26 November 2021
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၅၄လမ်း၊ ၁ဝ၇လမ်းရှိ မြရည်နန္ဒာရပ်ကွက်တွင် သားဖြစ်သူကို မမိ၍ လက်ပြန်ကြိုးတုပ် ဖမ်းခေါ်ခံရသည့် ဒေါ်ခင်အေးမော် (ခ) မငယ်။ (ဓာတ်ပုံ−ပေးပို့)
အသက် ၂ဝ ကျော် အင်ဂျင်နီယာကျောင်းသားကို ဖမ်းလိုသည့် စစ်ကောင်စီက ထိုလူငယ်၏ ၅၁ နှစ်အရွယ် မိခင်ကို လက်ပြန်ကြိုးတုပ် ဖမ်းခေါ်ကာ နေအိမ်ကို ချိပ်ပိတ်သည်။
By Myanmar Now
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဟု စွပ်စွဲခံထားရသည့် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှ လူငယ်တစ်ဦးကို လိုက်လံရှာဖွေနေသည့် စစ်ကောင်စီတပ်သားတို့က ထိုသူ၏ ၁၂နှစ်အရွယ် နှမနှင့် အသက် ၅ဝ ကျော် မိခင်တို့ကို ယမန်နေ့ (နိုဝင်ဘာ၂၅) နံနက်ပိုင်းတွင် ဖမ်းဆီးကာ နေအိမ်ကို ချိပ်ပိတ်လိုက်သည်။
၅၄ လမ်း၊ ၁ဝ၇ လမ်းရှိ မြရည်နန္ဒာရပ်ကွက်သို့ ကားနှစ်စီး၊ အင်အား ၁၅ ဦးခန့်ဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က အသက် ၂ဝ ကျော်အရွယ် အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်ကို လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ဒေသခံနှစ်ဦးက ပြောသည်။
နှမဖြစ်သူကို ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း လက်ပြန်ကြိုးတုပ်၍ ဖမ်းခေါ်ခံရသည့် မိခင် ဒေါ်ခင်အေးမော်(ခ) မငယ်မှာမူ ပြန်မလွတ်သေးဟု ၎င်းတို့က ပြောသည်။
“နေအိမ်ကို မွှေနှောက်ရှာတယ်။ ပြီးတော့ သားဖြစ်သူကို ထုတ်ပေး၊ မပေးရင် ခင်ဗျားတို့ ဖမ်းသွားမှာ ပြောတယ်။ ရိုက်တယ်။ အိမ်ထဲက ပစ္စည်းတချို့ကိုလည်း သိမ်းတယ်”ဟု ထိုရပ်ကွက်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“သူတို့လာဖမ်းတဲ့ ကောင်လေးက အင်ဂျင်နီယာကျောင်းသားလေး။ သူတို့ပြောသလို PDF လို့လည်း မဟုတ်နိုင်ပါဘူး။ လာဖမ်းတဲ့အချိန်မှာတော့ ကောင်လေးက မရှိဘူး။ ခရီးထွက်နေတာလို့ ကြားတယ်”
များမကြာမီက ယာဉ်မတော်တဆမှုတစ်ခုကြောင့် ခြေထောက်မသန်ဘဲ ဖြစ်နေသည့် ဒေါ်ခင်အေးမော်မှာ နေအိမ်တွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ၎င်း၏ မိသားစုသည် အေးအေးချမ်းချမ်း နေထိုင်ကြသူများသာဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ဒေါ်ခင်အေးမော် မည်သည့်နေရာတွင် ရှိနေမှန်း မသိသေးကြောင်း၊ အသက်အန္တရာယ်ကို စိတ်ပူကြောင်း ထိုရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်ကိုလည်း ချိပ်ပိတ်တယ်ဗျာ။ နောက်ပြီး ခုလို သားမတွေ့လို့ အမေကို ဖမ်းတာကတော့ မိုက်ရိုင်းလွန်းပါတယ်။ ဒါပေမဲ့လဲ သိတဲ့အတိုင်းပဲ ဒီထက်တောင်လုပ်နေကြတာပဲ”ဟု ၎င်းက ဆိုသည်။
ချိပ်ပိတ်ခံရသည့် ဒေါ်ခင်အေးမော်၏ နေအိမ်ကိစ္စ၊ ကိုဟိန်းထက်၏ ကိုယ်ရေးအချက်အလက်နှင့် ပြန်လွတ်လာသည့် ၁၂ နှစ်သမီးကို မည်သူက စောင့်ရှောက်ထားသည် စသဖြင့် အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
မန္တလေးတိုင်းစစ်ကောင်စီအဖွဲ့နှင့် ချမ်းမြသာစည်ရဲစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
မန္တလေးတိုင်း PDF အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဗိုလ်နက္ခတ်ကမူ စစ်ကောင်စီ ရှာဖွေနေသည့် ကိုဟိန်းထက်မှာ ၎င်းတို့နှင့် မပတ်သက်ကြောင်း၊ စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို ရှုတ်ချကြောင်း ပြောသည်။
“ခုလိုမျိုးစွပ်စွဲပြီး မိခင်ကို ဓားစာခံလုပ်တာတော့ အင်မတန်အောက်တန်းကျပါတယ်ဗျာ”ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့တွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ရဟန်း၊ သံဃာများကိုပင်မချန် ရက်စက်စွာ ပြုမူ၍ ဖမ်းဆီးနေသလို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ ဦးရေနှင့် နေအိမ်၊ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရသည့် အရေအတွက် မြင့်တက်နေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုဝင်ဘာ ၂၅ စာရင်းအရ စစ်ကောင်စီတပ်သားတို့ ဖမ်းပြီး ပြန်မလွှတ်သေးသူ ၇၅၅၃ ဦးထက်မနည်း ရှိနေကြောင်း သိရသည်။
ထိုစာရင်းတွင် အသက် ၂နှစ်မှ သက်ကြီးရွယ်အိုအထိ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ရာဂဏန်းခန့်ပါဝင်သည်။
AAPP ကို တရားမဝင်အဖွဲ့ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများကို သတင်းထုတ်ပြန်လေ့မရှိပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.