ဖရူဆိုမှ လူ ၃၀ ကျော်မီးရှို့ခံရမှုတွင် ပျောက်ဆုံးခရီးသွား ၁၃ ဦး ပါဝင်နိုင်

ဖရူဆိုမှ လူ ၃၀ ကျော်မီးရှို့ခံရမှုတွင် ပျောက်ဆုံးခရီးသွား ၁၃ ဦး ပါဝင်နိုင်

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း လူ ၃၀ ကျော် အစုလိုက်အပြုံလိုက် မီးရှို့ခံရသည့် နေရာတွင် မီးလောင်နေဆဲ မော်တော်ယာဉ်များကို ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – KNDF)  

အစုလိုက်အပြုံလိုက် မီးရှို့ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိပြီးနောက် ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေကြောင်း Save the Children Myanmar က ထုတ်ပြန်ထားပြီး လွိုင်ကော်မြို့ရှိ စက်သုံးဆီဆိုင်မှ အမျိုးသားရှစ်ဦးနှင့် အခြားဒေသခံသုံးဦး ခရီးသွားလာရင်း ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ဆိုသည်။

By Myanmar Now

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ဒီဇင်ဘာ ၂၄ ရက်က လမ်းပေါ်၌ လူပေါင်း ၃၀ ကျော် အစုလိုက်အပြုံလိုက်မီးရှို့ခံရမှုတွင် ခရီးသွားလာရင်း ပျောက်ဆုံးနေသူ ၁၃ ဦး ပါဝင်နိုင်သည်ဟု ဒေသခံအချို့နှင့် မိသားစုဝင်များထံမှ သိရသည်။

မော်တော်ယာဉ်များပေါ်၌ မီးရှို့ခံထားရသည့် ရုပ်အလောင်း ၃၀ ကျော်ကို ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၆ နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီလက်ချက်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အခိုင်အမာဆိုထားသည်။

မီးရှို့ခံထားရသည့် ရုပ်အလောင်း ၃၀ ကျော် တွေ့ရှိပြီးနောက် Save the Children Myanmar က ၎င်းတို့ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ထားပြီး လွိုင်ကော်မြို့ရှိ စက်သုံးဆီဆိုင်မှ အမျိုးသားရှစ်ဦးနှင့် အခြားဒေသခံသုံးဦးမှာလည်း ခရီးသွားလာရင်း ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဝန်ထမ်းနှစ်ဦး စီးနင်းလာသည့် မော်တော်ယာဉ်မှာ မီးရှို့ခံထားရကြောင်း ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော Save the Children က ယမန်နေ့က ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာအုပ်စု၊ ခိုးရားခူရွာမှ အသက် ၂၈ နှစ်အရွယ် ကိုလိရယ်ဆိုသူမှာလည်း ထိုနေ့နံနက်တွင် လွိုင်ကော်သွားမည်ဆိုကာ အိမ်မှ ထွက်သွားပြီး ယနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဖခင်ဖြစ်သူ ဦးရှားရယ်က ယနေ့ (ဒီဇင်ဘာ ၂၆) Myanmar Now ကို ပြောသည်။​

“ကားပြန်ဝယ်ချင်တယ်တဲ့၊ လွိုင်ကော်မှာ သွားကြည့်တယ်လို့ပြောတယ်။ ဆိုင်ကယ်နဲ့ထွက်သွားတာ။ မီးထဲပါသွားတာလား မဟုတ်ရင် တချို့ပြောတော့ (ဖမ်း)ခေါ်သွားတာလည်း ရှိတယ်ပြောတော့ ကျွန်တော်လည်း မခန့်မှန်းနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

လူပေါင်း ၃၀ ကျော် အစုလိုက်အပြုံလိုက်မီးရှို့ခံရမှုမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်များကို နည်းပညာအသုံးပြုမှတ်တမ်းတင်နေသည့် ဗြိတိန်နိုင်ငံအခြေစိုက် Myanmar Witness အဖွဲ့က ဆိုသည်။

လွိုင်ကော်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တစ်ခု၏ ပိုင်ရှင်ဖြစ်သူ ဦးကျော်လွင်ထူးနှင့် ဝန်ထမ်း ၇ ဦးသည်လည်း ဘော်လခဲမြို့နယ်မှ စက်သုံးဆီသွားရောက်ပို့ဆောင်စဉ် ယနေ့အထိ ပျောက်ဆုံးနေကြောင်း ဇနီးဖြစ်သူက ပြောသည်။

“အိမ်က ထွက်သွားတာတော့ မနက် ၆ နာရီပေါ့။ အခုထက်ထိတော့ အဆက်အသွယ်မရသေးဘူး။ ဘော်လခဲက မှာလို့ဆိုပြီး သွားပို့တာ။ ၁၁ နာရီကျော်လောက်ဆက်တော့ ဖုန်းက ဝင်သွားလိုက် ပြန်ကျသွားလိုက် ညနေခင်းဘက်ဆက်တော့ ဖုန်းက စက်ပိတ်သွားရော” ဟု ဦးကျော်လွင်ထူး၏ ဇနီးက ပြောသည်။

ဦးကျော်လွင်ထူးနှင့် ဝန်ထမ်း ၇ ဦးမှာ ဒန်ပါအမျိုးအစား ကားကြီးသုံးစီးဖြင့် ဓာတ်ဆီနှင့် ဒီဇယ်ဆီ ပီပါ ၁၀၀ ကို သယ်ဆောင်သွားခြင်းဖြစ်ကာ ဝန်ထမ်းများမှာ လူငယ်များဖြစ်ကြောင်း၊ အမည်နှင့် အသက် အတိအကျမသိကြောင်းလည်း ၎င်းက ဆိုသည်။

“ကျွန်မတို့ ဘာမှမစုံစမ်းဘူး။ လောလောဆယ် ဟိုအသိနား ဒီအသိနား မေးကြည့်တာ တချို့လည်း ဘာသတင်းမှ မရဘူး အဲလိုပြောတယ်။ ကျွန်မအနေနဲ့တော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

မီးရှို့ခံထားရသည့်အထဲတွင် ဒန်ပါကား သုံးစီး၊ ကားငယ်သုံးစီး၊ ထော်လာဂျီနှစ်စီးနှင့် ဆိုင်ကယ်ငါးစီး ပါဝင်ကြောင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာဆီပုံးများပါဝင်ကြောင်း KNDF မှ တင်ရင်းမှူးတစ်ဦးက Myanmar Now ကို ယနေ့ အတည်ပြုသည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း လူ ၃၀ ကျော် အစုလိုက်အပြုံလိုက် မီးရှို့ခံရသည့် နေရာတွင် မီးလောင်နေဆဲ မော်တော်ယာဉ်များကို ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – KNDF)

မိုဆိုရွာမှ စစ်ဘေးရှောင်သူများကို ကူညီပေးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဖရူဆိုမြို့နယ်သို့ ခရီးသွားသူနှစ်ဦး ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက သတင်းပို့ထားသည်ဟု ဆိုသည်။

ပျောက်ဆုံးနေသူနှစ်ဦးမှာ ဒီးမော့ဆိုမြို့နယ်မှ စစ်ရှောင်အမျိုးသားတစ်ဦးနှင့် ဖရူဆိုမြို့နယ်ရှိ နေမကောင်းဖြစ်နေသူ ဖခင်ကို သွားရောက်ခေါ်ဆောင်သည့် လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးဖြစ်ပြီး မိုဆိုကျေးရွာသားအချို့လည်း ပျောက်ဆုံးနေသည်ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။ ​

“ကျွန်မတို့ အခုထိ အတည်မပြုသေးဘူးပြောရမှာပေါ့နော်။ သေချာပြီ လုံးဝပြန်မလာတော့ဘူးဆိုမှပဲ ကျွန်မတို့ ပြောလို့ရမှာပေါ့နော်။ လောလောဆယ် စာရင်းပြုစုနေတုန်းပဲ ဆိုတော့လေ” ဟု ၎င်းက ယနေ့ ပြောသည်။

မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်မီးရှို့ထားသည့်နေရာမှ ရုပ်အလောင်းများအနက် အရေအတွက်အားဖြင့် ၂၇ ယောက်ကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း ဒေသအခြေစိုက် ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောသည်။

“၂၇ ယောက်က လုံးဝအတည်ပြုလို့ ရပြီပေါ့နော်။ ကျန်တဲ့ ကားပေါ်က မီးလောင်ထားတဲ့ လူသေအလောင်းတွေလည်း ရှိသေးတယ်။ ခန့်မှန်းခြေ အနည်းဆုံး ၁၀ လောင်းရှိတယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံမှတ်တမ်းများအရ မော်တော်ယာဉ်တစ်စီးပေါ် အပုံလိုက်ထပ်တင်ထားသည့် ရုပ်အလောင်းများမှာ ပြာကျသည်အထိ လောင်ကျွမ်းထားသည်။

လက်ရှိတွင် မိုဆိုရွာခံများမှာ နေရာဌာန တကွဲတပြားစီဖြစ်နေသဖြင့် အချက်အလက်များရရန် ခက်ခဲနေကြောင်း၊ ပျောက်ဆုံးနေသည့် ဒေသခံများ၏ မိသားစုဝင်များကို မေးမြန်းကာ မီးရှို့ခံထားရသူများမှာ မည်သူမည်ဝါဖြစ်သည်ကို ဆက်လက်စုံစမ်းသွားမည်ဟု ကိုဗညားက ဆိုသည်။

“အခုက တချို့ မိုဆို(ကျေးရွာ) အုပ်စုကနေ ထွက်ပြေးသွားတဲ့သူတွေ ရှိတယ်ပေါ့နော်။ အဲဒီကနေ ပျောက်ဆုံးသွားတဲ့ မိသားစုဝင်တွေကနေ ပြန်လိုက်ဖို့တော့ရှိတယ်။ အခုလည်း ဒီစာရင်းတွေ မငြိမ်သေးတာ ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားပြီး၊ စစ်ကောင်စီစစ်ကြောင်းက ခရီးသွားလာသူများကို တားဆီးစဉ် လာရောက်ညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးကို ပစ်သတ်ခဲ့ကြောင်း KNDF တပ်ရင်းမှူးက ဆိုသည်။​

အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်း ၃၀ ကျော်ကို စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်များနှင့်အတူ မီးရှို့ခံရစဉ် မီးတောက်များကို အဝေးမှ မြင်တွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။​

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဖရူဆိုမြို့နယ်အတွင်း ကား ၇ စီးကို တားစဉ် မရပ်ပေးသောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦးအပါအဝင် PDF ၂၅ ဦးသေဆုံးသည်ဟု BBC သတင်းဌာနကို ပြောထားသည်။

လူပေါင်း ၃၀ ကျော် အစုလိုက်အပြုံလိုက်မီးရှို့ခံရသည့်ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုံ့ချကြောင်း အရပ်ဘက်အဖွဲ့အစည်း ၅၉ ဖွဲ့က ယနေ့ထုတ်ပြန်ရာတွင် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ တပ်မ ၆၆ လက်အောက်ခံ ဓနုဖြူအခြေစိုက် ၁၀၈ ခြေမြန်တပ်ရင်းဖြစ်သည်ဟု ဆိုသည်။​


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia