ကမ္ဘောဇတိုင်းသတင်းဌာနမှ ၄ ဦး ထောင် ၃ နှစ်စီချခံရ

ကမ္ဘောဇတိုင်းသတင်းဌာနမှ ၄ ဦး ထောင် ၃ နှစ်စီချခံရ

ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည့် ကမ္ဘောဇတိုင်းမှ သတင်းသမားများ။ (ဝဲမှယာ−နန်းဝင်းရီ၊ နန်းနန်းတိုင်း၊ ကိုတင်အောင်ကျော်၊ စိုင်းစည်သူ)

လွန်ခဲ့သည့် ၈ လက မှားယွင်းသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားသည့် တောင်ကြီးအခြေစိုက် သတင်းသမားတို့ကို ၈ လကျော်အကြာတွင် စစ်ကောင်စီက ထောင်ချလိုက်သည်။

By Myanmar Now

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနမှ ၄ ဦးကို ဖမ်းထားပြီး ၈လကျော်အကြာတွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မဖြင့် ညောင်ရွှေအကျဉ်းထောင်ရှိ အထူးတရားရုံးက ယမန့်နေ့(ဒီဇင်ဘာ ၁၀) တွင် ထောင်ဒဏ် ၃ နှစ်စီချလိုက်သည်။

ကမ္ဘောဇတိုင်းသတင်းဌာန သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်၊ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း ခေါ် နန်းနွေးနွေးလှိုင်နှင့် သူ၏မောင် စိုင်းစည်သူတို့ကို စစ်ကောင်စီက မတ် ၂၄ ရက်ကတည်းက ဖမ်းဆီးခဲ့သည်။

“သတင်းမှားတွေရေးပါတယ်ဆိုပြီး အဲဒီကာလတုန်းက ကျွန်တော်တို့ ရေးသားခဲ့တဲ့ သတင်းနဲ့ ဆောင်းပါး စုစုပေါင်းအကြောင်းအရာ ၁၂၀ နဲ့ စွဲချက်တင်တယ်” ဟု အယ်ဒီတာချုပ်လည်းဖြစ်၊ နန်းနန်းတိုင်း၏ ခင်ပွန်းသည်လည်းဖြစ်သည့် ကိုဇေတိုင်းက ပြောသည်။

စွဲချက်တင်သည့် ထိုအကြောင်းအရာများကို မသိရှိရသေးဟု အယ်ဒီတာချုပ် ကိုဇေတိုင်းက ဆိုသည်။

သတင်းဌာန လိုင်စင်ပိတ်သိမ်းခံထားရချိန်တွင် သတင်းထုတ်လုပ်ဖြန့်ချိသည်ဟု စွပ်စွဲဖမ်းဆီးခဲ့သည်ဟု သိရသည်။

ကမ္ဘောဇတိုင်းသတင်းဌာနမှာ လိုင်စင်ရုပ်သိမ်းခံရသည့်သတင်းဌာနစာရင်းတွင် မပါဝင်ကြောင်း ထင်ရှားသည့်အခါတွင် သတင်းမှားထုတ်ဝေသည်ဟု ပြောင်းလဲစွပ်စွဲသည်ဟု ကိုဇေတိုင်းက ထောက်ပြသည်။

“သတင်းသမားတွေက ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်တာပဲလေ။ တပ်ကတောင်မှ နိုင်ငံရေးတွေ အုပ်ချုပ်ရေးတွေ လားလားမှမသက်ဆိုင်ဘဲ ဝင်လုပ်တာကို။ သူတို့ကိုယ်သူတို့အပြစ်မရှိဘူးဆိုရင် ကျွန်တော်တို့သတင်းက သတင်းသမားအလုပ်လေးပဲ သီးသန့်လုပ်တာကို အပြစ်လို့မြင်ပြီးဖမ်းတာကျ ဘယ်လိုမှမဖြစ်သင့်တဲ့အရာပဲ” ဟု ကိုဇေတိုင်းက ပြောသည်။

ထိုလေးဦး ဖမ်းခံရပြီး တစ်လအကြာ ဧပြီ ၂၆ တွင်မှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်သည်၊ သူ၏ ယောက်ဖ စိုင်းစည်သူမှာ စစ်ကောင်စီတပ်သားတို့ ရောက်လာချိန်က အိမ်တွင် ရှိနေသဖြင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ကိုဇေတိုင်းက ပြောသည်။

“သူတို့ရဲတိုင်စာမှာတော့ ကျွန်တော့်ကိုဝင်ဖမ်းတဲ့အခါမှာ ကျွန်တော့်ကို မတွေ့ဘဲ စိုင်းစည်သူကို တွေ့တယ် (စိုင်းစည်သူက) သတင်းသမားအဖြစ်ဆိုပြီး ပါတယ်။ သတင်းသမားလည်းမဟုတ်တဲ့ မိသားစုဝင်လေးတွေ ဖမ်းပြီးတော့ ပြစ်ဒဏ်ကြီးပေးလိုက်တဲ့ဟာကြီးကတော့ တစ်အားားကြီး ရှက်ဖို့ကောင်းတယ်” ဟု ၎င်းက ဆက်ပြောသည်။

စိုင်းစည်သူသည် တောင်ကြီးနှင့် ကပ်လျက် ဟိုပုန်းမြို့နယ်၏ လူမှုဝန်ထမ်းဦးစီးဌာနတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူ မတရားဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး သူ၏ ဌာနက အရေးဆိုပေးခြင်း မပြုရုံမျှမက ဇွန် ၃ ရက်စွဲဖြင့် ထုတ်ပြန်သော ဌာန၏ စာတွင် သူ့ကို ခွင့်မဲ့ပျက်ကွက်သဖြင့် အလုပ်ထုတ်ကြောင်း ဖော်ပြထားသည်။ ဝန်ထမ်းလစာ ၂ လစာ ချေးငွေ ပြန်လည်ပေးသွင်းရန် ပျက်ကွက်ပါက တရားစွဲမည်ဟုလည်း Myanmar Now က ဖတ်ရှုခွင့်ရခဲ့သော ထိုစာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်၌ ဖမ်းဆီးခံရသူ သတင်းမီဒီယာသမား ၁၀ ဦးရှိခဲ့ပြီး ၄ ဦးပြန်လည်လွတ်မြောက်လာကြောင်း ကမ္ဘောဇတိုင်း ပြုစုထားသည့် စာရင်းအရ သိရသည်။ ဆက်လက်ဖမ်းဆီးခံနေရသူတို့မှာ ၎င်းတို့ဌာနမှ ၄ ဦး၊  သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ် မြဝန်းရံ၊ ရွှေဖီမြေသတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက် လွေးအမ်ဖောင်တို့ ဖြစ်သည်။

ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက်ပိုင်း Mizzima, 7 Day, Myanmar Now, DVB, Yangon Khit Thit, The 74 Media, မြစ်ကြီးနားသတင်းဂျာနယ်၊ တာချီလိတ်သတင်းအေဂျင်စီ၊ Delta News Agency စသည့် သတင်းမီဒီယာ ၉ ခုကို ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းထားသည်။

သတင်းသမား ၂၆ ဦးထက်မနည်း ဆက်လက်ဖမ်းဆီးခံနေရသဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းသမားတို့ကို ဒုတိယအများဆုံးအကျဉ်းချသည့်နိုင်ငံဖြစ်နေသည်ဟု နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ထောက်ပြထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia