ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများ အကျဉ်းချုပ်ဖော်ပြချက်

ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများ အကျဉ်းချုပ်ဖော်ပြချက်

ဇန်နဝါရီ (၅) ရက်၊ ၂၀၂၂

အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းမှု (၁၁) လ ကျော်လာသည့်အချိန်တွင် တနိုင်ငံလုံးအနှံ့ လူမဆန်စွာရက်စက်မှုများ၊ ဘေးဒုက္ခများ၊ စစ်ရေးအရှိန်မြင့်တက်လာမှုများနှင့်အတူ အရပ်သား ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရမှုများနှင့် နစ်နာခံစားရမှုများမှာ ဆထက်တိုး၍ ဆိုးရွားလာနေဆဲ ပင် ဖြစ်သည်။

ဒီဇင်ဘာ (၅) ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူအုပ်ထဲသို့ စစ်အုပ်စုလက်ပါးစေများက ကားကိုအရှိန်ပြင်းပြင်းမောင်းနှင်၍ ဝင်တိုက်ကာ သေနတ်ဖြင့် ပစ်ခတ်၍ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့သည်။ ထို့ကြောင့် ဒဏ်ရာရရှိသူများ၊ အသက်အန္တရာယ်ထိခိုက်သူများနှင့် ဖမ်းဆီးခံခဲ့ရသူများရှိခဲ့သော်လည်း စစ်အုပ်စုကမူ ၎င်းတို့အနေဖြင့် တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လူစုခွဲ ထိန်းသိမ်းခဲ့ခြင်းသာဖြစ်ကြောင်း တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့စွာ ငြင်းဆိုခဲ့သည်။

အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ဒေသများထဲမှ စစ်ကိုင်းတိုင်းမှာ အာဏာ သိမ်းအကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ရလျက်ရှိရာ ဒီဇင်ဘာလ အတွင်း၌ စစ်ကိုင်းတိုင်းကျေးရွာများရှိ ဒေသခံ (၁၈) ဦးထက်မနည်းမှာ စစ်အုပ်စုလက်ပါးစေများ၏ ဖမ်းဆီး မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ထိုအထဲတွင် အသက် (၁၈) နှစ်အောက် ကလေးနှစ်ဦး ပါဝင်သည်။ အလားတူ ပင် ဒီဇင်ဘာ (၂၅) ရက်နေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မော်တော်ယာဉ်ပေါ်၌ ကလေးငယ်များပါ ပါဝင်သည်ဟု အတည်ပြုထားသည့် မီးရှို့ခံထားရသော အပြစ်မဲ့ပြည်သူ ရုပ်အလောင်း ၃၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုအပြစ်မဲ့ပြည်သူများကို မီးရှို့မသတ်ဖြတ်ခင် ဖမ်းဆီးထားစဉ်အတွင်း ၎င်းတို့လွတ်မြောက်ရေးအတွက် သွားရောက်ညှိနှိုင်းခဲ့သော ကရင်နီပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး (ကလလတ) ပြည်သူ့စစ်အသွင်ပြောင်း မှ တပ်ဖွဲ့ဝင် ၄ ဦးအား စစ်တပ်မှ လက်ပြန်ကြိုးများတုတ်၍ ဦးခေါင်းကို ပစ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ကလလတ မှ ထုတ်ပြန်ထားသည်။ ထို့အပြင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာဖြစ်စဉ်တွင် အချို့သော အပြစ်မဲ့ပြည်သူများ ပျောက်ဆုံးလျက်ရှိသည်။

အရပ်သားပြည်သူများ၏ နေအိမ်၊ အဆောက်အအုံနှင့် ပိုင်ဆိုင်မှုများကို စစ်အုပ်စုမှ မီးရှို့ ဖျက်ဆီးမှုခြင်းများ အား ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလအတွင်း၌ ကျေးရွာများ၊ လူနေ ရပ်ကွက်များ မီးရှို့ခံရမှုမှာ အနည်းဆုံး (၅၆) ကြိမ် ရှိခဲ့ပြီး အဆောက်အဦပေါင်း (၆၅၀) ထက်မနည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အဆိုပါ အချက်အလက်မှာ မိမိတို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ စောင့်ကြည့်မှတ်တမ်းတင်ထားချက်များအရဖြစ်ပြီး လက်တွေ့မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ဖွယ်ရှိ သည်။

ဒီဇင်ဘာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူ (၁၂၇) ဦးကျဆုံးခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ကောက်ယူ စုဆောင်းရရှိသည့် မှတ်တမ်းများအရ ဒီဇင်ဘာလ၌ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရသူ (၆၁) ဦး၊ အမျိုးသမီး (၅) ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၇) ဦး ရှိခဲ့သည်။

AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အချက်အလက်များအရ ဒီဇင်ဘာ ၁ မှ ၃၁ ရက်နေ့အထိ စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း (၃၀၉) ဦး ရှိခဲ့သည်။ ထိုအထဲတွင် အမျိုးသမီးဦးရေ (၆၈) ဦး၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ (၁၅) ဦး နှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၁၈) ဦး ပါဝင်သည်။

အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံအဝှမ်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ အရပ်သားပြည်သူ လူထု၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ PDF စသည်တို့နှင့်ဆက်သွယ်သည်ဟု ဆိုကာ မတရားချိပ်ပိတ်သိမ်းဆည်းမှုများကိုလည်း ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာလအတွင်း၌ ချိပ်ပိတ်သိမ်း ဆည်း ခံခဲ့ရသော နေအိမ်အဆောက်အအုံပေါင်း (၃၃) ခု ရှိခဲ့သည်။

တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းမှုများကြောင့် အကျဉ်းထောင်များ၌ ချုပ်နှောင်ခံနေကြရသည့် မတရား ဖမ်းဆီးခံများ၏ အကျဉ်းထောင်တွင်းအခြေအနေမှာလည်း လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရသည်။ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ မြန်မာ တနိုင်ငံလုံး အသံတိတ်သပိတ် (Silent Strike) ကို ဆင်နွှဲခဲ့ကြချိန် အင်းစိန်အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကလည်း သပိတ်တွင်ပါဝင်ခဲ့ကြသည်။ ထို့အတွက်ကြောင့် ထောင်တွင်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ (၈၉) ဦးမှာ နံပါတ်တုတ်၊ ရာဘာကြိုးတို့ဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံခဲ့ရသည်။ ထို့အပြင် ဒီဇင်ဘာ (၂၉) ရက်နေ့က ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဖြစ်သူ ကိုဝေယံဖြိုးမိုးကို အင်းစိန်ထောင် အတွင်းမှာ ထောင် အာဏာပိုင် များနှင့် အကျဉ်းသားတချို့က အကြမ်းဖက်ရိုက်နှက်ခဲ့ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှာရှိနေပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း မရရှိ ပေ။

အထက်ပါဖေါ်ပြချက်များသည် အာဏာသိမ်းစစ်အုပ်၏ ဒီဇင်ဘာလအတွင်း၌ ကျူးလွန်ခဲ့သော တရားမဲ့ အကြမ်းဖက်မှုများအား အကျဉ်းချုပ်ဖေါ်ပြချက်မျှသာဖြစ်ပြီး အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ထိုကဲ့သို့ လူမဆန်သော အကြမ်းဖက်ကျူးလွန်မှုများ များစွာရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း


လစဉ်အစီရင်ခံစာအားဒေါင်းလော့ရယူရန် Burmese December Chronology

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia