02 December 2021
ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now
အဖမ်းခံထားရသူထံမှ ဖြောင့်ချက်နှင့် သတင်းအချက်အလက် ရလိုသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားတို့က လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်နည်းများ သုံးနေကြသည်။
ဖေဖော်၀ါရီ ၁ အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားနှင့် ရဲများက အရပ်သားများကို နေ့စဉ်ရက်ဆက် လိုက်လံဖမ်းဆီးလျက်ရှိသည်။
အဖမ်းခံရသူတို့ ထွက်ဆိုခဲ့သည်ဆိုသော အချက်များကိုသာ စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိပြီး ထိုသို့ထွက်ဆိုရန် မည်သို့ နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ စစ်ကြောရေးစခန်းတွင် မည်သို့သေဆုံးသွားသည်ဆိုသော အချက်များကိုမူ ထုတ်ပြန်ခြင်း မရှိပေ။
ဖြောင့်ချက်ရယူရန်၊ သတင်းအချက်အလက် ရရှိရန်အတွက် စစ်ကြောရေးစခန်းတွင် လူအင်အားသုံးပြီး ရိုက်နှက်ကြသော စစ်ကောင်စီတပ်သားတို့မှာ အပြစ်မှ လွတ်မြောက်နေကြဆဲဖြစ်သည်။
ဆန္ဒပြသူများ၊ လူအများ ကိုးကွယ်ကြသည့် သံဃာများမှာ လမ်းပေါ်တွင် ကားနှင့်တိုက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်ရာ နှိပ်စက်ညှဉ်းပန်းမှုသည် ဖမ်းဆီးချိန်တွင်ပင် အစပြုနေသည်။
ငရဲခန်းအတွေ့အကြုံ ပြန်ပြောခွင့်ရနိုင်သူများထဲမှ တချို့က စစ်ကြောမေးမြန်းခံရစဉ် စစ်ကောင်စီတပ်သားတို့၏ အပြုအမူအကြောင်း ပြောပြထားသည်။
မျိုးစုံနှိပ်စက်ခံရသည့် ဆန္ဒပြသူ
စစ်ကောင်စီတပ်သားတို့က သူ့ခေါင်းကို အဝတ်မည်းအုပ်ထားသဖြင့် မည်သည့်နေရာကို ခေါ်သွားမည်မှန်း ရန်ကုန်မှ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူ ကိုပီတူး (အမည်လွှဲ) မခန့်မှန်းနိုင်ပေ။ ခေါင်းစွပ်ချွတ်လိုက်သည့်အချိန်တွင် ၁၀ ပေပတ်လည် အခန်းတစ်ခုထဲ ရောက်နေသည်ကို တွေ့ရသည်။ စားပွဲတစ်လုံး၊ ထိုင်ခုံအနည်းငယ်နှင့် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသူ ငါးဦးလည်း ရှိနေသည်။
ကြားဖူးနားဝအရ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများ ပြည့်နှက်နေသည့် စစ်ကြောရေးစခန်းဖြစ်သည်။
၃၈ နှစ်အရွယ် ကိုပီတူးမှာ ဧပြီလဆန်းပိုင်းက အဖမ်းခံရပြီးနောက် ထိုစခန်းတွင် ရက်ပေါင်း ၂၀ မျှ နေခဲ့ရသည်။
“ငရဲခန်းဆိုတာထက် ဘောင်ပိုကျော်လွန်တယ်။ အပြစ်ရှိခြင်း၊ မရှိခြင်းဆိုတာမျိုးကို ကျွန်တော်တို့မှာ ချေပဖို့ မရှိဘူး” ဟု ကိုပီတူးက ဆိုသည်။
“နာကျင်မှုတစ်ခုကို ခံစားနေရလို့ မပြီးသေးခင် နောက်ထပ်နာကျင်မှုတွေ ဆက်ပေးဖို့ သူတို့တွေ စဉ်းစားပြီးသား ဖြစ်နေပြီ။ ကျာပွတ်နဲ့ ရိုက်မယ်၊ နံပါတ်တုတ်နဲ့ ရိုက်မယ်။ ဆေးလိပ်မီးနဲ့ ထိုးမယ်။ ရိုက်ပုတ်နေတုန်းမှာပဲ ဘေးနားမှာ လျှပ်စစ်နဲ့ တို့ဖို့အတွက် (၀ါယာ) ကြိုးတွေက အဆင်သင့်ဖြစ်နေပြီ”
ညစဉ်သုံးနာရီနီးပါး စစ်ကြောမေးမြန်းခံရသည်။ မေးမြန်းသည်ဆိုတာထက် ညှဉ်းပန်းနှိပ်စက်ခြင်း သက်သက်သာဖြစ်သည်။ ခြေသလုံးကို ဓားဦးနှင့် ထိုးဆွနေစဉ် နောက်တစ်ဦးက နောက်ကျောကို ဆေးလိပ်မီးနှင့် ထိုးတတ်သည်၊ စစ်ဖိနပ်ဝတ်ထားသူတို့ကလည်း ဝိုင်းဝန်းကန်ကျောက်တတ်သည်ဟု ကိုပီတူးက ဆိုသည်။
ထို့ပြင် ခြေမျက်စိဝန်းကျင်ကို အုတ်နီခဲနှင့် ထုရိုက်ခြင်း၊ အားပြင်းသော မီးလုံးများနှင့် မျက်နှာကို ကာလအတန်ကြာ ထိုးခြင်း စသည့် နည်းလမ်းများကိုလည်း စစ်ကောင်စီလက်ပါးစေများက သုံးကြသည်ဟု ဆိုသည်။
ဧပြီ ၂၈ တွင် စစ်ကောင်စီက ကိုပီတူးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ်သုံးနှစ် ချလိုက်သည်။ အင်းစိန်ထောင်၌ ငါးလကျော် ထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက်ခဲ့သည်။
ကိုပီတူးတွင် စစ်ကြောရေးစခန်း၏ ရက်စက်ကြမ်းကြုတ်မှုများက အမှတ်ထင်ထင်ရှိနေဆဲဖြစ်သည်။ ကျောကုန်း၊ ခြေသလုံး၊ ဝမ်းဗိုက်နှင့် ပေါင်တွင် ထင်ကျန်ရစ်သည့် အမာရွတ်များကို Myanmar Now က ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံများတွင် တွေ့ရသည်။
ကိုပီတူးမှာ စစ်အာဏာမသိမ်းခင်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် ကြီးကြပ်ရာထူးဖြင့် အသက်မွေးဝမ်းကျောင်းနေသူဖြစ်သည်။ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို ရှေ့တန်းမှ ဒိုင်းဖြင့် အကာအကွယ်ပေးသည့် We Are The One အဖွဲ့ဝင်တွင် ကိုပီတူးပါဝင်ခဲ့သည်။
ထိုသို့အကာအကွယ်ပေးရင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတစ်ခုအတွင်း နောက်ကျောဒဏ်ရာရပြီး အဖမ်းခံရခြင်းဖြစ်သည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်ရန် နယ်စပ်ဒေသတွင် စစ်သင်တန်းတက်ရောက်လျက်ရှိသည်။
သားသတ်ရုံအလား စစ်ကြောရေး
ရန်ကုန်မြို့တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ရင်း အဖမ်းခံရပြီးနောက် စစ်ကြောရေးစခန်းရောက်ရှိခဲ့သူ နောက်တစ်ဦးမှာ ၂၅ နှစ်အရွယ် ကိုနီမောင် (အမည်လွှဲ) ဖြစ်သည်။ ၎င်းမှာ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
စစ်ကောင်စီက ကိုနီမောင်ကို ဖောက်ခွဲရေးသင်တန်းပေးသည်၊ ရန်ကုန်မြို့တွင်းသို့ လက်နက်များ လျှို့ဝှက်တင်သွင်းသည်ဆိုသော စွပ်စွဲချက်များဖြင့် မေလအတွင်း ဖမ်းဆီးခဲ့သည်။ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အောင်သပြေစစ်ကြောရေးစခန်းသို့ ရောက်သည်နှင့် လက်နှစ်ဖက်နောက်ပစ်ကာ လက်ထိတ်ခတ်လျက် ကြမ်းပြင်၌ ဒူးထောက်ထိုင်ရသည်၊ လူငါးဦးခန့်က အမဲဖျက်သည့်နှယ် မနားတမ်းရိုက်နှက်ကြသည်ဟု ကိုနီမောင်က ပြောသည်။
ရက်ပေါင်း ၂၀ နီးပါး နေထိုင်ခဲ့ရသည့် ထိုအောင်သပြေစစ်ကြောရေးစခန်းတွင် ကိုနီမောင်မှာ ဝါးရင်းတုတ်၊ သံလုံးတို့ဖြင့် အရိုက်ခံရခြင်း၊ ကျင်စက်ဖြင့် အတို့ခံရခြင်း၊ လျှပ်စစ်ဖြင့် လျှော့တိုက်ခံရခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။
ထို့နောက်တွင် ရွှေပြည်သာမြို့နယ်ရှိ စစ်ကြောရေးစခန်းတစ်ခုသို့ ထပ်မံပို့ဆောင်ခံခဲ့ရသည်။ ရွှေပြည်သာ၌ အပြင်းအထန်နှိပ်စက်မခံရဘဲ တစ်ပတ်ခန့်အကြာတွင် ပုဒ်မ ၅၀၅-က ဖြင့် ဇွန် ၁၉ တွင် အင်းစိန်ထောင် အပို့ခံရသည်။
ထိုစစ်ကြောရေးစခန်းများတွင် တစ်လနီးပါးဖြတ်သန်းခဲ့ရသူ ကိုနီမောင်၏ ပေါင်၊ ဝမ်းဗိုက်၊ ခြေသလုံး၊ ကျောကုန်းတို့တွင် အမာရွတ်များ ကျန်ရစ်ခဲ့သည်။
“အဲ့ဒီနေရာ သားသတ်ရုံနဲ့ ပိုတူပါတယ်။ ပြည်သူတွေကို မကောင်းဆိုးဝါးလို မြင်နေလို့ပါ” ဟု ကိုနီမောင်က ဆိုသည်။
“အခုဆို ခါးက အကြာကြီး ထိုင်မရဘူး။ နားတစ်ဖက်ကလည်း သိပ်အဆင်မပြေတာမျိုးတွေ။ အတွင်းဒဏ်တွေက ပိုများတာ။ အရိုးကြေတာမျိုးတွေ”
ထောင်ရောက်ပြီး လေးလအကြာ အောက်တိုဘာ ၁၉ တွင် လွတ်ငြိမ်းအမိန့်ဖြင့် လွတ်လာခဲ့သည်။
ဓားနှင့်နှိပ်စက်ခံရသူ LGBT
မန္တလေးမှ အသက် ၂၄ နှစ်အရွယ် LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) တစ်ဦးဖြစ်သူ မစောဟန်နွေဦးသည် ထိုနေရာတွင် ၂၄ နာရီကြာ နေခဲ့ရသည်။
“စစ်တယ်ဆိုတာက အမှုစစ်သလို မေးလိုက်ဖြေလိုက် မဟုတ်ဘူး။ ဒီအတိုင်း ဝိုင်းရိုက်ခံရတာ။ လက်ထိတ်ကို နောက်ပြန်ခတ်ထားတယ်” ဟု စက်တင်ဘာလဆန်းပိုင်းက အဖမ်းခံရသည့် မစောဟန်နွေဦးက ပြောသည်။
“သူတို့လက်တွေထဲမှာ ဝါယာကြိုးတွေကို လိပ်ကျစ်ထားပြီး တိပ်တွေနဲ့ ပတ်ထားတယ်။ အဲ့ဒါတွေနဲ့ ခြေထောက်တွေကို အဓိကရိုက်တာ။ အားရအောင် ရိုက်ပြီးပြီဆိုရင် လူလဲပြီး ဆက်ရိုက်တယ်။ ပလာယာနဲ့ လက်သဲအဖျားတွေကို လိမ်တယ်”
မန္တလေး အမှတ် ၂ ရဲစခန်းအချုပ်သို့ ပို့ဆောင်ခံရပြီးနောက် နန်းတွင်းစစ်ကြောရေးမှ စစ်သားများက နှစ်ရက်တာ ထပ်မံလာရောက် နှိပ်စက်ခဲ့သေးသည်ဟု မစောဟန်နွေဦးက ပြောသည်။
“ရဲစခန်းထဲကို လိုက်လာပြီး ဓားတွေနဲ့မွန်းတာ။ ဂုတ်တွေကို နှစ်ချက်။ နောက် ဗိုက်မှာနှစ်ချက်။ ပြီးလည်းပြီးရော ဒူးခေါင်းမှာ တစ်ချက်။ ဒဏ်ရာကတော့ အရမ်းကြီးမနက်ဘူး၊ သွေးကြောပေါက်ရုံ ဓားနဲ့ ပါးပါးလှီးတာပေါ့။ တော်တော်လေး ခံစားရအခက်ဆုံးပဲ” ဟု ၎င်းက ပြောသည်။
သီတင်းနှစ်ပတ်ကြာပြီးနောက် မစောဟန်နွေဦးမှာ အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခံရသည်။ ထောင်တွင် တစ်လကြာ နေခဲ့ရပြီးနောက် ယခုအခါ လုံခြုံသည့်နေရာတစ်ခုသို့ ရောက်နေသည်။
ဖခင်ကြားစေရန် သားကိုရိုက်သည့် မိတ္ထီလာ တပ်မ ၉၉
မိတ္ထီလာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အသက် ၅၀ အရွယ် ပါတီဝင်ကို စစ်ကောင်စီတပ်က ဖမ်းမမိသဖြင့် သူ၏သား ဒုတိယနှစ်ဥပဒေကျောင်းသားကို ဓားစားခံအဖြစ် ဖမ်းလိုက်သည်။
မိတ္ထီလာအခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၉၉) လက်အောက်ခံ ၄၂၀ တပ်၏ စစ်ကြောရေးစခန်းတွင် ၎င်းကိုယ်တိုင် ရိုက်နှက်စစ်ဆေးခံရသည့်ပြင် သားဖြစ်သူကိုလည်း တစ်ခန်းစီထားကာ ၎င်းကြားအောင် ရိုက်နှက်စစ်ဆေးသည်ဟု NLD ပါတီဝင် အမျိုးသားက ဆိုသည်။
“ကလေးကို ဖမ်းသွားတော့ ကျွန်တော်က မိဘလေ၊ လိုက်ရတော့တာပေါ့။ ဟိုရောက်တော့ ကလေးကို သူတို့က နှိပ်စက်ထားပြီ” ဟု ၎င်းက ပြောသည်။
“နဖူးကို ကပ်ကြေးတွေနဲ့ ထိုးတယ်၊ သမံတလင်း လေခါးထစ်ပေါ်ကို ကလေးကို လက်သုံးချောင်းတင်ခိုင်းပြီးတော့ သေနတ်ဒင်နဲ့ ထုတယ်၊ ဝါးလုံးနဲ့ လှိမ့်တယ်၊ လက်ထိတ်ကို နောက်ပြန်ခတ်တယ်။ ဟိုဘက်အခန်း ဒီဘက်အခန်းထားပြီး အစ်ကိုကြားအောင် ကလေးကို ရိုက်တာ”
ထို့နောက် သားဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင်ကာ ဇွန်လနှောင်းပိုင်းတွင် ထောင် ၃ နှစ်ချသည်။
မိတ္ထီလာမှ အသက် ၃၀ အရွယ် ပါတီဝင်တစ်ဦးမှာမူ ထိုမြို့ အမှတ် (၁) ရဲစခန်းအချုပ်၌ ၆ နာရီကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။
“တစ်ယောက်ပြီးတစ်ယောက် ထုလိုက်၊ ဝိုင်းရိုက်လိုက်နဲ့ အချက်ပေါင်းကို သုံးရာကျော်လောက်ရှိမယ်။ လက်ခလယ်လောက်ရှိတဲ့ ဝါယာကြိုးလုံးနဲ့ ရိုက်တာ။ ကျွန်တော့်ကို ဆန္ဒပြခေါင်းဆောင်ဆိုပြီး မေးမေးပြီး ရိုက်တယ်။ ရိုးရိုးဆန္ဒပြတာပဲရှိပါတယ်၊ ခေါင်းဆောင်မဟုတ်ဘူးပြောလည်း ရိုက်တယ်” ဟု ထိုအမျိုးသားက ပြောသည်။
“လေးယောက်ပေါင်းပြီး တစ်ပြိုင်နက် ဝိုင်းကန်တာကို ငါးကြိမ်၊ ခြောက်ကြိမ်လောက်ရှိတယ်။ လက်ထိတ် နောက်ပြန်ခတ်ပြီးတော့ ဒူးထောက်ခိုင်းထားပြီး ရိုက်တာ”
မေလအတွင်းက ထိုသို့ဖမ်းဆီးရိုက်နှက်ခံရကာ ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင်ခံရပြီး ထောင် ၃ နှစ် ကျသွားသည်။
အောက်တိုဘာတွင် စစ်ကောင်စီက ထောင်ကျပြီးသူ ၁၀၀၀ ကျော်ကို ပြန်လွှတ်ပေးရာ ထိုအထဲတွင် မိတ္ထီလာမြို့မှ အထက်ပါ NLD ပါတီဝင် နှစ်ဦးလည်း ပါဝင်သည်။
အာဏာသိမ်းပြီး အစောပိုင်းလများတွင် စစ်ကောင်စီက ရာဇဝတ်အကျဉ်းသားများကိုသာ ရွေးလွှတ်ခဲ့သည်။ အောက်တိုဘာလတွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ နိုင်ငံတကာဖိအားများရှိလာချိန်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများအပါအဝင် အကျဉ်းကျနေသူအများအပြားကို ပြန်လွှတ်ပေးခဲ့သည်။
ဖမ်းဆီးနှိပ်ကွပ်မှုများကို လက်လှမ်းမီသလောက် မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ ၇၆၆၈ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံနေရရာ ထိုအထဲတွင် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ပေါင်းများစွာသော NLD ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ဆက်စပ်သူများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ ပါဝင်သည်။
လမ်းပေါ်တွင် ပစ်ခတ်ဖမ်းဆီးနေသည့် စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးရသူများတွင် ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ သေဆုံးရသူများလည်း အများအပြားပင်ဖြစ်သည်။ AAPP ၏ လေ့လာချက်အရ စစ်ကြောရေးအတွင်း သေဆုံးရသူ ရာဂဏန်းမျှရှိကာ မိသားစုက အလောင်းပင်ပြန်မရသူများလည်း ပါဝင်သည်။
စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးရသူ ၁၃၀၀ ဦး အနည်းဆုံးရှိသည်ဟု AAPP ၏ ဒီဇင်ဘာ ၁ စာရင်းအရ သိရသည်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်များလက်ထက်တွင် စစ်ကြောရေးစခန်းများမှ လွတ်မြောက်လာသူများအနက် အချို့မှာ စိတ်ဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသူများပင် ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“နှိပ်စက်ညှဉ်းပန်းမှုရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တယ်။ ဒါတွေကို ရုပ်ပိုင်းဆိုင်ရာ ကုသပေရုံမကဘဲနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်ပြီးတော့ နှစ်သိမ့်ပေးတာ၊ လူမှုအသိုင်းအဝိုင်းထဲကို ပြန်ရောက်အောင်လုပ်ဆောင်ပေးတာတို့ မဖြစ်မနေလိုအပ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
မည်သူ့ကိုမဆို အပြစ်မရှိ အပြစ်ရှာကာ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လေ့ရှိသူ စစ်အာဏာရှင်များမှာမူ ယနေ့ထိတိုင် ထိုက်တန်သော အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေဆဲဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.