21 January 2022
အဖမ်းခံရပြီးနောက်တစ်နေ့ သေဆုံးရသူ၏ ရုပ်အလောင်းကို မိသားစုက မထုတ်ယူရဲသဖြင့် နာရေးအသင်းက ယူပြီး ပိုင်ရှင်မဲ့ အလောင်းပုံစံဖြင့် သင်္ဂြိုဟ်သည်ဟု သေဆုံးသူ၏ မိတ်ဆွေက ဆိုသည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်းမနားကျေးရွာမှ လူငယ်တစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီး နောက်တစ်နေ့တွင် သေဆုံးသွားခဲ့သည်ဟု ကွယ်လွန်သူ၏ ရုပ်အလောင်းပြန်ရရေး လိုက်ပါကြိုးပမ်းခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။
ဇန်နဝါရီ ၁၆ နံနက်ပိုင်းက မုံရွာမြို့တွင် စျေးဝယ်သွားသည့် ၂၉ နှစ်အရွယ် ကိုထွန်းအောင်နိုင် (ခ) ကိုစံပေါ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့၍ မိသားစုဝင်များက လိုက်လံစုံစမ်းရာ နောက်တစ်ရက်နေ့ ဇန်နဝါရီ ၁၇ တွင် သေဆုံးသွားခဲ့သည်ဟု သိရကြောင်း ကွယ်လွန်သူ၏ မိတ်ဆွေလည်းဖြစ်သော ထိုသူက ဆိုသည်။
“အတွင်းဒဏ်ရာတွေရအောင် နှိပ်စက်တာပေါ့။ စစ်တပ်ကတော့ သူတို့နဲ့မဆိုင်ဘူး။ ရောဂါအခံကြောင့် သေရတာဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ သူရဲ့ ကျန်းမာရေးကြောင့် ဆုံးသွားတာဆိုပြီး ပြောတာ။ တကယ်က သူ့မှာ ဘာကျန်းမာရေးပြဿနာမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာများတွင် ဒေသခံများမှာ နီးစပ်ရာမြို့ပေါ်သို့ တိမ်းရှောင်နေကြရာ ထိုအထဲတွင် ကွယ်လွန်သူ ကိုထွန်းအောင်နိုင်၏ မိသားစုလည်း အပါအဝင်ဖြစ်ကြောင်း၊ အလောင်းကို နာရေးကူညီမှုအသင်း၏ အကူအညီဖြင့် ဇန်နဝါရီ ၁၈ တွင် သင်္ဂြိုဟ်ခဲ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါလူငယ်က ဆက်ပြောသည်။
“သင်္ဂြိုဟ်ဖို့ လုပ်တဲ့အခါမှာ အလောင်းကို ဘယ်သူကမှ သွားပြီးတော့ မထုတ်ရဲကြဘူး။ စစ်ကောင်စီကလည်း လိုက်ပြီးတော့ သတင်းစုံစမ်းမှာကို စိုးရိမ်တယ်။ နာရေးကူညီမှုအသင်းတစ်ခုကို အကူအညီတောင်းပြီးတော့ သင်္ဂြိုဟ်လိုက်ရတာပေါ့။ ပိုင်ရှင်မဲ့အလောင်းပုံစံမျိုးနဲ့” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း သတ်ဖြတ်ခံရမှု ၂ ခု ရှိကြောင်း၊ “အကြမ်းဖက်” လက်နက်ကိုင်တို့၏ လက်ချက်ဖြစ်ကြောင်း၊ စစ်ကောင်စီက ယနေ့ထုတ်သတင်းစာများတွင် ဓာတ်ပုံများနှင့် ထည့်သွင်းဖော်ပြသော်လည်း စစ်တပ်က ကနီမြို့နယ်မှ လူငယ်ကို ဖမ်းဆီးသွားပြီး ထိုလူငယ် အချိန်အနည်းငယ်အတွင်း သေဆုံးရသည့် အကြောင်းကို သတင်းဖော်ပြခြင်း မရှိပေ။
ကွယ်လွန်သူ၏ မိသားစုဝင်များကို ဆက်သွယ်သော်လည်း လုံခြုံရေးအရ မဖြေဆိုလိုကြောင်း ပြောသည်။
စက်တင်ဘာ ၁၁ ၌ ကနီမြို့နယ်၊ ဝင်းမနားကျေးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြိုးပမ်းခဲ့ရာ တိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ဘဲ စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းတို့ဖြင့် ကနီဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ဒေသခံကျေးရွာသားများမှာ ပိုမိုလုံခြုံမည်ဟု ယူဆရသည့် နီးစပ်ရာ မြို့၊ ရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDF နှင့် ဆက်နွှယ်သူဟု ယူဆပါက ကလေးငယ်ပါမချန် ဖမ်းဆီးနေရာ စစ်ကြောရေး၌ ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများရှိသလို အလောင်းပင် ပြန်မရဘဲ ဖျောက်ဖျက်ခံခဲ့ရသည်များလည်း ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်ချက်ဖြင့် ပြည်သူ ၁၄၈၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ ဇန်နဝါရီ ၂၀ တွင် ထုတ်ပြန်သည့် မှတ်တမ်းတွင် တွေ့ရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.