CDM ဝင်လာသည့် ရဲနှင့် စစ်သား ၈၀၀၀ ကျော်အထိ ရှိလာ

CDM ဝင်လာသည့် ရဲနှင့် စစ်သား ၈၀၀၀ ကျော်အထိ ရှိလာ

ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့ ဆန္ဒပြသူများ ရေးဆွဲခဲ့သော CDM အမှတ်အသားများအနီး တွေ့ရသော တပ်မ ၇၇ မှ စစ်သားများကို ဖေဖော်ဝါရီ ၁၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)  

အာဏာသိမ်းခဲ့သည့် ၁၀ လအတွင်း CDM ပူးပေါင်းလာသူ စစ်သား ၂၀၀၀ ကျော်နှင့် ရဲ ၆၀၀၀ ကျော် ရှိလာခဲ့ပြီး အရေအတွက် ပိုများလာဦးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည်။

By Myanmar Now

နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်ပြသိမ်းယူလိုက်ပြီးနောက် စစ်အာဏာရှင်လက်အောက် အမှုမထမ်းလိုသည့်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် ရဲနှင့် စစ်သား စုစုပေါင်း ၈,၀၀၀ ကျော်အထိ ရှိလာကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည်။

စစ်သား ၂၀၀၀ ကျော်နှင့် ရဲ ၆၀၀၀ ကျော် ဖြစ်သည်ဟု ထိုအဖွဲ့မှ ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

ရဲတပ်ဖွဲ့မှ ရာထူးအဆင့်များနှင့် ပတ်သက်ပြီး တိတိကျကျ မသိရသေးသော်လည်း စစ်တပ်ဘက်မှ အာဏာဖီဆန်လာသူများထဲတွင် ဗိုလ်မှူးအဆင့်ရှိသူ ဆယ်ဦးထက်မနည်းရှိပြီး၊ ဗိုလ်နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ရာဂဏန်းခန့် ပါဝင်သည်ဟု ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

“စစ်တပ်ရဲ့လုပ်ပုံကိုင်ပုံတွေ၊ သံတမန်ရေးအရ နိုင်ငံတကာစာမျက်နှာမှာ ကျဆုံးမှုတွေ၊ နိုင်ငံရေးအရကျဆုံးမှုတွေမှာ စစ်တပ်ကို မယုံတော့တဲ့သူတွေ တပ်တွင်းမှာ တော်တော်များလာတာကို တွေ့ရတယ်။ ဒါကြောင့်မို့ နောက်ထပ် ထပ်ထွက်လာဖို့ကို အများကြီးမျှော်လင့်လို့ရပါသေးတယ်ဗျ” ဟု ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်ရှိ တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၅၂၈ (ခြေမြန်တပ်ရင်း) တွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူ အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးလင်းထက်အောင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဧပြီလအတွင်း CDM တွင် ပါဝင်ခဲ့သူ ဖြစ်သည်။

၎င်းက CDM လုပ်လိုသူ စစ်သားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်နိုင်ရေး အကူအညီပေးနေသူတစ်ဦးလည်း ဖြစ်သည်။

လက်ရှိ၌ CDM ဝင်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထဲမှ အများစုသည် လက်နက်ကိုင်လမ်းစဉ်ဖြင့် အာဏာရှင်ကို ပြန်လည်ခုခံကြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၎င်းပါဝင်သည့် ပြည်သူ့ရင်ခွင်အဖွဲ့သည် NUG ဦးဆောင်မှုဖြင့် “ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီ” ဖွဲ့စည်းထားပြီး CDM ဝင်လာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး၊ စားဝတ်နေရေးနှင့် ဘဝအာမခံချက်ရှိစေရေးတို့ကိုလည်း‌ ဆောင်ရွက်ပေးနေသည်။

နိုဝင်ဘာ ၂၉ တွင် အဆိုပါကော်မတီက စီစဉ်သော “ပြည်သူ့အစိုးရနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသူများ တွေ့ဆုံပွဲ” သို့ NUG အစိုးရမှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း စသည့် ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ပြည်သူ့ရင်ခွင်အဖွဲ့၊ ပြည်သူ့စစ်သားအဖွဲ့နှင့် CDM ဝင်ရောက်လာသည့် ရဲနှင့် စစ်သားအချို့ တက်ရောက်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးအဖြစ် နိုင်ငံအနှံ့ ကူးစက်ခဲ့ပြီး စစ်ကောင်စီ၏ သတ်ဖြတ်သောလုပ်ရပ်များကို လက်မခံနိုင်သည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ CDM ၌ ပူးပေါင်းလာခဲ့ကြခြင်း ဖြစ်သည်။

ယခုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်သေးသော်လည်း တပ်တွင်းမှနေပြီး တပ်သတင်းများကို ပေးပို့နေသည့် ဖရဲသီးဟု ခေါ်ဆိုသူ စစ်သည်များအရေအတွက် တိုးလာသည်၊ ပြည်သူ့ရင်ခွင်အဖွဲ့သို့ စစ်ရေးသတင်းများ ဆက်သွယ်ပေးပို့နေသည့် စစ်သား ၁၀၀ ခန့်ရှိနေသည်ဟု ၎င်းက ဆိုသည်။

“အဓိကကတော့ တပ်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ သတင်းတွေ၊ စစ်ရေးသတင်းတွေ၊ ဒီလိုသတင်းတွေကို အထဲကလူတွေက သူတို့နယ်ပယ်မှာ သိရတဲ့သတင်းလေးတွေကို ကျွန်တော်တို့ဆီ အမြဲမပြတ်ပေးပို့တဲ့ အဖွဲ့လေးတွေလည်း ရှိပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောပြသည်။

သို့သော် အာဏာဖီဆန်လာသူများထဲတွင် စစ်ကောင်စီအတွက် သတင်းပေးပြန်လုပ်သူတချို့လည်း ရှိနေသောကြောင့် သေချာစိစစ်ဆောင်ရွက်ရန်လိုကြောင်း ၎င်းက သုံးသပ်သည်။

တပ်တွင်းနှင့် ရဲတပ်ဖွဲ့မှ CDM ဝင်ရောက်သူများပြားလာသောကြောင့် အုပ်ချုပ်မှုလျော့ရဲလာခြင်း၊ တာဝန်ခွဲဝေမှု မမျှတခြင်းတို့ကြောင့် တပ်တွင်း ပြိုကွဲမှုအက်ကြောင်းများလာသည်ဟု ၎င်းက ယူဆနေသည်။

အာဏာသိမ်းပြီး ၁၀ လခန့်ကြာမြင့်လာသော်လည်း စစ်ကောင်စီက နိုင်ငံအနှံ့ အသစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသလို အကျအဆုံးလည်း များပြားနေသည်။ ဤအခြေအနေကြောင့် စစ်ကောင်စီသည် တူမီးသေနတ်ကိုင်ပြီး ခုခံသူတို့ကို လက်နက်ကြီးများ၊ ရဟတ်ယာဉ်များ သုံးပြီး တိုက်ခိုက်နေရသည်။

ဒေသအများအပြားတွင် ရွာလုံးကျွတ် တိမ်းရှောင်နေကြရပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း များပြားနေသည်။

စစ်ကောင်စီက PDF များကို အကြမ်းဖက်သမားများဟု သတ်မှတ်ထားပြီး မီးရှို့မှု၊ အရပ်သားသေဆုံးမှုများမှာ အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့်ဖြစ်သည်ဟု တစ်ခါတစ်ရံ သတင်းထုတ်ပြန်လေ့ရှိသည်။

တပ်နှင့် ရဲ အာဏာဖီဆန်မှုများနှင့် ပတ်သက်ပြီး သတိထားကိုင်တွယ်နေသည့် စစ်ကောင်စီက ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ခ) မောင်တင်သစ်က ပြည်သူ့လစာယူထားသည့် တပ်မတော်သားများအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များထံ ဆက်လက်သစ္စာခံမနေဘဲ ပြည်သူ့ဘက် ရပ်တည်ကြရန် ဩဂုတ်လအတွင်း တိုက်တွန်းပြောဆိုထားသည်။

ထို့အတူ ကရင်နီနှင့် ချင်းဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်သားနှင့် ရဲများကို လက်နက်နှင့်တကွ CDM တွင် ပါဝင်ကြရန် သိန်းဆယ်ချီပေး ကမ်းလှမ်းထားသည်။

နိုင်ငံတကာလေ့လာသူများနှင့် ပြည်တွင်း စစ်ရေးနိုင်ငံရေးလေ့လာသူအချို့က စစ်ကောင်စီတွင် ကြည်း၊ ရေ၊ လေ စစ်သည်အင်အား ၂၅၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော်အထိ ရှိမည်ဟု ခန့်မှန်းထားပြီး ရဲတပ်ဖွဲ့အင်အားတွင်မူ ၉၀,၀၀၀ ခန့်ရှိနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်မျက်နှာများဖွင့်ထားရချိန်တွင် စစ်အင်အားဖြည့်တင်းရန်အတွက် စစ်ကိုင်းတိုင်းအတွင်းမှ စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူနေကြောင်း ကသာမြို့နယ်စစ်မှုထမ်းဟောင်းတစ်ဦးက Myanmar Now ကို ပြောဆိုဖူးသည်။

အောက်တိုဘာ ၄ တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က မုံရွာမြို့က စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည့် ၂၀၁၇ ဩဂုတ်အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် စစ်မှုထမ်းဟောင်းအရာရှိ တစ်သောင်းကျော်၊ အခြားအဆင့်နှင့် ၎င်းတို့ကို မှီခိုသူ အရန်အဖွဲ့ဝင် နှစ်သိန်းနီးပါးရှိသည်ဟု ဆိုသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia