10 December 2021
256 Civil Society Organizations
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့
အောက်တွင် လက်မှတ်ရေးထိုးထားသော အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၆ ဖွဲ့က တရားမဝင်၊ လူသတ်သမား မြန်မာစစ်အုပ်စုအား တရားဝင်မှု ရစေမည့် ပူးပေါင်းဆောင်ရွက်မှု ပုံစံအားလုံးကို ကုလသမဂ္ဂ၏ အေဂျင်စီများ၊ ရန်ပုံငွေထောက်ပံ့မှုများ၊ ဖရိုဂရမ်များနှင့် တခြားအစိတ်အပိုင်းများ အားလုံးအနေဖြင့် ရပ်တန့်ရန် တောင်းဆိုလိုက်သည်။ ဤအထဲတွင် စစ်အုပ်စုမှ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် ရက်စက်စွာဖြင့် ကြီးမားသော ဒုက္ခဆင်းရဲများ ကျရောက်စေရန် ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့်အပြင် နဂိုရှိနှင့်နေသည့် ဆိုးရွားသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အခြေအနေများ ကိုလည်း ပိုမိုဆိုးရွားလာစေသောကြောင့် စစ်အုပ်စုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ထိုးခြင်းနှင့် စစ်အုပ်စု၏ ကိုယ်စားလှယ်များအား နိုင်ငံတကာအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းများ လုံးဝမလုပ်ဆောင်ရန် တို့ပါ၀င်သည်။
ကုလသမဂ္ဂအေဂျင်စီများသည် MoU များ လက်မှတ်ရေးထိုးခြင်းနှင့် တခြားသောပုံစံများဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းမှတစ်ဆင့် စစ်အုပ်စုအား တရားဝင်မှုရစေခြင်းနှင့် ၎င်း၏ ဝါဒဖြန့်ချိရေး ယန္တရားအား ထောက်ကူအားပေးသော နေရာကို ပံ့ပိုးပေးနေသည်။ MoU တစ်ခု လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် စစ်အုပ်စုနှင့် မိတ်ဖွဲ့ခြင်းက ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်နိုင်စွမ်းကို အထိခိုက်ခံပြီး အလျော့အတင်း လုပ်နေခြင်းသည် စစ်အုပ်စုမှ ၎င်း၏ ကြီးများကျယ်ပြန့်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်စေရန် ပိုမိုအတင့်ရဲစေခြင်းအပြင် ၎င်းတို့၏ သူရဲဘောကြောင်သော နိုင်ငံရေးနှင့် စစ်ရေး ရည်မှန်းချက်များ အထမြောက်စေရေးအတွက် ဩဇာအရှိန်အဝါတစ်ခု အပ်နှင်းပေးလိုက်သလို ဖြစ်စေပါသည်။
မကြာသေးမီအချိန်က ကုလသမဂ္ဂတွင် စစ်အုပ်စုဘက်မှ လျှောက်ထားသော ကိုယ်စားလှယ်အား ပယ်ချလိုက်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ ဆုံးဖြတ်ချက်သည် စစ်အုပ်စုက မြန်မာနိုင်ငံအား ကိုယ်စားမပြုကြောင်းကို ကမ္ဘာ့အုပ်ချုပ်ရေးယန္တရား အဖွဲ့အစည်းတစ်ခုက အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။ သို့ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ခန့်အပ်သော လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦကျော်မိုးထွန်းမှ တင်သွင်းသော ကိုယ်စားလှယ်များကို ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့၏ အဖွဲ့အစည်းအစိတ်အပိုင်းများ အားလုံးတွင်သာမက ၎င်းတို့နှင့် ဆက်စပ်သော ဖိုရမ်များနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန် လက်ခံရမည် ဖြစ်သည်။
ထိန့်လန့်အံ့သြဖွယ်ကောင်းသည်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပူးတွဲစီစဉ်ကျင်းပသော အွန်လိုင်းအစည်းအဝေးတစ်ခုကို စစ်အုပ်စုမှ တက်ရောက်စေခဲ့ခြင်းပင် ဖြစ်သည်။ တခြားသော ကုလသမဂ္ဂအေဂျင်စီများ ပြုလုပ်သော “ITU Digital World 2021”၊ UNWTO အဖွဲ့၏ The Future of World Tourism Summit–Ministerial Debate နှင့် UNEP အဖွဲ့၏ United Nations Biodiversity Conference တို့အပါအဝင် ထိပ်သီးဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် ပွဲများကိုလည်း စစ်အုပ်စုကို ပါ၀င်တက်ရောက် စေခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေထောက်ပံ့မှုများနှင့် ဖရိုဂရမ်များသည် လူ့အခွင့်အရေးကို အဓိကမဏ္ဍိုင်တစ်ရပ်အဖြစ် ရပ်တည်ကိုင်စွဲရမည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို “လက်လှမ်းမီ” လုပ်ကိုင်နိုင်ရေးအတွက် လူ့အခွင့်အရေးများကို ချနှင်းပြီး စစ်အုပ်စု၏ အလိုကို ဖြည့်ဆည်းပေးသည့် မိစ္ဆာနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများ လုံး၀မရှိစေရေး လုပ်ဆောင်ရမည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR) သည် ကုလသမဂ္ဂ၏ လုပ်ငန်းအစီအစဉ်များအားလုံးတွင် လူ့အခွင့်အရေးကို အခြေခံပြီး ချဉ်းကပ်လုပ်ဆောင်ရမည့် လမ်းညွှန်ဖြစ်သကဲ့သို့ အထွေထွေအတွင်းရေးမှူးချူပ်အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအားလုံး၏ ဗဟိုချက်ဖြစ်သည့် လူ့အခွင့်အရေးကို မထိခိုက်စေရေး ကြိုးပမ်းကာကွယ်ခြင်း (human rights due diligence) နှင့် မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး (do no harm) မူ တို့ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုခဲ့ပြီး ဖြစ်သည်။ သို့ဖြင့် အထွေထွေအတွင်းရေးမှူးချုပ်၏ “လူ့အခွင့်အရေးအတွက် လှုပ်ရှားကြရန် တောင်းဆိုမှု” နှင့်အညီ မြန်မာပြည်သူလူထု၏ အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ် စောင့်ရှောက်ရေး အာမခံရန် အလွန်ပင် အရေးကြီးသည်။
စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံတကာ မြန်မာ့အရေးကျွမ်းကျင်သူများမှ သတ်မှတ်ထားသည့် အကြမ်းဖက်မှုလုပ်ရပ်များကိုလည်း နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစ၍ မြန်မာစစ်အုပ်စုသည် ကလေးသူငယ်ဦးရေ အနည်းဆုံး ၁၀၀ အပါအဝင် အရပ်သားပြည်သူအားလုံးပေါင်း ၁,၃၀၃ ဦးကျော်ကို သတ်ဖြတ်ခဲ့ပြီး အရပ်သားပြည်သူ ၁၀,၇၂၇ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ စက်တင်ဘာလမှစ၍ မြန်မာစစ်တပ်သည် ချင်းပြည်နယ်ရှိ ထန်တလန်မြို့ကို လက်နက်ကြီးများဖြင့် ရက်စက်ကြမ်းကြုတ်စွာ စနစ်တကျ ပစ်ခတ်ခြင်းများနှင့် မီးရှို့ခဲ့ခြင်းတို့ကြောင့် လူနေအိမ်ပေါင်း ၂၅၀ ကျော် မီးလောင်ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း စစ်အုပ်စုသည် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်ပြီး စစ်ကားဖြင့် တိုက်သတ်ဖြိုခွင်းခဲ့သဖြင့် လူငါးဦးသေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြသည်။ ယင်းသို့သော အစွန်းရောက် အကြမ်းဖက်မှုပုံစံများကို နိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် စစ်အုပ်စု၏ တပ်ဖွဲ့များက ထပ်ခါတလဲလဲ ကျူးလွန်နေသည်။ သို့ရာတွင် ကုလသမဂ္ဂအေဂျင်စီများသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဖြစ်သော “မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရေး” စံသတ်မှတ်ချက်ကို လိုက်နာကျင့်သုံးရန် ကတိကဝတ် ရှိထားသော်လည်း အစွန်းရောက် အကြမ်းဖက်မှုလုပ်ရပ်များ ဆက်လက် ကျူးလွန်နေသော ယင်းစစ်အုပ်စုနှင့် လက်တွဲအလုပ်လုပ်ရန် ရွေးချယ်ခြင်းက ၎င်းတို့ကုလသမဂ္ဂ အေဂျင်စီများမှ အမွှန်းတင်ပြောဆိုနေသော “ကြားနေရေးနှင့် ဘက်မလိုက်ရေး” အခြေခံမူများကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။
စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကြားနေရေးမူနှင့် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့၏တာဝန်ဝတ္တရားများကို ဆန့်ကျင်နေသည့်အပြင် မြန်မာပြည်သူလူထုအား အကူအညီပေးရာတွင် လွဲမှားသော ချဉ်းကပ်မှုတစ်ခုလည်း ဖြစ်သည်။ စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် ဆက်လက်အသုံးချနေပြီး ကူညီထောက်ပံ့မှု ပေးနေသူများအား ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့အပြင် အရပ်သားပြည်သူများအား ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် အရပ်သားပြည်သူ များသထက်များလာနေပြီး ခိုကိုးရာမဲ့ဘဝအခြေအနေသို့ ရောက်ရှိနေကြရသည်။ တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့မှ ချင်းနှင့် ရိုဟင်ဂျာများအပါအဝင် ပြည်သူများအတွက် အသက်ကယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရာတွင် ကန့်သတ်မှုနှင့် ပိတ်ဆို့တားမြစ်မှုများနှင့်ကြုံတွေ့ခဲ့ရသဖြင့် MoU များ၏ ထိရောက်မှုအပေါ်တွင်လည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ကုလသမဂ္ဂအနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားချိန်ကာလအတွင်း ၎င်း၏ စနစ်တကျ ပျက်ကွက်ကျရှုံးမှုကို သင်ခန်းစာယူရမည် ဖြစ်သည်။ ထိုမျှသာမက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် အပါအ၀င် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇာ၀တ်မှုများအတွက် မြန်မာစစ်တပ်ခေါင်းဆောင်များအား စုံစမ်းစစ်ဆေး တရားစွဲဆိုအရေးယူသင့်သည် ဟူသောအချက်ဖြင့် နိဂုံးချုပ်ထားသည့် လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (IIFFMM) ၏ အစီရင်ခံစာတွင် ချပြခဲ့သည့် အကြမ်းဖက်မှုများ ရပ်တန့်စေရေး၊ လျှော့ချရေး သို့မဟုတ် အာရုံစိုက်မှု ရရှိလာစေရေးတို့ကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ကို မမေ့လျော့သင့်ပေ။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများသည် အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ အစီအစဉ်များကို ဆက်လက် အကောင်အထည် ဖော်ဆောင်နိုင်ရန်ဟူသော မျှော်မှန်းချက်ဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရက်စက်ယုတ်မာမှုများအပေါ် နှုတ်ဆိတ်ရန် ရွေးချယ်ခဲ့ခြင်းသည် ရေရှည်တွင် လူ့အခွင့်အရေး အခြေအနေ ပိုမိုဆိုးရွားလာစေရန် ပံ့ပိုးပေးခြင်းပင် ဖြစ်သည်။ မြန်မာပြည်သူများမှ စစ်အုပ်စုကို ဖီဆန်၍ အသက်စွန့်နေရချိန်တွင် ရိုဆန်သဲလ် (Rosenthal) အစီရင်ခံစာ၌ အသေးစိတ်ဖော်ပြထားသကဲ့သို့ပင် ကုလသမဂ္ဂ၏ စနစ်တကျ ပျက်ကွက်ကျရှုံးမှုများသည် ထပ်ခါတလဲလဲ ဆက်ဖြစ်နေ၍ မရပေ။ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂတာဝန်ခံ (UN Resident Coordinator) သည် မြေပြင်ပေါ်တွင် ဖြစ်ပွားနေသော အခြေအနေကို ပုံမှန်လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ စနစ်တကျ ပျက်ကွက်ကျရှုံးမှုများ နောက်တစ်ကြိမ် ထပ်ဖြစ်လာမည့် အန္တရာယ်ရှိနေသည်။ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂတာဝန်ခံအနေဖြင့် အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးရမည် ဖြစ်သည်။
ထို့အပြင် လူသားလုံခြုံရေးအပေါ် နောက်ထပ်သော အန္တရာယ်များ မကျရောက်စေဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အလိုအပ်ဆုံးသော ပြည်သူများထံသို့ ပေးပို့လုပ်ဆောင်ရန် အလွန်အရေးကြီးသည်။ ကျရှုံးနေသော အာဏာသိမ်းရန် ကြိုးပမ်းမှုက ကုလသမဂ္ဂ၏ လုပ်ငန်းအစီအစဉ်များကို မဖြစ်မနေ ပြန်လည်ချိန်ညှိပြင်ဆင်ရသည့် အနေအထားသို့ ရောက်ရှိစေခြင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အတွက် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည့် NUG တို့အား အကောင်အထည်ဖော်ဆောင်ရေး မိတ်ဘက်များအဖြစ် သတ်မှတ်သည့် လူ့အခွင့်အရေးဆိုင်ရာဘုံမဟာဗျူဟာတစ်ရပ် ရေးဆွဲရန် အခွင့်အလမ်း တစ်ခုပင် ဖြစ်သည်။ ကုလသမဂ္ဂသည် NUG နှင့်တွေ့ဆုံပြီး ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးအပ်ရမည်။ ပဋိပက္ခဒေသများအတွင်း လှုပ်ရှားလုပ်ဆောင်နေသော တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ နိုင်ငံအနှံ့တွင် အသစ်ဖွဲ့စည်းထားသော ကွန်ရက်များသည် အကူအညီများကို ထိရောက်စွာ ပို့ဆောင်၊ ဖြန့်ဝေပေးနိုင်သည့် အတွေ့အကြုံများနှင့် လုပ်ကိုင်နိုင်စွမ်း ရှိထားသည့်အပြင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရထားပြီး အမှန်တကယ် ဆောင်ရွက်နိုင်သည့် အခြေခံအဆောက်အအုံလည်း ရှိကြသည်။
အာဏာသိမ်းရန် ကြိုးပမ်းမှုက နိုင်ငံကို စစ်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်စေရေး အတွက် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂများ၊ တိုင်းရင်းသားပြည်သူများ၊ ပညာသင်ကြားပေးသူများ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ အမျိုးသမီးများ၊ LGBTIQ များ၊ ရဲများ၊ စစ်တပ်အဖွဲ့၀င်များနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ စသည့် စုံလင်ကွဲပြားသော အစုအဖွဲ့များ ပါဝင်လှုပ်ရှားသော နိုင်ငံတစ်ဝှမ်း လှုပ်ရှားမှုဖြစ်သည့် နွေဦးတော်လှန်ရေးကို ပေါ်ပေါက်လာစေခဲ့သည်။ နွေဦးတော်လှန်ရေးသည် အောင်မြင်မှုများ ရရှိနေပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်း၏အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ဆယ့်တစ်လနီးပါး ကြာလာသည့်တိုင် နိုင်ငံကို ထိန်းချုပ်လွှမ်းမိုးနိုင်ခြင်း မရှိသေးပေ။ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူလူထု နှင့်အတူ ရပ်တည်ပြီး သွေးစည်းညီညွတ်မှုပြကာ ၎င်းတို့၏ ရုန်းကန်မှုကို ပံ့ပိုးရမည်။
၂၀၂၁ ခုနှစ် ဇွန်လတွင် ချမှတ်ခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်နှင့်အညီ ကုလသမဂ္ဂ အေဂျင်စီများသည် ဒီမိုကရေစီနှင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို ထောက်ခံပံ့ပိုးကြောင်း ရှင်းရှင်းလင်းလင်း ပြသရမည်ဖြစ်ပြီး အရပ်သားပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းပြန်လွှတ်ပေးရေးတို့ကို တိုက်တွန်းတောင်းဆိုရမည် ဖြစ်သည်။
စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေသည့် မူလဇစ်မြစ် ဖြစ်နေရာ ၎င်းတို့သည် ဤအကျပ်အတည်း ဖြေရှင်းရေးအတွက် မိတ်ဖက်လုံးဝမဟုတ်ပေ။
ကုလသမဂ္ဂအနေဖြင့် မြန်မာလူထုအပေါ် ဆက်လက်ပျက်ကွက်နေ၍ မရဘဲ ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ လိုက်နာစောင့်ထိန်းရေးကို အဓိကဦးစားပေးအဖြစ် ထားရှိရမည်ဖြစ်ပြီး “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” အတွက် ၎င်းတို့၏ ကတိများကို ဖော်ဆောင်ရမည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
အောက်ပါအရပ်ဘက်လူထုအဖွဲ့အစည်းစုစုပေါင်း ၂၅၆ ဖွဲ့ မှ လက်မှတ်ရေးထိုးသည်
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.