ဂန့်ဂေါတွင် စစ်တပ်က ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်

31 December 2021

ဂန့်ဂေါတွင် စစ်တပ်က ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ၌ ရွာသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားခဲ့သည့်နေရာ။ (ဓာတ်ပုံ – ပေးပို့)

ဖမ်းဆီးခံရသူသုံးဦးအနက် နှစ်ဦးမှာ စိတ်ကျန်းမာရေးမကောင်းသူများဖြစ်ကာ တစ်ဦးမှာ ရိုက်နှက်ခံရပြီး ကျန်တစ်ဦးမှာ ကြိုးတုပ်လျက် စစ်ကြောင်းရှေ့က ခေါ်ဆောင်သွားခြင်းခံရသည်။ 

By Myanmar Now

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို နောက်တစ်ကြိမ်ဝင်ရောက်လာသည့် စစ်တပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦး အပါအဝင် ရွာသားသုံးဦးကို ဖမ်းဆီးပြီးနောက် တစ်ဦးကို ပစ်သတ်ကာ မီးရှို့ အလောင်းဖျောက်ခဲ့ကြောင်း ရွာအကြီးအကဲတစ်ဦးထံမှ သိရသည်။

ဒီဇင်ဘာ ၁၇ ရက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခဲ့သည့် ယောဒေသမြောက်ပိုင်းရှိ နှမ်းခါးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၉ တွင် နောက်တစ်ကြိမ်ဝင်ရောက်လာကာ တစ်ညတာစခန်းချစဉ် ဒေသခံသုံးဦးကို ဖမ်းဆီးကာ တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။​

ဖမ်းဆီးခံရသူ နှမ်းခါးရွာသားသုံးဦးအနက် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ထူကိုယ်ထ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်နေသူ အထက်ပါအကြီးအကဲက ပြောသည်။

“သူတို့က (စစ်တပ်) ရွာထဲက မထွက်ခင် လူသတ်ပြီး အလောင်းကို အိမ်ထဲထည့် မီးရှို့သွားတာ။ ပြီးတော့ စိတ်ဝေဒနာသည်တစ်ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းရှေ့က ကားခေါ်သွားတယ်။ မိုင်းမိမှာစိုးလို့ လူသားတံတိုင်းလုပ်သွားတာ” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၃၁) မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။​

စစ်တပ်က ဖမ်းဆီးခဲ့သူသုံးဦးမှာ အသက် ၄၅ နှစ်အရွယ် ဦးထွားမောင်၊ စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးဖြစ်သည့် ၆၀ ဝန်းကျင်အရွယ် ဦးပေတုံးနှင့် အသက် ၃၀ အရွယ် ကိုသန်းငွေတို့ဖြစ်သည်ဟု အထက်ပါ ရွာအကြီးအကဲထံမှ သိရသည်။

စိတ်ကျန်းမာရေးမကောင်းသူ ဦးပေတုံးကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် တွေ့ရသည့်နည်းတူ ကိုသန်းငွေမှာလည်း ကြိုးတုပ်လျက်အနေအထားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှေ့တွင် တွေ့မြင်လိုက်ရသဖြင့် မီးရှို့ခံထားရသူမှာ ဦးထွားမောင်ဖြစ်ကြောင်း ရွာခံများက ကောက်ချက်ချထားသည်။

စစ်ကောင်စီတပ်သည် လူမဆန်စွာဖြင့် အပြည်မဲ့ပြည်သူ စိတ်ဝေဒနာရှင်တစ်ဦးကို ရိုက်နှက်ခဲ့သည့်ပြင် အပြစ်မဲ့ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ အစဖျောက်မီးတိုက်သွားကြောင်း နှမ်းခါးလူငယ်အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။​

စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့သည့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၆၀ အရွယ် နှမ်းခါးရွာသား ဦးပေတုံး။ (ဓာတ်ပုံ​ – ပေးပို့)

