25 December 2021
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မီးရှို့ခံထားရသည့် ရုပ်အလောင်းများကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − KNDF
မော်တော်ယာဉ်များနှင့်အတူ မီးလောင်ထားသည့် အလောင်း ၃၀ ကျော်ကို ကယားပြည်နယ် ဖရူဆိုမြို့တွင် တွေ့ရသည်၊ ယာဉ်များကို ပစ်ခတ်ခဲ့သည်ဟု စစ်တပ်ကလည်း သတင်းထုတ်ပြန်ထားသည်။
By Myanmar Now
**သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံများပါဝင်သည်**
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မော်တော်ယာဉ်များပေါ်၌ မီးရှို့ခံထားရသည့် ရုပ်အလောင်း ၃၀ ထက်မနည်းကို ယနေ့ (ဒီဇင်ဘာ ၂၅) နံနက် ၆ နာရီခန့်က ရှာဖွေတွေ့ရာ ကလေးငယ်များပါ ပါဝင်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အတည်ပြုသည်။
မော်တော်ယာဉ် ၆ စီး၊ ထော်လာဂျီ ၂ စီး၊ ဆိုင်ကယ် ၅ စီးနှင့်အတူ မီးရှို့ခံထားရသည့် ရုပ်အလောင်းများမှာ ထိုနေရာတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၄) က ရှိနေခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု KNDF က အခိုင်အမာပြောသည်။
မော်တော်ယာဉ်များ မီးလောင်နေသည်ကို ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အဝေးမှ တွေ့ခဲ့ရပြီး နယ်မြေအခြေအနေကြောင့် ယနေ့ နံနက်တွင်မှ အသေးစိတ်သွားရောက်ကြည့်ရှုနိုင်ခြင်းဖြစ်ကြောင်း ထိုနေရာတွင် အခြေစိုက်သည့် KNDF တပ်ရင်း ၄ ၏ တပ်ရင်းမှူးက ပြောသည်။
မီးလောင်ထားသည့် အလောင်းများအနက် မူကြိုအရွယ်ကလေးငယ်တစ်ဦး၏ လက်ချောင်းများကို တွေ့မြင်ရကြောင်း၊ ယမန်နေ့က မီးလောင်ကျွမ်းမှုမဖြစ်မီ ထိုနေရာသို့ သွားသည့် လမ်းပေါ် ၌ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး စီးနင်းလိုက်ပါဖြတ်သန်းသွားသည့် ကားငယ်တစ်စီးကို တွေ့ခဲ့ရကြောင်း KNDF ဘက်က ပြောသည်။
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မီးရှို့ခံထားရသည့် အပျက်အစီးများကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − KNDF
“ဒီထဲမှာ အမျိုးသမီးဘယ်နှယောက် အမျိုးသားဘယ်နှယောက်၊ ကလေးဘယ်နှယောက် အဲဒီဟာတော့ တိတိကျကျ ကျွန်တော်တို့ မသိလိုက်ရဘူး။ အလောင်းက တချို့ပြာဖြစ်သွားတာရှိတယ်။ တချို့က မီးသွေးပဲပြောရမှာပေါ့” ဟု KNDF တပ်ရင်း ၄၊ တပ်ရင်းမှူးက ပြောသည်။
“သူတို့ရဲ့ ရုပ်ရည်ခန္ဓာကိုယ် တစ်ခုမှ ကျွန်တော်တို့ပုံဖော်လို့မရဘူး”
မီးရှို့ခံထားရသည့် မော်တော်ယာဉ်များပေါ်တွင် ရိက္ခာများတွေ့ရ၍ စစ်ရှောင်ရန် ထွက်ပြေးလာသူများဟု ယူဆရပြီး တစ်စုတစ်စည်းတည်းထား၍ စစ်တပ်က လောင်စာဆီသုံးကာ မီးရှို့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။
“သူတို့က လူစိတ်မှ မရှိတော့တာ။ သူတို့လုပ်ရပ်က ဖက်ဆစ်ထက်တောင် ပိုပြီးဆိုးရွားတဲ့ လုပ်ရပ်လုပ်တယ်လို့ပဲ သုံးသပ်မိတယ်” ဟု KNDF တပ်ရင်းမှူးက ပြောသည်။
ယမန်နေ့က စစ်ကောင်စီ၏ တပ်မ ၆၆ မှ စစ်သားအင်အား ၁၀၀ ခန့် ဒီးမော့ဆိုမြို့နယ်မှ ဖရူဆိုမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာချိန်တွင် မိုဆိုကျေးရွာအနီး၌ ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်ဟု KNDF ဘက်က အတည်ပြုထားသည်။
ထိုတိုက်ပွဲများအတွင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကိုလည်း စစ်တပ်က ဖမ်းကာ လက်ပြန်ကြိုးတုပ်၍ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သည်ဟု KNDF က ပြောသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မီးရှို့ခံထားရသည့် မော်တော်ယာဉ်များ (ဓာတ်ပုံ – KNDF)
ယမန်နေ့ကတည်းက ဒေသခံအချို့ပျောက်ဆုံးနေသည်ဟု မိုဆိုကျေးရွာသားအချို့ထံမှ သတင်းပေးချက်များ လက်ခံရရှိထားကြောင်း၊ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း KNDF ဘက်ကပြောသည်။
“ဒီကိစ္စက လက်ခံလို့မရဘူး လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပေးဆပ်ခံလိုက်ရတဲ့ စတေးလိုက်ရတဲ့ မိသားစုဝင်တွေအတွက် KNDF အနေနဲ့ စိတ်မကောင်းဘူးဆိုတာ ပထမဆုံးပြောချင်တယ်။ ဒုတိယအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်” ဟု အထက်ပါ KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုသို့ နိုင်ငံအနှံ့ ဒေသခံတို့အပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေလေ့ရှိသည့် စစ်ကောင်စီက မိုဆိုကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍မူ ၎င်းတို့၏ ဝါဒဖြန့် ယနေ့ထုတ်သတင်းများ၌ ဖော်ပြသည်။
ကွိုင်ငံရွာဟောင်းဘက်မှ မိုဆိုကျေးရွာဘက်သို့ မောင်းနှင်လာသည့် ယာဉ် ၇ စီးကို ရပ်တန့်ခိုင်းရာ ကားပေါ်မှ ပြန်လည်ပစ်ခတ်ကြောင်း၊ ထိုမော်တော်ယာဉ်များပေါ်မှ လူများကို အသေဖမ်းမိကြောင်း စစ်ကောင်စီက ဆိုသည်။
သို့သော် ဦးရေ မည်မျှသေဆုံးသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ထို့အတူ ဓာတ်ပုံသက်သေအထောက်အထားများအရ အတည်ပြုထားနိုင်ပြီးဖြစ်သည့် မီးရှို့ခံထားရသည့် ရုပ်အလောင်းများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထိမ်ချန်ထားသည်။
စစ်ကောင်စီ၏ အဆိုပါထုတ်ပြန်ချက်ကို လုံးဝလက်ခံနိုင်စရာမရှိကြောင်း KNDF ဘက်က တုံ့ပြန်သည်။
“(မီးရှို့ခံရသူများက) ရွာသားတွေပါ၊ အမျိုးသမီးနဲ့ ကလေးတွေပါတယ်။ ဘယ်လိုလုပ် သေနတ်တွေပါမှာတုန်း။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ကြောက်အားလန့်အားနဲ့ လွတ်ရာကျွတ်ရာကို ပြေးဖို့ကြိုးစားတဲ့အချိန်မှာ စစ်တပ်က တားလိုက်ပြီးတော့ တစ်ခါတည်းကားပေါ်မှာ အရှင်လတ်လတ်မီးရှို့လိုက်တာ” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မီးရှို့ခံထားရသည့် ရုပ်အလောင်းများကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − KNDF
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဇူလိုင်လအတွင်းက အလားတူဖြစ်ခဲ့သည့် အရပ်သား ၄၀ ခန့် အစုအပြုံလိုက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာတွင် ငြင်းဆိုခြင်းမရှိကြောင်း BBC World Service ၏ ဒီဇင်ဘာ ၂၀ ရက်ထုတ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) က ဒီဇင်ဘာ ၁၄ ရက်တွင် တိုက်တွန်းထားသည်။
ပြည်သူက မဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ အရှိန်မြင့်နေပြီး ကရင်နီဒေသသည်လည်း ရှေ့တန်းမှ ပါဝင်နေသည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.