တန့်ဆည်တွင် အသက်မပြည့်သေးသူနှင့် လူငယ်တစ်ဦးကို ပစ်ခတ်ဖမ်းဆီး၊ နှိပ်စက်

တန့်ဆည်တွင် အသက်မပြည့်သေးသူနှင့် လူငယ်တစ်ဦးကို ပစ်ခတ်ဖမ်းဆီး၊ နှိပ်စက်

ကိုမင်းခန့်ဇော်။ ဓာတ်ပုံ − ပေးပို့

အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသားနှင့် ဆိုင်ကယ်အတူစီးလာသည့် ၁၇ အရွယ် လူငယ် ပေါင်တွင် ကျည်ဆန်မှန်ထားလျက်ဖြင့်ပင် ညှဉ်းပန်းခံနေရသည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသားတစ်ဦးနှင့် အသက်မပြည့်သေးသူတစ်ဦးတို့ ပစ်ခတ်ဖမ်းဆီးခံရသည်ဟု ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ ကိုယ်စားပြုကော်မတီ တာဝန်ရှိသူက အတည်ပြုသည်။

တန့်ဆည်ဒေသခံ ၁၉ နှစ်အရွယ် ကိုမင်းခန့်ဇော် (ခ) ကိုမင်းခန့်၊ ၁၇ နှစ်အရွယ် ကိုအောင်ပြည့်ဖြိုးတို့မှာ ယနေ့ (ဇန်နဝါရီ ၄) နံနက်ပိုင်းက ခင်ဦးမြို့သို့ ဆိုင်ကယ်နှင့် သွားစဉ် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

တန့်ဆည်မြို့နယ် အရှေ့ဘက် ၅ မိုင်အကွာရှိ ငတန်းရွာနားတွင် ဖမ်းဆီးစဉ် ကိုအောင်ပြည့်ဖြိုး၏ ပေါင်ကို ကျည်ဆန်ထိမှန်သည်ဟု မျက်မြင်တွေ့သူတို့ထံမှ သိရကြောင်း တန့်ဆည်မြို့ခံတစ်ဦးကလည်း ပြောသည်။ အသေးစိတ်ကိုမူ မသိရပေ။

“မင်းခန့်ဇော်ကတော့ ဘယ်ကိုထိလဲ မသိဘူး။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှမသိထားဘူး”ဟု ၎င်းက ပြောသည်။​

ထို့နောက် ညနေပိုင်းတွင် စစ်ကောင်စီအတွက် ဝါဒဖြန့်လေ့ရှိသည့် ဆိုရှယ်မီဒီယာများ၌ ထိုလူငယ်နှစ်ဦး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံနေရသည့် ရုပ်သံဖိုင်ထွက်ပေါ်လာ၍ ၎င်းတို့၏ အသက်အန္တရာယ်ကိုပင် စိုးရိမ်မိကြောင်း သမဂ္ဂကိုယ်စားပြုကော်မတီက ညတွင်းချင်း သတင်းထုတ်ပြန်ထားသည်။

“ဆေးကုသခွင့်လဲ မရနိုင်ဘူး။ ​ဒီလိုမျိုးခြိမ်းခြောက် ဖိအားပေးခံနေရတာဆိုတော့ သူတို့အသက်အန္တရာယ်ကို ပိုပြီးစိုးရိမ်တယ်ဗျ။ အဲဒီဒေသက စစ်ပူဒေသလဲ ဖြစ်နေတယ်။ (သူတို့ကို) PDF အနေနဲ့လဲ ဖမ်းထားတာဆိုတော့ သူတို့ကို သတ်ပစ်လိုက်မှာ စိုးတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

၄၃ စက္ကန့်သာ ကြာသည့် ထိုရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ဟု ယူဆရသူတို့က “မင်းကင်း PDF ပါဗျ”၊ “အရေးတော်ပုံ ကျရှုံးရမည်”ဟု ၁၀ ကြိမ်ခန့်စီ အော်ဟစ်ခိုင်းခဲ့ပြီး အသံတိုးနေလျှင် ကျယ်ကျယ်ပြောရန် ဝိုင်းဝန်းဖိအားပေးနေသည်ကို တွေ့ရသည်။

ကိုမင်းခန့်ကို ကြိုးတုပ်ထားသည့်လက် ခေါင်းပေါ် တင်ထားလျက် တွေ့မြင်ရပြီး လက်နောက်ပြန် ကြိုးတုပ်ခံထားရသည့် ကိုအောင်ပြည့်ဖြိုး၏ ညာဘက်ပေါင်တွင် ပတ်တီးစည်းထားသည်ကို ထိုရုပ်သံဖိုင်၌ မြင်ရသည်။

အခြားဓာတ်ပုံတစ်ခု၌ နှစ်ဦးစလုံးကို လက်ထိတ်ခတ်လျက် သံကြိုးဖြင့် ချည်နှောင်ထားကာ မျက်နှာများတွင် ဖူးရောင်ဒဏ်ရာများ၊ ကိုမင်းခန့်၏ ဦးခေါင်းမှ ဆံပင်များ နုတ်ယူ သို့မဟုတ် ရိတ်ယူ ခံထားရသည်ကို ထင်ရှားစွာ တွေ့ရသည်။

၎င်းတို့နှစ်ဦးစလုံး မည်သည့်နေရာတွင် ဖမ်းဆီးခံထားရမှန်း အတည်ပြု၍ မရသေးသလို ကာယကံရှင်တို့၏ မိသားစုဝင်များနှင့်လည်း ဆက်သွယ်၍ မရသေးပေ။

“ကျောင်းသားတွေကို အငြိုးတကြီးနဲ့ ဖမ်းပြီး PDF လို့ စွဲတပ်နေတာလဲ ရှိမှာပေါ့။ ပြီးတော့ ပြီးခဲ့တဲ့ တစ်လကျော်ကလဲ ကျနော်တို့ရဲဘော်တစ်ဦးကို အဖမ်းခံရပြီး နောက်တစ်ရက်မှာ သေသွားတယ်။ အဲဒါကြောင့် ဒီနေ့အဖမ်းခံရတာကို (ထုတ်ပြန်ချက်) မြန်မြန်ထုတ်ပြန်လိုက်တာ”ဟု အထက်ပါသမဂ္ဂတာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ ၂၄ နှစ်အရွယ် ရဲဘော်နှင်းအောင် (ခ) ရဲဘော်အောင်ဘညိုကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးပြီး နောက်တစ်ရက်တွင် ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် ဓာတ်ပုံအထောက်အထား ပျံ့နှံ့ခဲ့သည့် ဖြစ်စဉ်ကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ၁၁ လရှိလာချိန်တွင် ဖမ်းခံရသူ ၁၀,၀၀၀ ကျော်ရှိပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁,၅၀၀ ဝန်းကျင်ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထိုအဖွဲ့ကို တရားမဝင်၊ စာရင်းချဲ့ကားလွန်းသည်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသော်လည်း AAPP ဘက်ကမူ လက်လှမ်းမီသလောက် စုစည်းထားခြင်းသာဖြစ်၍ ထို့ထက်များနိုင်သည်ဟု ဆိုထားသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia