမှုကို လက်မခံသဖြင့် ပစ်ခတ်ရခြင်း ဖြစ်သည်ဟု တုံ့ပြန်ထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.