မန္တလေး NLD လူငယ်နှင့် ဇနီး စစ်ကြောရေး၌ သေဆုံး၊ အလောင်းပြန်မရ

မန္တလေး NLD လူငယ်နှင့် ဇနီး စစ်ကြောရေး၌ သေဆုံး၊ အလောင်းပြန်မရ

ကိုသဲထွေးမောင်(ခ) ကိုမုန်းမာန်။ ဓာတ်ပုံ − ပေးပို့   

အသက် ၃၀ အရွယ် ဇနီးမောင်နှံ အဖမ်းခံရပြီး နှစ်ရက်အကြာတွင် မိသားစုဝင်များက လိုက်လံစုံစမ်းရာတွင် ‘သင်္ဂြိုဟ်လိုက်ပြီ’ ဟုသာ စစ်ကောင်စီဘက်က ဆိုပြီး အလောင်းပြန်မရသည့်ပြင် အကျိုးအကြောင်းလည်း မသိရပေ။ 

By Myanmar Now

မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NlD) ပါတီဝင် လူငယ်တစ်ဦးနှင့် ဇနီးဖြစ်သူမှာ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် သေဆုံးပြီဟု မိသားစုက သတင်းရသော်လည်း အလောင်းပြန်မရပေ။

မန္တလေးမြို့ NLD ပါတီဝင် လူငယ်တစ်ဦးဖြစ်သူ အသက် ၃၂ အရွယ် ကိုသဲထွေးမောင်(ခ) ကိုမုန်းမာန်နှင့် ဇနီးဖြစ်သူ ၃၈ နှစ်အရွယ် မနန်းဆိုသူမှာ ဒီဇင်ဘာ ၁၃ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နှစ်ရက်အကြာ မိသားစုလိုက်လံစုံစမ်းစဉ် သေဆုံးသည်ဟုသာ သိရခြင်းဖြစ်သည်။

အဆိုပါ လူငယ်ဇနီးမောင်နှံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကို ထောက်ပံ့သည်ဟု စွပ်စွဲခံရပြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တွင် စစ်ကောင်စီက အင်အား ၃၀ ကျော်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

အဖမ်းခံရပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၁၅ တွင် မိသားစုက မြို့နယ်ရဲစခန်းသို့ သွားရောက်စုံစမ်းရာတွင် သေဆုံးပြီဟုသာ ပြောပြီး အကျိုးအကြောင်းမသိရဟု အထက်ပါနီးစပ်သူက ဆိုသည်။

“စစမ်းဖမ်းချင်း နယ်မြေရဲစခန်းကို သွားမေးတော့ စစ်ကြောရေးမှာလို့ ပြောတယ်။ နောက်နေ့ သေသွားပြီလို့ သတင်းတွေထွက်တော့ ထပ်သွားမေးတာ လင်မယားနှစ်ဦးလုံးကို သင်္ဂြိုဟ်လိုက်ပြီလို့ ပြောလိုက်တယ်” ဟု အမည်မဖော်လိုသည့် ထိုသတင်းရင်းမြစ်က ပြောသည်။

တစ်ဆင့်စကားအရ ကိုသဲထွေးမောင်တို့ ဇနီးမောင်နှံကို အတူတကွစစ်ဆေးမေးမြန်းစဉ် ဇနီးသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးစွာသတ်ပစ်လိုက်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“(ကိုသဲထွေးမောင်က) သူမသိကြောင်းပြောတော့ မဖော်ရင် မိန်းမကို သတ်ပြစ်မယ် ခြိမ်းခြောက်ပြီး မိန်းမကို အရင်သတ်ပြတယ်။ နောက်ပြီး သူ့ကိုပါ သတ်လိုက်တယ်။ အဲဒီလိုပဲ သိရတယ်”ဟု ထိုသူက ဆက်ပြောသည်။

သေဆုံးသည်ဟု ယူဆထားသည့် ဇနီးမောင်နှံနှင့် ရင်းနှီးသူတစ်ဦး၏ အဆိုအရ စတင်ဖမ်းဆီးခံရသည့် နေ့တွင် စစ်တပ်က ကိုသဲထွေးမောင်ကို ၎င်း၏လက်ကိုင်ဖုန်းဖြင့် မိတ်ဆွေများထံ လှည့်လည်ဆက်သွယ်ခိုင်းခဲ့သည်ဟု သိရသည်။

“အဲဒီနေ့က နှစ်ကြိမ်ဆက်သွယ်တယ်။ ဒါပေမဲ့ သူဖမ်းခံထားရကြောင်း ပြောချင်နေသလိုပဲ။ စကားတွေက မူမမှန်ဘူး။ သူခြိမ်းခြောက်ခံထားရတယ်။ အခြားသူတွေကိုလည်း သူ့ရဲ့ Facebook ကတစ်ဆင့် လိုက်ဆက်သွယ်တယ်။ မူမမှန်လို့ ဓာတ်ပုံရိုက်ပြခိုင်းတော့ ပုံထဲ သူ့နှဖူးမှာက သေနတ်ဒင်ရာလိုမျိုးကြီးနဲ့” ဟု ထိုသူက ပြောသည်။

စတင်ဖမ်းဆီးခံရသည့် ဒီဇင်ဘာ ၁၃ ရက်တွင် မိတ်ဆွေအချို့ထံ Facebook Messenger မှတစ်ဆင့် ဆက်သွယ်နေသည့် ကိုသဲထွေးမောင်။ ဓာတ်ပုံ − ပေးပို့  

သေဆုံးသူ ဇနီးမောင်နှံတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးကျန်ရစ်သည်ဟု အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

“သူက စိတ်ရင်းကောင်းတယ်။ အစအနောက်အရမ်းသန်တယ်။ အပေါင်းအသင်းကိုလည်း အရမ်းချစ်တယ်။ နိုင်ငံရေးအရမ်းထက်သန်ပြီး တော်တော်အလုပ်လုပ်တဲ့သူပါ၊ ခုလိုဖြစ်တာ အရမ်းနှမြောမိတယ်ဗျာ” ဟု NLD ပါတီ မန္တလေးတိုင်းလူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

ကိုသဲထွေးမောင်နှင့် ဇနီးဖြစ်သူတို့၏ ဖြစ်စဉ်၊ နောက်ဆက်တွဲကိစ္စများနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး ၁၀ လ ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သေဆုံးရသည့် ကိစ္စများမှာ ပိုမိုဆိုးရွားလာနေပြီး ကနီ၊ ဒုံးတောကဲ့သို့  အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်းရှိသည်။​


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia