23 December 2021
ဖေဖော်ဝါရီ ၁၀ ရက် ရန်ကုန်မြို့ မြေနီကုန်းရှိ ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် ကိုအောင်ဖုန်းမော်။ ဓာတ်ပုံ − Myanmar Now
ဆန္ဒပြပွဲတွင် ဖမ်းသွားသူကို လှိုင်သာယာ ဆူပူမှုဖန်တီးသည်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု ထောက်ပံ့သည်ဟု စစ်ကောင်စီက စွပ်စွဲသော်လည်း သက်သေပြနိုင်ခြင်းမရှိဟု မိသားစုဝင်က ပြောသည်။
By Myanmar Now
လွန်ခဲ့သည့် ၉ လကျော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း အဖမ်းခံရသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၁ နှစ်အရွယ် ကိုအောင်ဖုန်းမော်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၂) တွင် စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်ချလိုက်သည်။
ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရသည့် ကိုအောင်ဖုန်းမော်ကို အင်းစိန်ထောင်အတွင်း လှိုင်သာယာ(အနောက်)မြို့နယ် တရားသူကြီး ကြားနာသည့် တရားခွင်က ထိုပုဒ်မဖြင့် အမြင့်ဆုံးချမှတ်နိုင်သည့် ထောင်ဒဏ်ကျခံစေရန် အမိန့်ချခြင်းဖြစ်သည်။
အထွေထွေသပိတ်ကော်မတီ (GSC) က မတ် ၃ ရက်တွင် တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်အတွင်း ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကိုအောင်ဖုန်းမော် ဖမ်းဆီးခံရခြင်းဖြစ်သည်။
သို့သော် လှိုင်သာယာတွင် ဆူပူမှုဖြစ်စေရန် အခြားသူနှစ်ဦးကို နောက်ကွယ်မှ ဦးဆောင်ညွန်ကြားသည်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကို အထောက်အပံ့ပေးသည်ဟု စစ်ကောင်စီက စွပ်စွဲခဲ့ကြောင်း၊ တရားခွင်သို့မူ သက်သေအထောက်အထား တင်သွင်းနိုင်ခြင်း မရှိကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း၍ ငါးရက်အတွင်း လူပေါင်း ၆၀ ခန့် အနည်းဆုံးသေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ ကိုအောင်ဖုန်းမော် ဖမ်းဆီးခံရပြီးချိန်နောက်ပိုင်း မေ ၁၄ ရက်မှ စတင်ပေါ်ပေါက်ခြင်းဖြစ်သည်။
“သူတို့စွပ်စွဲထားတဲ့အရာတွေက တစ်ခုမှ သက်သေအနေနဲ့ တရားရုံးမှာ ပေါ်မလာဘူး။ ဓာတ်ပုံအနေနဲ့လည်း မရှိဘူး။ သက်သေအနေနဲ့လည်း မရှိဘူး။ ရှေ့နေဘက်ကလည်း လျှောက်လဲချက်ကို အကောင်းဆုံးတင်သွင်းတယ်။ အောင်ဖုန်းမော် ဝန်ခံထားတဲ့ဟာက ဆန္ဒပြပွဲမှာ သုံးကြိမ်လောက် ပါဝင်တယ်ပေါ့။ အဲလိုတော့ပြောတယ်” ဟု မိသားစုဝင်က ပြောသည်။
ကာလရှည်တရားရုံးချိန်းများအတွင်း အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားသည့် တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိ၍ ကိုအောင်ဖုန်းမော်က သက်သေတင်သွင်းရန် ငြင်းဆန်သော်လည်း နားချ ဖျောင်းဖျ၍ မိခင်ဖြစ်သူကို ၎င်းဘက်မှ သက်သေထွက်စေခဲ့ရသည်ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
“မှန်ကန်တဲ့တရားရေးများဖြစ်မလား မျှော်လင့်မိတာပေါ့၊ မဟုတ်မှန်းလည်း သိပါတယ်၊ မတရားမှန်းလည်း သိတယ်။ စိတ်တော့မကောင်းဖြစ်တာပေါ့ သက်သေအထောက်အထား ဘာမှလည်း မရှိဘဲ ထောင်ချလိုက်တဲ့အတွက်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တက္ကသိုလ် သင်္ချာမေဂျာ စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ဖုန်းမော်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသို့ ၂၀၁၈ တွင် ဝင်ရောက်ကာ နောက်တစ်နှစ်မှစ၍ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူဖြစ်သည်။
ကျောင်းသားအခွင့်အရေး၊ လူမျိုးစုအခွင့်အရေး၊ ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများရေးသားလေ့ရှိသူ ကိုအောင်ဖုန်းမော်မှာ ၂၀၁၉ ခုနှစ်ထုတ် အိုးဝေစာစောင်၏ အယ်ဒီတာအဖွဲ့ဝင်လည်းဖြစ်သည်ဟု သိရသည်။
“ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြတဲ့အခါမှာလည်း သူပြောခဲ့တဲ့စကား မှတ်မှတ်ရရရှိပါတယ်။ အဲဒါကတော့ စစ်တပ်နဲ့ ဘယ်တော့မှ ထပ်ပြီးတော့ ရင်ကြားမစေ့ကြဖို့၊ ကယ်တင်ရှင်ဆိုတာကို မမျှော်ကြဖို့၊ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင် ဖန်တီးရမဲ့ ကမ္ဘာသစ်ကို ရဲရဲကြီး စိတ်ကူးကြဖို့ ပြောခဲ့တာရှိပါတယ်” ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုအောင်ကောင်းဆက်က ပြောသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံဘက်က ရှေ့နေလိုက်ပေးသည့် ဝီလျံရှဘတ် ရန်ကုန်တက္ကသိုလ်၌ ၂၀၂၀ မတ်လတွင် လာရောက်ဟောပြောစဉ် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြမှုကို ကိုအောင်ဖုန်းမော်က ဦးဆောင်သည်ဟု ၎င်းထံမှ သိရသည်။
အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကြောင့် သေဆုံးများ၊ ဖမ်းဆီးခံရသူများ နိုင်ငံအနှံ့ရှိနေပြီး ပုဒ်မမျိုးစုံတပ်ကာ ထောင်ချခံနေရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဒီဇင်ဘာ ၂၂ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဖမ်းခံရသူ တစ်သောင်းကျော်၊ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၄၀၀ နီးပါးရှိပြီဟု သိရသည်။
စစ်ကောင်စီကမူ AAPP ကို တရားမဝင်အဖွဲ့ဟု ပြောကာ ထိုစာရင်းများကို ပယ်ချထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.