26 December 2021
လေးကေ့ကော်ဒေသတွင် ခိုလှုံနေသူ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာမှာ ဒီဇင်ဘာ ၂၅ ရက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် ထိမှန်သေဆုံးခဲ့သည်။ (ဓာတ်ပုံ – Supplied)
အသက် ၃၈ နှစ်အရွယ် ကိုအေစိုင်းကေ (ခ) စိုင်းဝင်းအောင်မှာ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာနှင့် ကဗျာဆရာတစ်ဦးလည်းဖြစ်သည်။
By Myanmar Now
ကရင်ပြည်နယ် လေးကေကော်ဒေသတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၅) က စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျာနယ်အယ်ဒီတာတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ၎င်း၏မိတ်ဆွေနှစ်ဦးထံမှ သိရသည်။
သေဆုံးသူမှာ ဖက်ဒရယ်ဂျာနယ် အယ်ဒီတာဖြစ်သူ ကိုအေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဖြစ်ပြီး ယမန်နေ့က လေးကေကော်မြို့သစ်အဝင် မယ်ဝါးခီးကျေးရွာအနီး စစ်ဘေးရှောင်များ ပုန်းခိုရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အသက် ၃၈ နှစ်အရွယ် ကိုအေစိုင်းကေ၏ ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၂၆) နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုဒေသတွင် ရှိနေသည့် Delta News Agency အယ်ဒီတာချုပ် ကိုစိုးရက ပြောသည်။
“ကိုအေစိုင်းကေက ဖြစ်တဲ့နေရာမှာ တစ်ခါတည်းကျတာ။ ကျွန်တော်တို့လည်း ဝုန်းဆို နောက်လန်ကျသွားပြီး လိမ့်ထွက်ဆုတ်လိုက်တော့ ဘယ်သူတွေ ဘယ်လိုဖြစ်သွားတာလဲ မသိခဲ့လိုက်ဘူး။ ရောက်တာမကြာသေးတော့ သူ့ကို မသိကြဘူး။ ဒီမနက် (အလောင်းပြန်ရတော့) ကြည့်လိုက်တော့မှ သူမှန်းသိတာ” ဟု ၎င်းက ပြောသည်။
ခရစ်စမတ်ပွဲတော်နေ့ဖြစ်သော ယမန်နေ့တွင် လေးကေကော်မြို့သစ်အနီး မယ်ဝါးခီးကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများ၊ ရဟတ်ယာဉ်များဖြင့်ပါ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ စစ်ဘေးရှောင် ၄၀၀ ခန့် ခိုလှုံရာနေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများတွင် အသက် ၄၀ အရွယ် ကိုအောင်မျိုးဇင်ဆိုသူလည်း ပါဝင်သည်။
ကိုအောင်မျိုးဇင်မှာ စစ်ဘေးရှောင်များအတွက် ထမင်းချက်ပြုတ်ပေးနေသူဖြစ်ကာ ဂျာနယ်အယ်ဒီတာတစ်ဦးဖြစ်သူ ကိုအေစိုင်းကေမှာ ကဗျာဆရာတစ်ဦးလည်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေများထံမှ သိရသည်။
“သူက ရန်ကုန်မှာ ဖက်ဒရယ်ဂျာနယ်လုပ်နေရင်း သူ့အခန်းကို ပုံမှန်စောင့်ကြည်တဲ့ ပုံစံမျိုးဖြစ်လာတော့ လေးကေကော်ကို ထွက်လာတာ။ ရောက်တာ သိပ်မကြာသေးဘူး။ အဓိကတော့ ဖက်ဒရယ်ဂျာနယ်ကို ဆက်လုပ်ဖို့ ဒီဘက်ကို ထွက်လာတာ” ဟု ကိုအေစိုင်းကေ၏ ရုပ်အလောင်းကို မြေချရန် ပြင်ဆင်ပေးနေသူတစ်ဦးဖြစ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။
ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ များပြားနိုင်ကြောင်း၊ လက်ရှိတွင် ကိုအောင်မျိုးဇင်နှင့် ကိုအေစိုင်းကေ၏ ရုပ်အလောင်းများကိုသာ ကောက်ယူနိုင်သေးသည်ဟု ကိုစိုးရထံမှ သိရသည်။
“စစ်ရှောင်တွေပြေးတဲ့အဖွဲ့ထဲကို (လက်နက်ကြီး) ကျတာ။ ကျတာတွေတော့ များနိုင်တယ်ဗျ။ အတည်ပြုဖို့ပဲ ခက်နေတာ။ ကျွန်တော့်မျက်စိရှေ့မှာတင် ဆေးခန်းမှာ ခေါင်းထိတဲ့သူ ၇ ယောက်လောက်ရှိတယ်။ မနေ့က လက်နက်ကြီးကျတဲ့နေရာကို သွားကြည့်တာ နှစ်လောင်းပဲတွေ့တာ။ ကျန်တဲ့နေရာတွေမှာက နယ်မြေရှင်းတုန်းဆိုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်များ ထွက်ပြေးစဉ် လူအုပ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ခန့်ရှိနိုင်သည်ဟု ထိုဒေသတွင်ရှိနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
ယမန်နေ့က တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုနှင့် စစ်ဘေးရှောင်များ၏ အခြေအနေကို သိရှိနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
လေးကေကော်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ လေးကေကော်မြို့သစ်တွင် ခိုလှုံနေသည့် စစ်အာဏာရှင်ဆန့်ကျင်သူများကို စစ်ကောင်စီက ဒီဇင်ဘာ ၁၄ တွင် အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းများအပြင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လက်နက်ကြီးများဖြင့်ပါ နေ့စဉ်ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
လေးကေကော်ဒေသတွင် မယ့်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ လေးကေကော်၊ ဘဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုး စသည့် ကျေးရွာများမှ နေရပ်စွန်ခွာပြီး ထိုင်းဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေး နယ်စပ်တလျှောက်တွင် စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်ရှိလာပြီဖြစ်ကြောင်း ကရင်သတင်းဌာန (KIC) က ရေးသားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.