ဗကသ ကျောင်းသားဟောင်းကို စစ်ကောင်စီ သတ်ဖြတ်ပြီး ငွေယူ

04 December 2021

Ko Hnin Aung (aka) Comrade Aung Ba Nyo (Kanbalu Township)

ဗကသ ကျောင်းသားဟောင်းကို စစ်ကောင်စီ သတ်ဖြတ်ပြီး ငွေယူ

ကိုနှင်းအောင်။ ဓာတ်ပုံ − ပေးပို့

စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်သားနှင့် ပျူစောထီးတို့ ဖမ်းသွားသည့်​ ကိုနှင်းအောင်၏ အလောင်းပြန်မရသေးသလို အတူပါသွားသည့် ကျပ်သိန်း ၁၀၀ မှာလည်း အစအနပျောက်နေသည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီးကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့တို့ ယမန်နေ့က ဖမ်းသွားသည့်​​ အသက် ၂၆ အရွယ် ကိုနှင်းအောင် နှိပ်စက်၊ သတ်ဖြတ်ခံလိုက်ရသည်ဟု လုပ်ဖော်ကိုင်ဖက်တစ်ဦးက ယနေ့ (ဒီဇင်ဘာ ၄) နံနက်ပိုင်းတွင် ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ဇာတိဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) အဖွဲ့ဝင်ဟောင်း ကိုနှင်းအောင်၏ ရုပ်အလောင်း ပြန်မရသေးသလို အတူပါသွားသည့် ကျပ်သိန်း ၁၀၀ ကျော်မှာလည်း အစအနပျောက်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်း၏ ရဲဘော်ရဲဘက်တစ်ဦးက ပြောသည်။

“သူ ခရီးသွားရင်း ပျူစောထီးတွေနဲ့ စစ်သားတချို့ စစ်တဲ့ အချိန်နဲ့ တိုးသွားတာပါ။ သူ့မှာ ငွေသိန်း ၁၀၀ ကျော်လည်း ပါတယ်။ ပျူတွေက ငွေတွေယူပြီး နှိပ်စက်သတ်ဖြတ်ခဲ့တာပါ။ ကိုနှင်းအောင်က ထွက်မပြေးခဲ့ပါဘူး”ဟု ၎င်းက ဆိုသည်။

ထိုစစ်ဆေးရေးဂိတ်တွင် ကိုနှင်းအောင်ကို စစ်ကောင်စီအဖွဲ့က ဖမ်းပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသည်ဟု စုံစမ်းသိရှိရကြောင်း ဗကသကျောင်းသားခေါင်းဆောင်ဟောင်း၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး အတွင်းရေးမှူးအဖွဲ့ဝင် ကိုကျော်ကိုကိုက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ဝါဒဖြန့်လေ့ရှိသည့် Facebook စာမျက်နှာများတွင်မူ ဆိုင်ကယ်စီးလာသည့် ကိုနှင်းအောင်က စစ်ဆေးရေးဂိတ်တွင် မောင်းပြေး၍ ပစ်ခတ်ဖမ်းဆီးသည်ဟု ရေးထားကြောင်း၊ လိမ်လည်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူ့ရဲ့ လုံခြုံရေး၊ အဖွဲ့အစည်းရဲ့ လုံခြုံရေးကိုပါ အစစအရာရာ ဂရုစိုက်လေ့စိုက်ထရှိတဲ့ လူထဲမှာ (ကိုနှင်းအောင်) ပါတယ်။ အလုပ်လုပ်လို့ရှိရင် ပြတ်ပြတ်သားသား အလုပ်လုပ်တယ်။ ယုံကြည်ချက်အတွက် အသက်အသေခံမယ်ဆိုတဲ့ စိတ်ဓာတ်တော့ အပြည့်ရှိတယ်။ သူမှန်တယ်ထင်ရင် တော်ရုံနဲ့ လွယ်လင့်တကူ အလျှော့ပေးတတ်သူထဲမှာ မပါဘူးပေါ့”ဟု ကိုကျော်ကိုကိုက ပြောသည်။

သို့သော် ကိုနှင်းအောင် မည်သည့်ဒဏ်ရာများဖြင့် မည်သို့သေဆုံးခဲ့သည်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့အဆိုအရ ကိုနှင်းအောင်၏ မိခင်၊ ဇနီးနှင့် အစ်ကိုဖြစ်သူတို့က ရုပ်အလောင်းပြန်ရရန် ကြိုးစားနေကြကြောင်း သိရသည်။

ကိုနှင်းအောင်သည် ၂၀၁၂ ခုနှစ် အလုပ်သမားအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( MTUF)၊ အလုပ်သမားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။

၂၀၁၆ ခုနှစ် မေတွင် စစ်ကိုင်းမှ နေပြည်တော်သို့ ချီတက်ဆန္ဒပြသည့် အလုပ်သမားသပိတ်စစ်ကြောင်းတွင် ဦးဆောင်ပါဝင်ခဲ့ရာ ဖမ်းဆီးခံခဲ့ရပြီး ရမည်းသင်းအကျဉ်းထောင်တွင် ထောင် ၁ နှစ် ကျခံခဲ့ရသည်။

ထို့နောက် ၂၀၁၉ ထိ ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီဝင်၊ တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်သည်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ရဲဘော်ကျော်သီးက ကျောင်းသားဘဝဖြင့် အလုပ်လုပ်ကိုင်နေသည့် ကိုနှင်းအောင်ကို ၂၀၁၂ တွင် မန္တလေးတိုင်း အလုပ်သမားခေါင်းဆောင်အဖြစ် သိကျွမ်းခဲ့ကြောင်း၊ ရိုးသားပြီး အနစ်နာခံတတ်သူ ကိုနှင်းအောင် သေဆုံးမှုအတွက် ယူကျုံးမရဖြစ်ရကြောင်း ပြောသည်။

“အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ကိစ္စတွေမှာ ရဲဘော်က တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တယ်။ ထာဝရ အမှတ်တရရှိနေမှာပါ။ ဖြေလို့လဲ မပြေဘူးပေါ့” ဟု ၎င်းက ပြောသည်။

ဗကသများအဖွဲ့ချုပ်၏ ယနေ့ထုတ်ပြန်သည့် စာတွင်လည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူခဲ့ပြီး မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သူ ရဲဘော်နှင်းအောင်ကို အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း စစ်ကိုင်းတိုင်းစစ်ဒေသကော်မတီဝင်နှင့် ဒေသနိုင်ငံရေးမှူး ရဲဘော်အောင်ဘညိုအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကိုနှင်းအောင်အတွက် ဝမ်းနည်းရကြောင်း ထုတ်ပြန်သည်။

ဒေသအနှံ့အပြားမှ အဖွဲ့အစည်းအများအပြားက ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်နေကြသည်။

လူထုဆန္ဒမဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေချိန်တွင် ထိုသို့ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များမှာလည်း တိုးလာသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ၁၀ လကျော်ရှိလာချိန်တွင် စစ်ကောင်စီက မြို့အသီးသီးတွင် အာဏာသိမ်းမှုဆန့်ကျင်သူများ၊ အာဏာဖီဆန်သောဝန်ထမ်းများ၊ လက်နက်ကိုင်ခုခံတိုက်ခိုက်သူများကို ဖမ်းဆီးခဲ့သည်။

အများအပြားကို ပြန်လွှတ်ပေးသော်လည်း နေ့စဉ် အဖမ်းအဆီးရှိနေသဖြင့် ဆက်လက်အထိန်းသိမ်းခံနေရသူ ၇၇၅၀ ထက်မနည်း ရှိနေသည်ဟု ဖမ်းဆီးနှိပ်စက်မှုများကို လက်လှမ်းမီသမျှ လေ့လာမှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယနေ့ထုတ်ပြန်သည့် မှတ်တမ်းတွင် တွေ့ရသည်။

စစ်ကောင်စီတပ်သားတို့၏လက်ချက်ကြောင့် ကိုနှင်းအောင် အပါအဝင် ၁၃၀၃ ဦး အနည်းဆုံး သေဆုံးခဲ့သည်ဟုလည်း ထိုမှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီကမူ AAPP ကို တရားမဝင်အသင်းဟု သတ်မှတ်သည့်ပြင် ဖမ်းဆီးခံထားရသူတို့ စစ်ကြောမေးမြန်းခံရသည့်ကာလ သေဆုံးသွားမှုများနှင့် ပတ်သက်ပြီး  သတင်းထုတ်ပြန်လေ့မရှိပေ။

ကန့်ဘလူမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတို့ကို ကိုနှင်းအောင် သေဆုံးမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းဆက်သွယ်၍ မရသေးပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia