တရားခွင်အတွင်း သတိလစ် မေ့မြောသွားခဲ့တဲ့ ရဲတိုက်

တရားခွင်အတွင်း သတိလစ် မေ့မြောသွားခဲ့တဲ့ ရဲတိုက်

သရုပ်ဆောင် ရဲတိုက် / ဧရာဝတီ   

သရုပ်ဆောင် ရဲတိုက်ဟာ ဒီဇင်ဘာ ၁၅ ရက်က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ အမှုရင်ဆိုင်ရင်း ကိုယ်အပူချိန် ပြင်းကာ ဖျားနေတာကြောင့် သတိလစ် မေ့မြောသွားခဲ့တယ်လို့ သိရပါတယ်။

ရုံးထုတ်စဉ် တရားခွင်တွင်းမှာ သတိလစ် မေ့မြောသွားခဲ့တာဖြစ်ပြီး အင်းစိန်ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ကုသခဲ့ ရာ နေ့လယ် ၁ နာရီလောက်မှာ သတိပြန်ရ လာခဲ့တယ်လို့ ရဲတိုက်ရဲ့ ရှေ့နေဖြစ်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ သတိပြန်လည်ရလာပြီ ဖြစ်ပေမယ့် မြောက်ဥက္ကလာပဆေးရုံကြီးမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရသလို လက်ရှိမှာလည်း အင်းစိန်(ဗဟို) အကျဉ်းထောင်တွင်းက ဆေးရုံမှာ ဆေးကုသမှု ဆက်လက် ခံယူနေ တယ်လို့ သိရပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အင်းစိန်ဆေးရုံကနေ မြောက်ဥက္ကလာဆေးရုံကြီးမှာ သူ့ရဲ့ ဦးခေါင်းပိုင်းဆိုင်ရာ နဲ့ ကျောရိုးပိုင်းဆိုင်ရာတွေကို ဓာတ်မှန်ရိုက်ပြီး ဘာတွေ ထူးခြားမှု ရှိလဲဆိုတာ စစ်ဆေးပါတယ်။ အဲဒီမှာ ထူးခြားမှု မရှိဘူး။ လက်ရှိ သူ့ရဲ့ကျန်းမာရေး အခြေအနေအရ အဖျားရောဂါ ရှိတယ်ဆိုတာပဲ သိတဲ့အတွက် အင်းစိန်ဆေးရုံကြီး ကနေဆင်းပြီး အင်းစိန်အကျဉ်းထောင် ဆေးရုံကို ပြန်ပို့လိုက်ပါတယ်။ အခု လက်ရှိကတော့ အင်းစိန်(ဗဟို) အကျဉ်းထောင်ရဲ့ ထောင်တွင်းဆေးရုံမှာ ကိုရဲတိုက်က ကုသမှု ခံယူနေပါတယ်” လို့ ပြောပါတယ်။

ရဲတိုက်ဟာ ၂၀၁၀ လောက်ကတည်းက သူ့မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ကျန်းမာရေး ချို့ယွင်းမှုရှိခဲ့ပြီး ရွာသာ ကြီးက စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ရသူ ဖြစ်သလို သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေရဲ့ ညွှန် ကြားချက်အရ ဆေးဝါးတွေကို အကျဉ်းထောင်ထဲအထိ မှာယူသောက်သုံးနေရတာ ဖြစ်ပါတယ်။

ရဲတိုက်ရဲ့ ကျန်းမာရေး အခြေအနေဟာ ညဘက် အိပ်ရေးပျက်ပြီး အိပ်ရေးမဝတာတွေကြောင့် စိတ်ကျရောဂါ ဝေဒနာ (Depression) ခံစားနေရပြီး သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှု တစုံတရာ လုပ်ခဲ့ပါက သူ့အနေနဲ့ Depression ကြောင့် ရုတ်တရက် အသက်ရှူ ရပ်သွားနိုင်တာမျိုး၊ နှလုံးရပ်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ရဲတိုက် ရင်ဆိုင်နေရတဲ့ အမှု ၂ မှု ရှိပြီး ပထမ ၁ မှုဖြစ်တဲ့ လသာရဲစခန်းမှာ စွဲဆိုခံထား ရတဲ့ ၅၀၅-က အမှုကို တရားလိုပြ သက်သေတွေ စစ်ဆေးထားပြီးဖြစ်ကာ ရဲတိုက်အား အမှုမှ တရားရှင် လွှတ်ပေးဖို့ အတွက် လျှောက်လွှဲချက် တင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

“ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အမှုမှာ တရားလို အပါအဝင် တရားလိုပြ သက်သေတွေကို စစ်ဆေးတဲ့အခါမှာ ကိုရဲတိုက်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အပြစ်ပေးအရေးယူ ခံထိုက်တာမျိုး မတွေ့တဲ့အတွက် ကျနော်တို့က သူ့ကို တရားရှင်လွှတ်ဖို့ လျှောက်လွှဲချက် တင်ထားပြီး ဖြစ်ပါတယ်။ သူ့ကို ဒီလျှောက် လွှဲချက်ပြဖို့ သူက သတိလစ် မေ့မြော သွားတဲ့အတွက် မပြနိုင်ခဲ့ဘူး။ သို့သော် သူ့ရဲ့ အုပ်ထိန်းသူတွေဖြစ်တဲ့ ဒါရိုက်တာ ကိုရီဇော်တို့ကို ပြသပြီးတော့ တရားရုံး ကို တင်ပြီး ဖြစ်ပါတယ်” လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရှင်းပြပါတယ်။

ထို့အတူ မရမ်းကုန်းမြို့နယ် အထူးတရားရုံးမှာ စွဲဆိုထားတဲ့ မူးယစ်စေတတ်သော ဆေးဝါးများနဲ့ စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ)၊ စိတ်ကြွဆေးပြား ၁၁ ပြားနဲ့အတူ ရဲတိုက်အား ဖမ်းမိတယ်ဆိုတဲ့ အမှုကို လည်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို လသာမြို့မ ရဲစခန်းမှာ ဥပဒေပုဒ်မ ၅၀၅-က၊ မရမ်းကုန်းမြို့မ ရဲစခန်းမှာ မူးယစ်ပုဒ်မ ၁၆ (ဂ) နဲ့ တရားစွဲဆိုထားပြီး အဆိုပါ အမှုများအတွက် အင်းစိန်ထောင်တွင်းမှာ ဖွင့်လှစ်ထားတဲ့ လသာမြို့နယ် အထူးတရားရုံးနဲ့ မရမ်းကုန်းမြို့နယ် တရားရုံးတို့မှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဥပဒေပုဒ်မ ၅၀၅-က ဟာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက စီရင်ဆုံးဖြတ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ (သို့) ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပြီး မူးယစ်စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) ဟာ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အတွင်း ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်း ဆီးခဲ့ပြီးနောက် အင်းစိန်ထောင်တွင်း အချုပ်နဲ့ အမှုရင်ဆိုင်နေရတာ အခုဆိုရင် ၈ လကျော် ကြာမြင့်ပြီ ဖြစ်ပါတယ်။

ရဲတိုက် အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အခြားသော အနုပညာရှင်များ ဖြစ်ကြတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မော်ဒယ် ပိုင်တံခွန်၊ အဆိုတော် ပိုပိုနဲ့ Beauty Blogger ဝင်းမင်းသန်းတို့လည်း အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။


Original Post: The Irrawaddy

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia