06 January 2022
အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ ကိုးလနီးပါးရှိပြီဖြစ်သော သုံးနှစ်အရွယ် သမီးငယ်၊ မိခင်နှင့် အဘွားဖြစ်သူတို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)
ဖခင်ဖြစ်သူ စည်ပင်အမှိုက်သိမ်းဝန်ထမ်းကို ဖမ်းမမိသဖြင့် အသက် ၅၀ အရွယ် မိခင်၊ ၃၀ ကျော်အရွယ် ဇနီးဖြစ်သူနှင့် သုံးနှစ်အရွယ် သမီးငယ်မှာ မတ်လအတွင်း အဖမ်းခံရကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုရင်ဆိုင်နေရသည်။
By Myanmar Now
ဖခင်ဖြစ်သူကို ဖမ်းမမိသဖြင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရကာ ရန်ကုန်မြို့၊ အင်းစိန်ထောင်၌ ၉ လကျော် ကြာထိန်းသိမ်းခံထားရသည့် သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် မိခင်နှင့် အဘွားဖြစ်သူတို့ကို တရားရှင်လွှတ်ပေးရန် လျှောက်ထားချက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးက ယနေ့ (ဇန်နဝါရီ ၆) ပယ်ချလိုက်သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နေ့စား အမှိုက်သိမ်းဝန်ထမ်း ကိုမင်းဇော်ဦးကို ဖမ်းမမိသဖြင့် စစ်ကောင်စီက အသက် ၅၀ အရွယ် မိခင်၊ ၃၀ ကျော်အရွယ် ဇနီးဖြစ်သူနှင့် သုံးနှစ်အရွယ် သမီးငယ်ဖြစ်သူကို မတ်လကုန်ပိုင်းတွင် ဖမ်းဆီးကာ ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ စာတင်ထားတာကိုတော့ ပယ်ချလိုက်တယ်။ သူတို့က သက်သေနှစ်ယောက် စစ်ပြီးမှ အပြီးသတ်အမိန့်ချမယ်လို့ ပြောတယ်” ဟု ဖမ်းဆီးထိန်းသိမ်းခံရသည့် မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းမှာ အခြေအမြစ်မရှိသောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၂၅၃ (၂) အရ စွဲချက်မတင်မီ ပြန်လွှတ်ပေးရန် အထူးတရားရုံး၌ ဒီဇင်ဘာ ၁၆ ရက်တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
“အဘွားဖြစ်သူကတော့ ပြီးခဲ့တဲ့အပတ်က လေဖြန်းချင်သလို ဖြစ်သွားတယ်။ အခုတော့ ပြန်ကောင်းနေပါပြီ” ဟု သုံးနှစ်အရွယ် ကလေးငယ်၏ မိသားစုနှင့် နီးစပ်သူက ဆိုသည်။
အင်းစိန်ထောင်တွင်းအထူးတရားရုံးက နောက်တစ်ကြိမ်ရုံးချိန်းအဖြစ် လာမည့် ဇန်နဝါရီလ ၁၈ ရက်ကို ပြန်လည်ချိန်းဆိုသည်ဟုလည်း ၎င်းထံမှ သိရသည်။
အဘွား၊ မိခင်ဖြစ်သူတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ချစ်သမီးအမည်ရ မိန်းကလေးငယ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က အသက်သုံးနှစ်ပြည့်မြောက်ခဲ့ကာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ ကိုးလကျော်ရှိပြီဖြစ်သည်။
အဆိုပါ စည်ပင်အမှိုက်သိမ်းဝန်ထမ်းမိသားစုဝင်တွင် အင်းစိန်ထောင်ရောက် သုံးနှစ်သမီးငယ်အပါအဝင် ကလေးခြောက်ဦးရှိသည့်အနက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးစဉ် ဝန်ထမ်းအိမ်ရာ၌ ကျန်ခဲ့သည့် ကျန်ကလေးငါးဦး၏ လက်ရှိအခြေအနေကို မသိရကြောင်း အထက်ပါနီးစပ်သူထံမှ သိရသည်။ ထိုကျန်ခဲ့သည့် ကလေးများတွင် စကားမပြောတတ်သူတစ်ဦးပါဝင်သည်ဟု ဆိုသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၂၅၃ (၂) အရ တရားလိုသက်သေအားလုံးကို စစ်ဆေးခြင်း မပြုရသေးသော်လည်း စွပ်စွဲချက်မှာ အခြေအမြစ်မရှိဟု တရားသူကြီးက ယူဆလျှင် ကျိုးကြောင်းဖော်ပြပြီး တရားရှင်လွှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူလိုက်ချိန်တွင် အာဏာဖီဆန်ရေးလှုပ်ရှားတွင် ပါဝင်ခဲ့ကြသည့် ထောင်ပေါင်းများစွာသော နိုင်ငံ့ဝန်ထမ်းများတွင် စည်ပင်အမှိုက်သိမ်းဝန်ထမ်းကဲ့သို့သော အောက်ခြေဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။
စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချရာတွင် အလိုရှိသူကို ဖမ်းမမိပါက အသက်မပြည့်သေးသူ ကလေးငယ်များအပါအဝင် မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ရန်ကုန်စည်ပင်သန့်ရှင်းရေးဝန်ထမ်း၏ အင်းစိန်ထောင်ရောက် လူမမည်သမီးငယ်လေးအကြောင်း Myanmar Now က သတင်းဆောင်းပါးရေးသားပြီးဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.