03 December 2021
PDF ကို ငွေကြေးထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင်။ (ဓာတ်ပုံ-Supplied)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ဝင်ငွေမရှိသော အမျိုးသမီးငယ်တစ်ဦး PDF ကို ထောက်ပံ့သည်ဟူသော သံသယနှင့် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု မိသားစုက ပြောသည်။
By Myanmar Now
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ၂၁ နှစ်အရွယ် အမျိုးသမီးကို ယနေ့ (ဒီဇင်ဘာ ၃) တွင် ကျောက်ဖြူမြို့နယ်တရားရုံးက ချုပ်ရမန် နှစ်ပတ်ပေးသဖြင့် မြို့ နယ်ရဲစခန်းတွင် စစ်ဆေးနေသည်။
အဖမ်းခံရသူမှာ အစိုးရရပ်ကွက်၊ မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော ကျန်းမာရေးဝန်ထမ်းမိသားစုမှ မအေးမြင့်မြတ်အောင်ဆိုသူ ဖြစ်သည်။
ယမန်နေ့ ည ၁၂ နာရီခန့်က ဝန်ထမ်းအိမ်ရာကို ရဲ၊ စစ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဧည့်စာရင်းလာစစ်သည့် ပုံစံဖြင့် ဝင်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“သမီးနာမည်နဲ့ မှတ်ပုံတင်နံပါတ်နဲ့ အကောင့်က လစဉ်လတိုင်း ထောက်ပံ့တယ်၊ အဲဒါကြောင့် စစ်ဆေးမေးမြန်းတာလို့ (ရဲက) ပြောတယ်” ဟု မိသားစုဝင် အဒေါ်ဖြစ်သူက ဆိုသည်။
“သမီးက ဘာမှ မလုပ်ထားဘူးလို့ ဖြေတယ်။ သမီးက မဟုတ်မမှန် စွပ်စွဲခံရတာလို့ ပြောတယ်။ စိတ်ကိုတော့ အားတင်းထား။ အမှန်တရားကိုတော့ ရင်ဆိုင်ဖြေရှင်းရမယ်လို့ ကျွန်မတို့ပြောခဲ့တယ်”
ဝင်ငွေရသည့် အလုပ်အကိုင်မရှိသော မအေးမြင့်မြတ်အောင်ကို မိဘများက နေ့စဉ် မုန့်ဖိုး ငါးရာ၊ တစ်ထောင်ကျပ်သာ ပေးကြောင်း၊ ထို့ကြောင့် မိန်းကလေးအနေဖြင့် PDF ကို ငွေကြေးထောက်ပံ့လိမ့်မည် မဟုတ်ဟု ယုံကြည်ကြောင်း၊ တူမဖြစ်သူမှာ စွပ်စွဲခံရခြင်းသာဖြစ်ကြောင်း အဒေါ်ဖြစ်သူက ပြောသည်။
“သူက ဘယ်ကိုမှလည်း မသွားဘူး။ အိမ်ထဲမှာပဲ နေတာ။ မိဘအရိပ်အောက်မှာ၊ အဒေါ်ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေတာ။ ဘာမှလည်း မသိဘူး။ PDF ကို ထောက်ပံ့တယ်ဆိုပြီး ပါသွားတာ။ အဲဒါကြောင့် အမှန်တရားကိုတော့ ဖော်ထုတ်သွားရလိမ့်မယ်”ဟု အဒေါ်ဖြစ်သူက ဆက်ပြောသည်။
အာဏာသိမ်းပြီးနောက် ရခိုင်ဒေသခံတို့သည် စစ်အာဏာရှင်ဆန့်ကျင်မှုနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မှု ကျယ်ကျယ်ပြန့်ပြန့်မရှိသော်လည်း ယခုလပိုင်းများအတွင်းတွင် PDF နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရသူများ ရှိနေသည်။
အောက်တိုဘာတွင် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင့်ဦးဆောင် (AFP) ပါတီ၏ အမတ်လောင်း ဦးစိန်ချစ်နှင့် ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါတို့ကို PDF နှင့် ဆက်နွှယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် ပြည်နယ်စစ်ကောင်စီက အမှုဖွင့်ထားသည်။
နိုဝင်ဘာ ၄ ကလည်း သံတွဲမြို့မှ အမျိုးသမီးသုံးဦးကို PDF ထောက်ပံ့မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး အလားတူ အမှုဖွင့်ထားသည်။
နိုဝင်ဘာ ၂၀ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ကုတ်မြို့မှ အာဏာဖီဆန်ပြီး လုပ်ငန်းခွင် သွားရောက်ခြင်းမပြုသည့် အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို ဖမ်းဆီးလိုက်သည်။
အာဏာဖီဆန်သူထောင်သောင်းချီကို ဖမ်းဆီးပြီး အများအပြားကို ပြန်လွှတ်ပေးသော်လည်း ၇၇၂၂ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားတို့ လက်ချက်ကြောင့် သေဆုံးရသူ ၁၃၀၂ ဦး အနည်းဆုံးရှိသည်ဟု ဆိုသည်။ အများအပြားမှာ လမ်းပေါ်တွင် ဆန့်ကျင်ကန့်ကွက်စဉ် ပစ်ခတ်ခံရသူ၊ ဖမ်းဆီးစစ်ဆေးခံရစဉ် အကြမ်းဖက်နှိပ်စက်ခံရသူများ ဖြစ်သည်။
စစ်ကောင်စီက AAPP ၏ ကိန်းဂဏန်းများကို ပယ်ချတတ်သလို လက်နက်ကိုင်အန်တုသူတို့ကို အကြမ်းဖက်သမားဟု သတ်မှတ်ထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.