မီးရှို့ခံထားရသည့် နေအိမ်အနီးတွင် တွေ့ရသည့် ဦးပေတုံးမှာ ဒဏ်ရာများကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည်ဟုလည်း အထက်ပါ ရွာအကြီးအကဲဖြစ်သူ အမျိုးသားက ပြောသည်။​

“မသေရုံတစ်မည် ထားခဲ့တာ။ ဆေးကုပေးနေရပေမဲ့ အခုချိန်ထိ အသက်အန္တရာယ် စိတ်မချရသေးဘူး။ ခေါင်းတွေ၊ ကျောပြင်တွေမှာ ရိုက်နှက်ထားတာ။ တိတ်တွေကပ်ပြီး ရိုက်ထားပုံပဲ။ သူ့နားမှာ တိပ်တွေနဲ့ ကြိုးတွေ တွေ့တယ်။ သူက စကားလည်း မပြောနိုင်တော့ ဘာမှ မေးမရဘူး” ဟု ၎င်းက ပြောသည်။​

စစ်ကြောင်းရှေ့မှ ကြိုးတုပ်လျက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ကိုသန်းငွေမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်သည့်အလျောက် ရွာထဲ လျှောက်သွားနေစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ရွာထဲ လျှောက်သွားနေတုန်း အဖမ်းခံရတာ။ ထမင်းတွေ ဘာတွေတောင် အလှူတွေ မင်္ဂလာဆောင်တွေမှာ လိုက်စားတဲ့သူဗျ။ စိတ်ဖောက်ပြန်နေတာ။ သူ့စိတ်က မှန်ချင်တဲ့အချိန်မှ မှန်တာ။ ဖောက်ပြန်နေတာ များတယ်။ ထွက်ပြေးရကောင်းမှန်းလည်း မသိဘူး။ သူ့ကို စစ်ကြောင်းနဲ့အတူ ခေါ်သွားတယ်”

ပစ်သတ်ပြီး မီးရှို့ခံရသည်ဆိုသော ဦးထွားမောင်၏ မိသားစုဝင်များထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသည့်နည်း ရွာခံအများစု ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အခြေအနေအသေးစိတ် မသိရသေးပေ။

နှမ်းခါးရွာအပါအဝင် အနီးဝန်းကျင်ရှိ ရွာများမှ ထောင်နှင့်ချီသော ဒေသခံများ ဒီဇင်ဘာ ၁၇ ရက်တွင် ရဟတ်ယာဉ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်ရှိတွင် ဘေးလွတ်ရာ၌ ခိုလှုံနေရသည့် နှမ်းခါးရွာသားများအနက် ၇၈ ဦးမှာ သွေးတိုးခြင်းအပါအဝင် နေထိုင်မကောင်းဖြစ်နေကာ ဆေးဝါးများလိုအပ်နေသည်ဟု ရွာအကြီးအကဲဖြစ်သူက ပြောသည်။

“ဆေးဝါးတွေ တအားလိုအပ်နေတယ်ဗျာ။ ဆေးရုံ၊ ဆေးခန်းတွေသွားလို့ မလွယ်ဘူး။ မြို့ပေါ်သွားရင် နှမ်းခါးလို့ပြောရင် ဖမ်းတာ။ ကုန်ပစ္စည်းတွေမှာ နှမ်းခါးလို့ ရေးထားရင်တောင် သိမ်းသွားတာ။ ဆေးဝါးတွေ လိုတယ်။ ပြီးတော့ ကျွန်တော်တို့က ချင်းတောင်နဲ့ နီးတော့ တအားအေးတယ်။ အနွေးထည်တွေ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

အသက် ၉၄ ဝန်းကျင် ဦးအောင်မြိုင်နှင့် ၆၅ နှစ်အရွယ် ဦးမြတ်ဦး ဆိုသူတို့မှာ ဒီဇင်ဘာ ၂၄ ရက်က အအေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသည်ဟု သိရသည်။


Original Post: Myanmar Now

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia