ကလေးဒေသအခြေပြု ရဲတပ်ဖွဲ့ကို CDM ရဲများနှင့် ဖွဲ့စည်း

ကလေးဒေသအခြေပြု ရဲတပ်ဖွဲ့ကို CDM ရဲများနှင့် ဖွဲ့စည်း

CDM တွင် ပါဝင်လာသည့် မန္တလေးတိုင်းရဲတပ်ဖွဲ့တချို့ ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီ ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

CDM ရဲများက ဒေသတွင်းတရားဥပဒေစိုးမိုးရေးအတွက် ရဲလုပ်ငန်းဆိုင်ရာများဖြစ်သော အမှုစစ်ဆေးခြင်း၊ တရားစွဲတင်ခြင်းများကို PDF နှင့်အတူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

By Myanmar Now

ယမန်နေ့ (ဒီဇင်ဘာ ၆) တွင် ဖွဲ့စည်းလိုက်သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲတပ်ဖွဲ့ (Kalay Police Service) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kalay PDF) နှင့်အတူ ဒေသတွင်း ဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။

CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော ရဲများဖြင့် ဖွဲ့စည်းထားရာ ရဲများက ရဲလုပ်ငန်းနှင့် ဥပဒေရေးရာ ပိုမိုနားလည်သဖြင့် ထိုသို့တာဝန်ယူခြင်းဖြစ်သည်ဟု ကလေးမြို့ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မူလ ရဲလုပ်ငန်းပေါ့နော်၊ ဒီဘက်မှာက နယ်မြေလိုအပ်ချက်က တရားဥပဒေစိုးမိုးရေးက အရေးတကြီးလိုအပ်နေချိန် ဖြစ်နေတာပေါ့။ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က ကျွန်တော်တို့ကို ဒီအပိုင်းတွေ တာဝန်ယူပေးပါဆိုတော့ မြန်မြန်ဆန်ဆန် ဖွဲ့စည်းဆောင်ရွက်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ဒေသခံ လူငယ်များကို ရဲလုပ်ငန်းဆိုင်ရာများ သင်ကြားပြီး လူ့အခွင့်အရေးများကို တန်ဖိုးထားလေးစားသည့်၊ ပြည်သူလူထု အားထားရသည့် ရဲအဖွဲ့ဝင်များကို မွေးထုတ်ကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Kalay Police Service ရဲအဖွဲ့က ယမန်နေ့က ကြေညာသည်။

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ၏ လက်အောက်ရှိ ထိုအဖွဲ့သည် ရဲလုပ်ငန်းများဖြစ်သည့် အမှုစစ်ဆေးခြင်း၊ တရားစွဲတင်ခြင်းကိစ္စရပ်များကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး တရားစီရင်သည့်အပိုင်းကိုမူ ရပ်မိရပ်ဖများ၊ ကျေးရွာအတွင်း သြဇာအာဏာရှိသည့် လူကြီးများ၊ ကလေး PDF ခေါင်းဆောင်များက စီရင်ဆုံးဖြတ်မည်ဖြစ်သည်ဟု ကလေးမြို့ရဲတပ်ဖွဲ့ဘက်မှ သိရသည်။

“နယ်မြေအနေအထားအရ စိုးမိုးတာတစ်ဝက်၊ မစိုးမိုးတာ တစ်ဝက် ၅၀-၅၀ ဖြစ်နေတာပေါ့။ ကျေးရွာလူထုက ကျွန်တော်တို့ကို သိတယ်။ ကျွန်တော်တို့ကို လာပြီး အမှုတိုင်ကြားမယ်ဆိုရင် ကျွန်တော်တို့က မူလ ရဲလုပ်ငန်းအတိုင်းပဲ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမယ်” ဟု ကလေးမြို့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ဒေသခံက PDF များအကြား တိုက်ပွဲများ နိုင်ငံအနှံ့ ဖြစ်နေပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်တို့တွင် တိုက်ပွဲ ပိုမိုပြင်းထန်နေသည်။

PDF တို့က ဒေသတချို့တွင် နယ်မြေစိုးမိုးမှု အထိုက်အလျောက်ရှိလာချိန်၌ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုပါ လုပ်ဆောင်ရန် ပြင်ဆင်လာရာ ဒီဇင်ဘာ ၆ တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ယောဒေသမြို့နယ်များဖြစ်သော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုနှင့် ကျောမြို့နယ်တို့ကို ကိုယ်စားပြုသည့် ဂန့်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ) ဖွဲ့စည်းခဲ့သည်။

ဩဂုတ်လအတွင်းကလည်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က ​ကရင်နီပြည်ရဲဌာန (Karenni State Police- KSP) ကို CDM ရဲများနှင့် ဖွဲ့စည်း၍ ဒေသတွင်း ဥပဒေစိုးမိုးမှုရှိနိုင်ရန် ကြိုးပမ်းလာသည်။

NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဘီထူးက KSP ၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသည်။

လက်ရှိတွင် KSP အနေဖြင့် ရာဇဝတ်နှိမ်နင်းရေး၊ ရိန်းဂျားကယ်ဆယ်ရေး၊ လူထုလုံခြုံရေး၊ မှုခင်းနှင့်ရုံးအဖွဲ့၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နေပြီး မူးယစ်ဆေးများဖမ်းဆီးခြင်း၊ စစ်ကောင်စီသတင်းပေး (ဒလန်) များကို စစ်ဆေးဖမ်းဆီးခြင်းတို့ကို ဆောင်ရွက်နေသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ နိုဝင်ဘာလကုန်အထိ CDM ၌ ပူးပေါင်းလာသော​ ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ​ကျော် ရှိ​နေပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားပြီး ပြည်တွင်းသတင်းဖော်ပြချက်များအရ ​​CDM တွင် ရဲမှူး၊ ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်နှင့် အခြားအဆင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်လာသည်ကို တွေ့ရသည်။

နိုင်ငံတကာလေ့လာသူများနှင့် ပြည်တွင်း စစ်ရေးနိုင်ငံရေးလေ့လာသူများက စစ်ကောင်စီတွင် ရဲတပ်ဖွဲ့အင်အား ၉၀,၀၀၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia