11 December 2021
ရက်စွဲ- ၂၀၂၁ခုနှစ်၊ ဒီဇင်ဘလ ၁၁ ရက်
(၁) မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ လူ့အခွင့်အရေး ကာကွယ်မြင့်တင်ခြင်း လုပ်ငန်းများ၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီစနစ် ရှင်သန်ရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူသားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးရေးလုပ်ငန်းများစွာကို INGOs၊ NGOs များအပါအဝင် ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြသည်။
(၂) ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဒီမိုကရေစီနည်းလမ်းကျ ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရခေါင်းဆောင်များကို လက်နက်အားကိုးဖြင့် ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတော်၏ အခွင့်အာဏာကို အဓမ္မသိမ်းယူရန် ကြိုးပမ်းမှုအား လက်မခံသည့်အတွက် နိုင်ငံ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးသည် တစ်နိုင်ငံလုံးနေရာ အနှံ့အပြားတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများအပေါ် ကျည်ဆံအစစ်များသုံးခြင်း၊ စစ်မြေပြင်သုံး ချေမှုန်းရေးလက်နက်များသုံးပြီး အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဖမ်းဆီး နှိပ်စက်ခြင်း၊ စစ်မြေပြင်သဖွယ် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန်နေလျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ အဓမ္မယူငင်ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အဓ္ဓမပြုကျင့်ခြင်းနှင့် စော်ကားခြင်းအပြင် ညအချိန်အခါများတွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် အကြမ်းဖက် ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ကို စိတ်မချမ်းမြေ့စွာ တွေ့မြင်နေရသည်။ ထိုသို့ လူ့အခွင့်အရေး စံနှုန်းများကို လိုက်နာမှုမရှိဘဲ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မည်သည့်အဖွဲ့အစည်းနှင့်မျှ လုံးဝပူးပေါင်ဆောင်ရွက်သွားမည် မဟုတ်ကြောင်းကို ကျွန်ုပ်တို့ မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ယက်မှ ၂၀၂၁ခုနှစ် မေလ ၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားပြီးဖြစ်သည်။
(၃) ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီမှ တိုင်းပြည်၏အာဏာကို အကြမ်းဖက်ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ်ကာလအတွင်း INGOs၊ NGOs အချို့သည် ဖွံ့ဖြိုးရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ခေါင်းစဉ်များတပ်၍ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် စစ်ကောင်စီအား တရားဝင်မှု (legitimacy) ပေးခြင်းနှင့် ၎င်းတို့အား အသိမှတ်ပြုခြင်း ဖြစ်စေသည့်အပြင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံနှုန်းများဆိုင်ရာ သတ်မှတ်ချက်ဖြစ်သည့် ‘မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး’ (Do No Harm) မူကိုလည်း ချိုးဖောက်ခြင်းပင် ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးသူ၊ ဤအကူအညီများကို တားဆီးပိတ်ဆို့ ဖျက်ဆီးနေသော ပြည်သူများကို လူမဆန်စွာ သတ်ဖြတ်နေသည့် ဤအကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာပြည်သူများအား မည်သို့မျှ ကူညီရာ ရောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် INGOs၊ NGOs အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးအား လေးစားလိုက်နာ၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနှင့် လူသားလုံခြုံမှုဆိုင်ရာ စံသတ်မှတ်ချက်များအား အထူးအလေးထားကာ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” မူကို ခိုင်မာစွာ ကျင့်သုံးလိုက်နာစောင့်ထိန်းရန် အထူးလိုအပ်သည်။
(၄) ကျွန်ုပ်တို့ မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ပြည်သူလူထုထံသို့ တိုက်ရိုက် ကူညီပံ့ပိုးနေသည့် လုပ်ငန်းများကို အားပေးထောက်ခံသော်လည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ၎င်း၏ လမ်းညွှန်ချက်များဖြင့် သို့မဟုတ် နားလည်မှုစာချွန်လွှာ (MoU) မှတစ်ဆင့် စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့အပေါ် ကန့်ကွက်ရှုတ်ချသည်။ ယခုအချိန်သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ဖြင့် အနိုင်ကျင့်သည့်စနစ်မှ ရုန်းထွက်ပြီး လူ့အခွင့်အရေးစံနှုန်းများ အပြည့်အဝရရှိ၍ နေပျော်ဖွယ်ကောင်းသော နိုင်ငံတစ်ခု ဖြစ်လာရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန် နေသည့် ကာလလည်း ဖြစ်သည်။ ထို့ကြောင့် ယခုကာလတွင် မိမိနှင့် မိမိအဖွဲ့အစည်း၏ အကျိုးစီးပွါးကိုသာကြည့်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသော INGOs၊ NGOs နှင့် အဖွဲ့အစည်းများကို ကျွန်ုပ်တို့ မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမည်ပျက်စာရင်းသွင်းသွားမည်ဖြစ်ပြီး နောက်နောင်တွင် ထိုအဖွဲ့အစည်းများနှင့် လုံးဝပတ်သက် ဆောင်ရွက်သွားမည် မဟုတ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ယက် (၁၁၆) ဖွဲ့
ဆက်သွယ်ရန် – [email protected]
PDF ဖိုင်ဖြင့် ဒေါင်လုတ်ယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.