မကွေးတိုင်းမှ ချင်းခရစ်ယာန်ဓမ္မဆရာ စစ်ကြောရေးမှာ သေဆုံး

မကွေးတိုင်းမှ ချင်းခရစ်ယာန်ဓမ္မဆရာ စစ်ကြောရေးမှာ သေဆုံး

စစ်ကြောရေးတွင်သေဆုံးခဲ့သည့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ဆလိုင်းငွေကြာ။ (ဓာတ်ပုံ-ပေးပို့)  

၂၆ နှစ်အရွယ် ဆလိုင်းငွေကြာသည် ဖမ်းဆီးစစ်ကြောခံရပြီး ၃ ရက်အကြာတွင် မကွေးဆေးရုံသို့ ရောက်သွားသည်။ သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။

By Myanmar Now

မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ပတ်သက်သည်ဟူသော သံသယနှင့် ဖမ်းဆီးစစ်ဆေးခံနေရသူတစ်ဦး ယမန်နေ့ (ဒီဇင်ဘာ ၉) က သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သက္ကယ်တောင်ရွာ၊ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ၂၆ နှစ်အရွယ် ဆလိုင်းငွေကြာသည် အသင်းတော်တာဝန်ဖြင့် ဒီဇင်ဘာ ၆ တွင် ဆောမြို့နယ်သို့အသွား စစ်တပ်က လမ်းတွင် ဖမ်းဆီးသွားပြီး စေတုတ္ထရာမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စေတုတ္ထရာမြို့နယ်အခြေစိုက် အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) သို့ ပို့ဆောင်ကာ ထပ်မံစစ်ဆေးခဲ့သည်ဟု သိရကြောင်း မကွေးလူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူ ကိုမာဃက ပြောသည်။

ဒီဇင်ဘာ ၈ တွင် ဆလိုင်းငွေကြာကို မကွေးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် သေဆုံးသွားပြီဟု မိသားစုထံ အကြောင်းကြားခဲ့သည်ဟု သိရကြောင်း ပြောသည်။

“ရဲစခန်းကနေ ကပစ ၂၀ ကို ခေါ်သွားသေးတယ်လို့ ကြားရတယ်။ စခန်းထက်စာရင် အဲဒီမှာလည်း ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးလိုက်မယ့်သဘောရှိမယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

“သူတို့ လက်လွန်ခြေလွန်ဖြစ်ပြီး ပို့လိုက်တဲ့အခါကျတော့ ကျွန်တော်တို့သုံးသပ်ချက်အရတော့ မြို့နယ်ဆေးရုံမှာ မရတော့လို့ မကွေးကို ပို့ရတယ်လို့ ယူဆတယ်”

သေဆုံးရသည့်အကြောင်းအရင်း အသေးစိတ်မသိရှိရသေးဘဲ ရုပ်အလောင်းထုတ်ယူနိုင်ရေးအတွက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကိုမာဃက ပြောသည်။

“နောက်ဆုံးဆက်စပ်သတင်းအရတော့ အလောင်းကို ကပစ ၂၀ မှာပဲ ရှိတယ်လို့ သိရပါတယ်။ အလောင်းကို ယူဖို့တော့လည်း ကာယကံရှင်မိသားစုတွေက တိမ်းရှောင်နေရပြီဆိုတဲ့အခါကျတော့ ရပ်ရွာကပဲ ထုတ်သွားပြီးတော့ ယူဆောင်ဖို့လုပ်တဲ့အခါမှာ ဘယ်လိုယူဆောင်မလဲဆိုတာကို စဉ်းစားကြတဲ့နေရာ၊ စုဖွဲ့တဲ့နေရာမှာကို လောလောဆယ် အခက်အခဲရှိနေသေးတာ” ဟု သူက ဆက်ပြောသည်။

ဆလိုင်းငွေကြာ ဖမ်းဆီးခံရမှုနှင့် သေဆုံးရသည့် အကြောင်းရင်းကို စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ထံ မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

အရှိုချင်းတိုင်းရင်းသား ဆလိုင်းငွေကြာသည် ပြည်မြို့၊ အရှိုချင်းနှစ်ခြင်းကျမ်းစာကျောင်းတွင် ဓမ္မပညာသင်ယူနေသူဖြစ်ကြောင်း၊ သက္ကယ်တောင်ရွာ ခရစ်ယာန်အသင်းတော်ဓမ္မဆရာလည်းဖြစ်ကာ ရပ်ရွာအရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားသူဖြစ်ကြောင်း မိတ်ဆွေများက ဆိုသည်။

“သူက အနေအေးတယ်။ လူငယ်လို လွတ်လွတ်လပ်လပ်နေဖို့တောင် ပြောရတယ်။ စကားတစ်ခုခု ပြောပြီဆိုရင်လည်း လိုရင်းကို အေးအေးဆေးဆေးနဲ့ ချက်ကျလက်ကျပြောတတ်တယ်။ ဓမ္မဆရာတစ်ယောက်ဖြစ်နေသလို ဒီရပ်ရွာရဲ့ ကျန်းမာရေး၊ ပညာရေးပိုင်းမှာဆိုရင် သူက ကူညီလုပ်ဆောင်ပေးတဲ့သူပါ” ဟု ဆလိုင်းငွေကြာ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

စစ်ကောင်စီက သံသယနှင့်ဖမ်းဆီးခံရသည့် အရပ်သားများ စစ်ကြောရေးအတွင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသည့်ဖြစ်ရပ်များနှင့် ပတ်သက်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း အထက်ပါအမျိုးသားက မှတ်ချက်ပြုသည်။

“ဖမ်းဆီးမှုတွေဖြစ်စေ၊ သံသယဖြစ်စရာတွေဖြစ်စေ၊ ပြည်သူတွေဘက်ကနေ ဘာမှပြောခွင့်မရကြဘူး။ မှန်ကန်လား၊ မမှန်ကန်လားဆိုတာ သေချာစစ်စေချင်တယ်။ ဖမ်းမိတယ်ဆိုပြီး မသင်္ကာတိုင်း သတ်ပစ်တာ၊ ရက်ရက်စက်စက် နှိပ်စက်ပြီးမေးမြန်းတာမျိုးဆိုတာတွေက လုံးဝလက်မခံနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက သံသယဖြင့်ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသည့် အရပ်သားပြည်သူ ၈၀ နီးပါး ရှိနေသည်။

နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီက ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို စာရင်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည့်စာရင်းအရ စစ်ကောင်စီတပ်သားတို့ ဆက်လက် ဖမ်းဆီးထားသူအရေအတွက် ၇၉၁၆ ဦးထက်မနည်း ရှိသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားတို့ လက်ချက်ကြောင့် အနယ်နယ်အရပ်ရပ်တွင် သေဆုံးသူ ၁၃၂၅  အနည်းဆုံးရှိသည်ဟု AAPP က ဆိုသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia