09 December 2021
ဖမ်းဆီးသတ်ဖြတ်ခံရသည့် ကျောင်းဆရာ ဦးလှိုင်ဝင်း။ (ဓာတ်ပုံ-ပေးပို့)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ လုပ်သက် ၁၅ နှစ်ရှိ ကျောင်းဆရာသည် ကွမ်းခြံအငှား အလုပ်သမားအဖြစ် လုပ်ကိုင်နေစဉ် ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း သေဆုံးခြင်း ဖြစ်သည်
By Myanmar Now
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦး ဖမ်းဆီးခံရပြီး ငါးရက်အကြာ၌ စစ်ကြောရေးအတွင်း သေဆုံးသွားပြီး အလောင်းပင် ပြန်မရခဲ့ကြောင်း မိသားစုထံမှ သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ တွင် စံပယ်နံ့သာကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အသက် ၄၀ အရွယ် ကျောင်းဆရာ ဦးလှိုင်ဝင်းကို ဖမ်းဆီးသွားပြီး ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းရှိ စစ်ကြောရေးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
ဇနီးသည် ဒေါ်ကေသီဦးက ကျောင်းဆရာနှင့် တွေ့ဆုံခွင့်ရရန် ယမန့်နေ့ (ဒီဇင်ဘာ ၈) ၌ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် မေးမြန်းစုံစမ်းကြည့်ရာမှ ဒီဇင်ဘာ ၇ ကတည်းက စစ်ကြောရေးစခန်း၌ အသက်ရှူကျပ်၍ သေဆုံးသွားပြီဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
၎င်းတို့ဇနီးမောင်နှံတွင် ၇ နှစ်အရွယ် သား၊ ၁၀ နှစ်နှင့် ၁၅ နှစ်အရွယ် သမီး ၂ ဦး ရှိသည်။
“ကျန်တဲ့မိသားစုဝင်တွေ အကုန်ဝမ်းနည်းပက်လက်ဖြစ်ရတာပေါ့။ သူ့ကို အားကိုးနေရတာ။ အခု ဘယ်သူက လုပ်ကိုင်ကျွေးမွေးတော့မလဲ”ဟု ဒေါ်ကေသီဦးက ပြောသည်။
ကန့်ဘလူမြို့နယ်၊ ဘောကျေးရွာအလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသော လုပ်သက် ၁၅ နှစ်ရှိ ကျောင်းဆရာ ဦးလှိုင်ဝင်းသည် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်မည်ဟု မိသားစုဝင်များက ယူဆနေကြသည်။
၎င်းသည် စစ်အာဏာသိမ်းပြီးနောက် ကျောင်းဆရာ မလုပ်တော့ဘဲ ကွမ်းခြံအငှားလုပ်သားအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
ကျောင်းဆရာသည် ကျန်းမာရေးကောင်းမွန်သူဖြစ်သော်လည်း ဖမ်းဆီးပြီး ၅ ရက်အတွင်း အသက်ရှူလမ်းကြောင်း ပိတ်ကာ ဆုံးသည်ဟု စစ်တပ်က ပြောသည့်ကိစ္စနှင့် ပတ်သက်ပြီး မိသားစုဘက်မှ မှတ်ချက်မပေးလိုကြောင်း ပြောသည်။
ယမန်နေ့က သိသိချင်း အလောင်းသွားထုတ်ရန် ကြိုးစားသော်လည်း သေဆုံးသည့်နေ့ကတည်းက ကန့်ဘလူသုသာန်၌ သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသာ စစ်တပ်ဘက်က တုံ့ပြန်ခဲ့သည်ဟု ဇနီးက ဆိုသည်။
“သေတာ ဟုတ်သလား၊ သေတာဟုတ်တယ်ဆို အလောင်းလာသယ်ချင်လို့ပါဆိုတော့ သင်္ဂြိုဟ်လိုက်ပြီ ပြောတယ်။ အလောင်းမြင်ခွင့်ရပြီဆိုရင်တောင် ကျွန်မတို့က ကျေနပ်ပါတယ်။ အခုတော့ ယူကျုံးမရ ဖြစ်ရတယ်”ဟု ဒေါ်ကေသီဝင်းက ဆက်ပြောသည်။
ကန့်ဘလူမြို့နယ် CDM ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူတစ်ဦးကမူ ဦးလှိုင်ဝင်းသည် စစ်ကြောရေးစခန်း၌ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးခြင်းဖြစ်မည်ဟု ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှလက်မခံနိုင်ဘူး။ ကျေနပ်မှုလည်း မရှိဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်တာက မတရားနှိပ်စက်သတ်ဖြတ်တာ။ နောင်တစ်ချိန် တော်လှန်ရေးပြီးရင် ဥပဒေအရ တရားမျှတမှုရဖို့အထိ လုပ်ဖို့ ဆုံးဖြတ်ထားတယ်”ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။
အနေအေးသော၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင် တက်တက်ကြွကြွပါခဲ့သော ဆရာကောင်းတစ်ယောက်ဆုံးရှုံးမှုသည် ကျောင်းသားတွေအတွက်သာမက နိုင်ငံတော်အတွက် ဆုံးရှုံးခြင်းဖြစ်သည်ဟု ၎င်း၏ သူငယ်ချင်း အသက် ၃၀ အရွယ် ကျောင်းဆရာတစ်ဦးက မှတ်ချက်ချသည်။
“လက်နက်အားကိုးပြီး တော်တော်ကို စက်ဆုပ် ရွံရှာဖွယ်ကောင်းတယ်။ စိတ်ထားကောင်းပြီး ဆရာဂုဏ်ပုဒ်နဲ့ နေတဲ့သူတစ်ယောက် ဆုံးရှုံးရတာ၊ အရာရာဆုံးရှုံးရတာပဲ” ဟု သူက ဆက်ပြောသည်။
“သေချာတာကတော့ ကျွန်တော်တို့ ဒီပွဲမှာ စစ်ကောင်စီကို လုံးဝမှ ရှုံးလို့ မရတော့ဘူး။ ကျွန်တော်တို့ နိုင်မှကို ရတော့မှာ။ မနိုင်မချင်းလည်း တိုက်ပွဲဝင်ရမှာပဲ”
စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်နေရာ CDM တွင် ပါဝင်သူ နိုင်ငံ့ဝန်ထမ်းများပါ မချန် စစ်ကြောရေးအတွင်း နှိပ်စက်သတ်ဖြတ်မှုများ ရှိခဲ့သည်။
နိုဝင်ဘာ ၁၇ ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မြင်သာရွာ၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ကျောင်းဆရာတစ်ဦး ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း စစ်ကြောရေးတွင် သေဆုံးခဲ့သည်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာမှ ကျောင်းဆရာတစ်ဦးလည်း နိုဝင်ဘာ ၁ တွင် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးသွားပြီး မိသားစုက အလောင်းပင် ပြန်မရခဲ့ပေ။
စစ်အာဏာသိမ်းမှုကို ဖီဆန်တော်လှန်သူများတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးရထားဝန်ထမ်းများနည်းတူ ပညာရေးဝန်ထမ်းအများအပြားက အလုပ်ပြုတ်ခံကာ ပူးပေါင်းပါဝင်ခဲ့ကြသူများ ဖြစ်သည်။
စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သည့် ထိုသတင်းများနှင့် ပတ်သက်လျှင် သတင်းထုတ်ပြန်လေ့မရှိပေ။
ကန့်ဘလူကျောင်းဆရာ ဖမ်းဆီးခံရမှု၊ သေဆုံးရမှု အကြောင်းရင်းများနှင့် ပတ်သက်ပြီး Myanmar Now က စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။ အခြားသတင်းဌာနများကလည်း ဤသေဆုံးမှုအတွက် ဆက်သွယ်သော်လည်း ထိုအရာရှိထံမှ အကြောင်းပြန်ကြားချက် မရခဲ့ကြကြောင်း သိရသည်။
ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို လက်လှမ်းမီသမျှ လေ့လာမှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကျောင်းဆရာ ဦးလှိုင်ဝင်း စစ်ကြောရေးတွင် သေဆုံးသည့်အကြောင်း ယနေ့ ဒီဇင်ဘာ ၉ တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် အရပ်သား ၁၃၂၃ ဦး အနည်းဆုံး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂ ရက်အတွင်း သေဆုံးနှုန်း ရုတ်တရက် ခုန်တက်သွားရခြင်းမှာ စစ်ကောင်စီတပ်သားတို့က စစ်ကိုင်းတိုင်း မြို့နယ်တချို့တွင် အရပ်သားတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဆားလင်းကြီးတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ထားသော ရုပ်အလောင်း ၁၁ ခုကို ရွာသားတို့ တွေ့ရှိခဲ့ကြသည်။
နိုင်ငံတကာအစိုးရများက စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.