ထီးချိုင့်တွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ၅ ဦး၏ ရုပ်အလောင်းများတွေ့

ထီးချိုင့်တွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ၅ ဦး၏ ရုပ်အလောင်းများတွေ့

ဖမ်းဆီးသတ်ဖြတ်ခံရသည့် ထီးချိုင့် – PDF တပ်ဖွဲ့ဝင် ၅ ဦး။ (ဓာတ်ပုံ-ပေးပို့)  

မရသိမ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံစခန်းကို ဇန်နဝါရီ ၁၃ က ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်တပ်က PDF အဖွဲ့ဝင် လူငယ်ငါးဦးကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီးနောက် သတ်ဖြတ်ခဲ့သည်။ 

By Myanmar Now

စစ်ကိုင်းတိုင်းမြောက်ပိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်စဉ် ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF အဖွဲ့ဝင်ငါးဦး၏ ရုပ်အလောင်းများကို ဇန်နဝါရီ ၁၆ တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ထီးချိုင့်မြို့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ မရသိမ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံစခန်းကို စစ်တပ်က ဇန်နဝါရီ ၁၃ တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း အဖွဲ့ဝင်တစ်ဦး ကျဆုံးကာ အခြားငါးဦးကို ဖမ်းဆီးပြီးနောက် စစ်တပ်က လူသားဒိုင်းပြုလုပ်ခဲ့ကြောင်း ထီးချိုင့် PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။​

“သေနတ်မှန်ပြီး တစ်ယောက်ကျတဲ့နေ့က သူတို့က (စစ်တပ်) လူသားဒိုင်းအဖြစ်နဲ့ ၅ ယောက်ဖမ်းသွားတာကို သတ်ပြီးတော့မှ မြှုပ်ထားတာ။ တစ်နေ့ကမှ အလောင်းသွားဖော်တာ” ဟု ၎င်းက ယနေ့ (ဇန်နဝါရီ ၁၈) တွင် Myanmar Now ကို ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ PDF အဖွဲ့ဝင်များမှာ အသက် ၁၈ နှစ်အရွယ် အောင်အောင်ဦး၊ ရှိုင်းထက်အောင်၊ စိုင်းထက်မြတ်၊ အသက် ၂၂ နှင့် ၃၂ နှစ်အရွယ် နိုင်နှောင်းထက်နှင့် စိုင်းအောင်ဆိုသူ လူငယ်များဖြစ်သည်ဟု သိရသည်။​

အဆိုပါ PDF အဖွဲ့ဝင် လူငယ်များ၏ ရုပ်အလောင်းကို မရသိမ်ကျေးရွာနှင့် မိုင်အနည်းငယ်သာ ဝေးသည့် ကျွန်းပင်သာယာရွာအနီးတွင် တစ်နေရာစီ မြေမြှုပ်ထားခြင်းဖြစ်ကာ အချို့ကို ဓားဖြင့် လှီးဖြတ်ထားပြီး အချို့မှာ သေနတ်ဖြင့် ပစ်သတ်ထားခြင်းဖြစ်သည်ဟု ထီးချိုင့် PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။​

ဇန်နဝါရီ ၁၃ မရသိမ်တိုက်ပွဲတွင် သေဆုံးခဲ့သည့် အသက် ၁၈ နှစ်အရွယ် ထီးချိုင့် PDF အဖွဲ့ဝင် မောင်တိုးဝေ ။ (ဓာတ်ပုံ-ပေးပို့)  

ဖမ်းဆီးသတ်ဖြတ်ခံရသူ လူငယ်ငါးဦးနှင့်အတူ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အသက် ၁၈ နှစ်အရွယ် PDF အဖွဲ့ဝင် မောင်တိုးဝေ၏ အလောင်းကိုလည်း ယင်းနေ့၌ပင် ရှာဖွေတွေ့ရှိခဲ့သည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ခွဲတစ်ခုသည် ထီးချိုင့်မြို့နယ် မရသိမ်ရွာအနီးတွင် ဇန်နဝါရီ ၁၁ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်ကာ ဇန်နဝါရီ ၁၃ ရက် နံနက်အစောပိုင်းတွင် ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သား ထပ်မံပို့ဆောင်ခဲ့ကြောင်း၊ နံနက် ၆ နာရီမှစ၍ လက်နက်ကြီးပစ်ကူများအပြင် တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း PDF တစ်ဦး တိုက်ပွဲကျကြောင်း၊ သေနတ်ထိမှန်သူ သုံးဦးအပါအဝင် PDF အဖွဲ့ဝင်လေးဦး အနည်းဆုံး သေဆုံးမည်ဟု ယူဆရကြောင်း မြင်တွေ့ခဲ့ရပုံကို ပြောကာ စစ်တပ်က အနီးဝန်းကျင်ကျေးရွာများကိုလည်း ဆက်လက်စီးနင်း မွှေနှောက်ခဲ့ကြောင်း ဆင်ကျွန်းရွာ ဒေသခံရွာသားတစ်ဦးက ပြောသည်။​

သေဆုံးသူ PDF အဖွဲ့ဝင်များအနက် ဆင်ကျွန်းရွာမှ နှစ်ဦး၊​ ပိန္နဲကုန်းရွာမှ တစ်ဦးနှင့် ကျီးကန်းထောက်ရွာမှ တစ်ဦးပါဝင်ကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ အခြားရွာသားများလည်းရှိကြောင်း ၎င်းက ပြောသည်။

“ဖမ်းခံရတဲ့ရွာသားတွေကတော့ လူသားဒိုင်း ခေါ်ခံရတာပေါ့။ ကျီးကန်းထောင့်ကနေ မယ်ဇလီ သွားတဲ့အချိန် ကျီးကန်းထောင့်က လူတွေခေါ်လာပြီး မယ်ဇလီ (ရွာ) ရောက်မှ ပြန်လွှတ်တာ။ ရိုက်နှက် မေးမြန်းပေါ့။ မယ်ဇလီရွာရောက်တော့လည်း မပြေးတဲ့ ရွာသားတွေဖမ်း နေအိမ်သုံးလုံး မီးရှို့ခဲ့တာပဲ” ဟု အထက်ပါ ရွာခံအမျိုးသားက ပြောသည်။

တိုက်ပွဲအတွင်း စစ်တပ်က လူသားဒိုင်းအသုံးပြုခဲ့သည်ဟု မရသိမ်ရွာအနီး အခြားရွာတစ်ခုမှ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ရွာသားတွေကို တွေ့ရင်တော့ ဖမ်းတယ်။ စစ်ဆေးတယ်။ မယ်ဇလီရွာက စာသင်ကျောင်းကို ရှာတဲ့အချိန် ဦးလေးကြီးတစ်ယောက်ကို ဖမ်းပြီးတော့ မိုင်းထောင်ထားတာ ကြောက်လို့ ဖြစ်မယ်၊ ပစ္စည်းတွေကို ရှာခိုင်း ဖွင့်ခိုင်းတာ လုပ်တယ်။ မိုင်းရှိနိုင်တယ်ထင်တဲ့နေရာတွေကို အဲဒီဦးလေးကြီးကို အရင်သွားခိုင်းတာမျိုးလုပ်တယ်။ ကျောင်းထဲမှာ တွေ့သမျှ ပစ္စည်းတွေ ဆွဲထုတ်ပြီးတော့ မီးပုံရှို့သွားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် မရသိမ်ရွာ စာသင်ကျောင်း၌ နေရာယူတပ်စွဲထားသည့် PDF စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုသော်လည်း PDF အဖွဲ့ဝင် လူငယ်ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လေကြောင်းမှတိုက်ခိုက်ခြင်းကို ဖော်ပြခြင်း မရှိပေ။

မရသိမ်စာသင်ကျောင်းကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီက ဆိုသော်လည်း ထီးချိုင့် PDF ကမူ စစ်ကောင်စီလက်ချက်ဟု ပြောသည်။​

လက်ရှိတွင် စစ်တပ်က ထီးချိုင့်မြို့ပေါ်၌ လှည့်လည်နေပြီး တိုက်ပွဲအတွင်း မရသိမ်ကျေးရွာအပါအဝင် အနီးဝန်းကျင်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ဒေသခံများ နေရပ်ပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အစပ် ဧရာဝတီမြစ်ပေါ်ရှိ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများနှင့် စစ်ရေယာဉ်များကို ဒေသခံ PDF များက မကြာခဏ ခုခံတိုက်ခိုက်လေ့ရှိကာ စစ်ကောင်စီက လေကြာင်းနှင့် လက်နက်ကြီးပစ်ကူဖြင့် လက်တုံ့ပြန်တိုက်ခိုက်သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia