မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက မြန်မာစစ်အုပ်စုမှ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့် ကြားတွင် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် ဥပဒေအသစ်ကို အဆိုပြုတင်သွင်းပြီး အမြန်ဆုံး အတည်ပြုပြဌာန်းရန် တောင်းဆို

14 December 2021

CSO Working Group on MNHRC Reform, and Asian NGO Network on National Human Rights Institutions

မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက မြန်မာစစ်အုပ်စုမှ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့် ကြားတွင် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် ဥပဒေအသစ်ကို အဆိုပြုတင်သွင်းပြီး အမြန်ဆုံး အတည်ပြုပြဌာန်းရန် တောင်းဆို

[၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်] မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့) မှ အဆိုပြုသော ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (Union Human Rights Commission – UHRC) ဥပဒေမူကြမ်းအသစ်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ထံသို့ တင်သွင်းခဲ့ပြီး ဖြစ်သည်။

ယခင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ၏ ဥပဒေတွင် အားနည်းချက်များ ပြည့်နှက်နေသည့်အပြင် MNHRC ၏ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နှုတ်ဆိတ်နေခြင်းတို့က လုပ်ငန်းလည်ပတ်မှု မရှိတော့သည့် ဤကော်မရှင်ကို NUG မှ ဖျက်သိမ်းပစ်ရန် အရေးကြီးကြောင်း ဖော်ပြနေသည်။ ထို့အပြင် “CRPH နှင့် NUG အနေဖြင့် ယခုအဆိုပြုထားသော ဥပဒေကို အလျင်အမြန် လက်ခံပြီး လူ့အခွင့်အရေးကို ထိရောက်စွာနှင့် လွတ်လပ်စွာ ကာကွယ်ပေးနိုင်ရန်အတွက် အားကောင်းသော လုပ်ပိုင်ခွင့်အာဏာ ပေးထားသည့် UHRC အသစ် တစ်ခုကို မဖြစ်မနေ ဖွဲ့စည်းရန် လိုအပ်နေသည်” ဟု အလုပ်အဖွဲ့က ပြောသည်။

You’re the Devil in Disguise: the Duplicitous, Obsolete MNHRC” ဟု အမည်ပေးထားသော အစီရင်ခံစာကို အလုပ်အဖွဲ့ နှင့် အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် (ANNI) တို့ ပူးပေါင်း၍ ယနေ့တွင် ထုတ်ပြန်ခဲ့ပြီး ၎င်းအစီရင်ခံစာထဲတွင် MNHRC ၏ ဥပဒေမူဘောင်အတွင်းရှိ အဆောက်အအုံပိုင်းဆိုင်ရာ အားနည်းချက်များ စုပုံနေခြင်းက ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မြန်မာစစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်မှုအောက် အညံ့ခံလိုက်သည့်ဖြစ်ရပ်ကို ဦးတည်သွားစေခဲ့သော အခြေအနေများကို မီးမောင်းထိုး ဖော်ပြထားသည်။ 

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ မှ မသဥ္ဇာရွှန်းလဲ့ရည် က “အရင် ကော်မရှင်ဥပဒေက MNHRC ကို နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနတစ်ခုရဲ့ တာဝန်တွေဖြစ်တဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို အပြည့်အဝ ‌ဖော်ဆောင်နိုင်ဖို့အတွက် တိကျသေချာတဲ့ အာမခံချက် လုံလုံလောက်လောက် ပေးမထားဘူး။ တကယ်လို့ ကျမတို့ အခုအဆိုပြုလိုက်တဲ့ UHRC ဥပ‌ဒေကို CRPH နဲ့ NUG တို့က လက်ခံအတည်ပြုပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်မယ်ဆိုရင် စစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေ အပေါ် ဝေဖန်ထောက်ပြမှုတွေ သွေဖီသွားအောင် MNHRC က အကာအကွယ်တစ်ခုအဖြစ် ဆက်ရှိမနေတော့တဲ့ အပြင် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရပြီး လေးစားဖွယ်ကောင်းသလို ထိရောက်တဲ့ နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနတစ်ခု ရှိလာမှာ ဖြစ်တယ်။” ဟုပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ မှ နော်ထူးထူး က “ဒီအဆိုပြုထားတဲ့ ဥပဒေကနေ ဖွဲ့စည်းတည်ထောင်မယ့် UHRC က မြန်မာနိုင်ငံထဲမှာ စစ်မှန်တဲ့ လူ့အခွင့်အရေးဌာနတစ်ခုက ဘယ်လိုပုံစံမျိုးဖြစ်မလဲ ဆိုတာကို ဖော်ပြမှာ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းက မြန်မာနိုင်ငံ ပြည်ထောင်စုအတွင်းမှာရှိတဲ့ လူတိုင်းရဲ့ လူ့အခွင့်အရေးကို တက်ကြွစွာ သေချာကာကွယ်စောင့်ရှောက် မြှင့်တင်‌ပေးမယ့် UHRC ကို ဖွဲ့စည်းပေးမှာ ဖြစ်တယ်။” ဟုပြောသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း မှ နိုင်အဲမွန် က “စစ်အုပ်စုရဲ့ အာဏာသိမ်းရေး ကြိုးပမ်းမှု နောက်ပိုင်း MNHRC ရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်အုပ်စုရဲ့ လူသတ်အကြမ်းဖက်မှုတွေမှာ မိတ်ဖက်အဖြစ် လိုလိုလားလား ပါဝင်လိုတယ် ဆိုတာထက် ဘာမှမပိုဘူး။ သူတို့ဖော်ပြထားတဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကလည်း အယောင်ပြသာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ လကျော် ကာလအတွင်း စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေမှာ MNHRC က အလိုတူ အလိုပါတွေ ဖြစ်တယ်။” ဟုပြောသည်။

အလုပ်အဖွဲ့မှ အချိန် ၅ လတာယူပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြု ဖြည့်စွက်ချက်များဖြင့် ရေးဆွဲအဆိုပြုထားသော ယခုဥပဒေထဲတွင် ယခင်ဥပဒေ၌ ရှိခဲ့သည့် အဓိကကျသော ပြဿနာများကိုလည်း ထည့်သွင်းကိုင်တွယ် ဖြေရှင်းထားသည်။ ထိုအထဲတွင် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်သည့် လုပ်ငန်းစဥ်တွင် လွတ်လပ်မှု မရှိခြင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ရွေးချယ်ရာတွင်လည်း  အလွှာစုံပါဝင်မှု သေချာစေရေး သတ်မှတ်ချက် အားနည်းခြင်း၊ လွှတ်တော်၏ ကြီးကြပ်မှု အားနည်းခြင်း၊ အုပ်ချုပ်ရေးပိုင်းမှ ဩဇာသက်ရောက်မှု များလွန်းခြင်း၊ နှင့် စုံစမ်းစစ်ဆေးရေးအာဏာ အလုံအလောက် မပေးထားခြင်း တို့ပါဝင်သည်။ ပို၍အရေးကြီးသည့်အချက်မှာ ယခုအဆိုပြုသော UHRC ဥပဒေအသစ်တွင် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနတစ်ခု၏ လုပ်ငန်းလည်ပတ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အသိအမှတ်ပြုထားသည့် စံချိန်စံနှုန်းများဖြစ်သော ပါရီအခြေခံမူများနှင့်လည်း ပိုမိုပြည့်ဝစွာ ကိုက်ညီသည်။

MNHRC အား တစ်စုံလုံး လုံးဝအသစ်ပြန်လည်ဖွဲ့စည်းရေးသည် အလွန်အရေးကြီးကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းရေး ကြိုးပမ်းမှု ဖြစ်ပွားပြီးနောက် မြင်တွေ့ရသည့် MNHRC ၏ စွမ်းဆောင်မှုများက  ထင်ဟပ်ပြသနေသည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု၏ ပထမရက်မှာပင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ MNHRC အား ၎င်း၏ တာဝန်များကို နဂိုအတိုင်း ဆက်လက်ထမ်းဆောင်ရန် ကြေညာခဲ့သည်။ သို့သော် MNHRC သည် တရားမဝင်အာဏာသိမ်းမှု (သို့မဟုတ်) စစ်အုပ်စု၏ တပ်ဖွဲ့များမှ  မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်မှုများအပေါ် တစ်စုံတရာ ဝေဖန်ရှုတ်ချခြင်း အလျဉ်းမရှိပေ။ MNHRC သည် စစ်အုပ်စု၏ အာဏာသိမ်းရေး ကြိုးပမ်းမှုအား ရှုတ်ချရန် တိုက်တွန်းသော မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းများ၏ အကြိမ်ကြိမ် တိုက်တွန်းတောင်းဆိုမှုများကိုလည်း လျစ်လျူရှုခဲ့သည့်အပြင် မည်သည့်အရာမျှ ဖြစ်ပျက်ခဲ့ခြင်း အလျဉ်းမရှိသည့်အလား ၎င်း၏လုပ်ငန်းများကို လုပ်ဆောင်နေပြီး ထုတ်ပြန်ကြေညာချက်များနှင့် ဓါတ်ပုံများကို ထုတ်ပြန်မြဲ ထုတ်ပြန်နေခဲ့သည်။ ပို၍ဆိုးသည်မှာ စစ်အုပ်စုကို ဆန့်ကျင်နေသည့် နိုင်ငံတစ်ဝှမ်းရှိ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ၎င်း၏ ဝန်ထမ်းများကို တာဝန်မှ ဆိုင်းငံ့ခဲ့သည်။

MNHRC အနေဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရေး ကြိုးပမ်းမှုတွင် ကြံရာပါဖြစ်နေသည့်တိုင် ဒေသတွင်းနှင့် နိုင်ငံတကာ NHRI များဆိုင်ရာ ဖိုရမ်များဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသားလူ့အခွင့်အရေး ဌာနများဆိုင်ရာ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Institutions – GANHRI)၊ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ အာရှ-ဖစိဖိတ်ဖိုရမ် (Asian Pacific Forum on National Human Rights Institutions – APF) နှင့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာဖိုရမ် (Southeast Asian National Human Rights Institution Forum – SEANF) တို့၏ အစည်းအဝေးများတွင် အဖွဲ့ဝင်အဖြစ် ဆက်လက်တက်ရောက်ခွင့် ရနေဆဲဖြစ်သည်။

ANNI ၏ အတွင်းရေးမှူးအဖွဲ့ဖြစ်သော FORUM-ASIA အဖွဲ့မှ Shamini Darshni Kaliemuthu က “စစ်အာဏာသိမ်းရေး ကြိုးပမ်းချိန်ကစလို့ ပိုမိုဆိုးရွားယိုယွင်းလာနေတဲ့ လူ့အခွင့်အရးအခြေအနေကြီးကို မြန်မာ့လူ့အဖွဲ့အစည်းက မျက်မြင်ကိုယ်တွေ့  ကြုံတွေ့နေရတာ ဖြစ်တယ်။ MNHRC ရဲ့ ပျက်ကွက်မှုနဲ့ နှုတ်ဆိတ်နေခြင်းက ဒီအခြေအနေကို ပိုပြီးဆိုးရွားလာဖို့ တွန်းအားဖြစ်စေတယ်။ အဲဒါကြောင့် အခုအချိန်က  မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကာကွယ်ရေး ဖော်ဆောင်နိုင်ဖို့အတွက် ထိရောက်ပြီး လွတ်လပ်အမှီခိုကင်းတဲ့ လူ့အခွင့်အရေးဌာနတစ်ခုကို ဖွဲ့စည်းတည်ထောင်ရမယ့်အချိန် ဖြစ်ပါတယ်။“ ဟု ပြောသည်။

ရှေ့ပြေးအသံအဖွဲ့ မှ ဒေါ်ခင်ဥမ္မာ က “နိုင်ငံတကာ ပလက်ဖောင်းတွေအနေနဲ့ UHRC ကို ဖွဲ့စည်းပြီးသွားတဲ့ အချိန်အထိ MNHRC အပေါ် သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ဆိုင်းငံ့မှုတွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်။ အဲ့ဒီလို ပလက်ဖောင်းတွေပေါ်မှာ လုပ်ပိုင်ခွင့်အာဏာအရ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး နဲ့ မြှင့်တင်ရေးလုပ်ငန်းတွေနဲ့ လုံးဝဆန့်ကျင်နေတဲ့ အဲ့ဒီ MNHRC လို အဖွဲ့ဝင်တစ်ဖွဲ့ ရှိနေတာက သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ ပလက်ဖောင်းတွေအနေနဲ့ UHRC ဖွဲ့စည်းတည်ထောင်မှုကို ပံ့ပိုးကူညီပေးရမှာဖြစ်ပြီး APF က ထိုင်ဝမ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့သလိုမျိုး မြန်မာနိုင်ငံအတွက် UHRC အသစ် တရားဝင်ဖြစ်လာဖို့အတွက် NUG နဲ့ လက်တွဲလုပ်ဆောင်ရမယ်။” ဟု ပြောသည်။

ဤအဆိုပြုထားသော ဥပဒေက လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စုံစမ်းစစ်ဆေးရန် ပိုမို အားကောင်းသော လုပ်ပိုင်ခွင့်အာဏာ၊ မြန်မာနိုင်ငံ၏ ကွဲပြားစုံလင်သော ပြည်သူလူထုအား ကိုယ်စားပြုမှု၊ နှင့် အစိုးရနှင့် စစ်တပ်တို့မှ ကင်းလွတ်ပြီး သီးခြားလွတ်လပ်သည့် UHRC ကို ဖွဲ့စည်းပေးမည် ဖြစ်သည်။ ထို့အပြင် ထို UHRC သည် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး၏ လူ့အခွင့်အရေးအတွက် ရပ်တည်ပေးသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး နှင့် စစ်တပ်အုပ်စိုးမှုမှ လွတ်ကင်းသည့် အနာဂတ်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • MNHRC ပြုပြင်ပြောင်းလဲ‌ရေးဆိုင်ရာ CSO အလုပ်အဖွဲ့ ၊ [email protected]
  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  • မသဥ္ဇာရွှန်းလဲ့ရည်၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ၊ [email protected]
  • နိုင်အဲမွန်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ [email protected]
  • နော်ထူးထူး၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ [email protected]

အယ်ဒီတာ့မှတ်ချက်

You’re the Devil in Disguise: the Duplicitous, Obsolete MNHRC” ဟု အမည်ရသော အစီရင်ခံစာသည် အမျိုးသားလူ့အခွင့်အရေးဌာနများ၏ စွမ်းဆောင်ရည်များနှင့် ဖွဲ့စည်းတည်ထောင်ခြင်းများအပေါ် သုံးသပ်တင်ပြ ထားသည့် ၂၀၂၀ ခုနှစ် ANNI အစီရင်ခံစာတွင် ပါ၀င်သော မြန်မာနိုင်ငံဆိုင်ရာအခန်း တိုးချဲ့အစီရင်ခံစာ ဖြစ်သည်။ ANNI အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ရယူဖတ်ရှုနိုင်သည် – https://www.forum-asia.org/?p=36231

အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းများမှ MNHRC ကို အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့ထားရန်နှင့် ၎င်း၏ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန် တောင်းဆိုသော ထုတ်ပြန်ကြေညာချက်ကို အောက်ပါလင့်ခ်တွင် ကြည့်ပါ။

https://progressivevoicemyanmar.org/2021/03/11/international-partners-must-end-all-cooperation-with-the-myanmar-national-human-rights-commission/

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့အကြောင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့သည် နောက်ခံမတူကွဲပြားသော အနယ်နယ်အရပ်ရပ်မှ မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းပေါင်း (၂၂) ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး MNHRC အား ပါရီအခြေခံမူများနှင့်အညီ မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးနိုင်သည့် လွတ်လပ်၍ ထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသော အမျိုးသားလူ့အခွင့်အရေးဌာနတစ်ခု ဖြစ်လာစေရေး လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်ရန်အတွက် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ လုပ်ဆောင်နေသောအဖွဲ့ ဖြစ်ပါသည်။

Email: [email protected] / Facebook: https://www.facebook.com/ReformMNHRC


သတင်းထုတ်ပြန်ချက်ကို PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ / အင်္ဂလိပ်ဘာသာ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia