18 November 2021
အသက် ၄၀ ဝန်းကျင်အရွယ် အထက်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင်သည် စစ်ကောင်စီက ဖမ်းသွာပြီးနောက် ရောဂါတစ်စုံတစ်ရာမရှိဘဲ နာရီပိုင်းအတွင်း သေဆုံးသွားသည်။ (ဓာတ်ပုံ-Supplied)
နံနက် ၁၁ နာရီတွင် ဖမ်းဆီးလာသော ကျောင်းဆရာ သေဆုံးပြီဖြစ်ကြောင်း ရဲစခန်းက ညနေ ၅ နာရီတွင် မိသားစုကို အသိပေးခဲ့ပြီး ချက်ချင်းသင်္ဂြိုဟ်လိုက်သည်။
By Myanmar Now
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မြင်သာရွာ၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ကျောင်းဆရာတစ်ဦး ယမန်နေ့ (နိုဝင်ဘာ ၁၇) နေ့လယ်က ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း စစ်ကြောရေးတွင် သေဆုံးခဲ့သည်။
နေ့လယ် ၁၁ နာရီခန့်၌ မြင်သာရွာရှိ အသက် ၄၀ ဝန်းကျင်အရွယ် အထက်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင်၏ နေအိမ်သို့ စစ်သားနှင့် ရဲများက အင်အားအများအပြားဖြင့် မိသားစုရှေ့တွင် ဖမ်းခေါ်သွားခဲ့သည်။
ညနေ ၅ နာရီခန့်၌ ကျောင်းဆရာ သေဆုံးသွားပြီဖြစ်ကြောင်း ကပ်လျက်ရွာဖြစ်သော ကြာညှပ်ရွာရဲစခန်းက မိသားစုထံ အကြောင်းကြားခဲ့သည်ဟု ဒေသခံ ကျောင်းဆရာမတစ်ဦးက ပြောသည်။
“စစ်ကြောရေးမှာ နှိပ်စက်ဒဏ် မခံနိုင်လို့ ဆုံးသွားတယ်လို့ပဲ သိရတယ်။ ဘာဒဏ်ရာနဲ့ ဆုံးလဲ၊ ဘယ်လိုဆုံးလဲက အလောင်းလည်း ထုပ်ထားပြီး မျက်နှာလေးပဲ ပြတယ်ဆိုတော့ မသိရဘူး။ ပြီးတော့ ကြာညှပ်သုသာန်မှာ ညက သူတို့ သင်္ဂြိုဟ်လိုက်ပြီ ပြောတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ သပိတ်ကျင်းမြို့နယ်မှ ထိုကျောင်းဆရာက ပြောသည်။
ဒေသခံ နောက်တစ်ဦးကလည်း ဦးဇော်မင်းအောင်သည် မြင်သာရွာအထက်ကျောင်းမှ ဖြစ်ပြီး သတင်းမှားပေးခံရခြင်းကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
“ဆရာက အရမ်းရိုးတာ အေးတာ။ သူများကိုလည်း ကူညီတယ်။ သူ့မှာ CDM လုပ်တာကလွဲလို့ အခြား နိုင်ငံရေးလုပ်တာ မရှိပါဘူး။ ဒီတစ်ခုကြောင့်ပဲ ဒလန်သတင်းပေးခံရလို့ ဖမ်းခံရတာပါ”ဟု ၎င်းက ပြောသည်။
ထို့ပြင် မြင်သာရွာမှ အသက် ၃၀ အရွယ် ကိုမိုးကျော်ဆိုသူသည် ရွာအတွင်း ရဲနှင့် စစ်သားများ ဝင်ရောက်လာကြောင်း သတိပေးအော်ဟစ်ခဲ့သည့်အတွက် အဖမ်းခံရပြီး ယင်းနေ့ညနေပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရဲစခန်းက ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံ ၂ ဦးထံမှ သိရသည်။
တစ်ချိန်တည်း ဖမ်းဆီးခံရသူနှစ်ဦး ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များအတွက် ဝမ်းနည်းမိသည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။
“လွတ်လာတဲ့ တစ်ယောက်ဆိုလည်း မသေရုံတမယ်ပဲ ရိုက်နှက်နှိပ်စက်ထားတာ။ ဒီလိုလုပ်ရပ်တွေ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေကို ရှုတ်ချပါတယ်။ ကိုယ့်ရွာက ဆရာတစ်ဦးဖြစ်တော့ အတော်လည်း စိတ်ထိခိုက်ရပါတယ် ” ဟု ထိုအမျိုးသားက ပြောသည်။
သေဆုံးမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် Myanmar Now က စစ်ကောင်စီပြန်ကြားရေးနှင့် သပိတ်ကျင်းမြို့နယ် ကြာညှပ်ရဲစခန်းသို့ ဆက်သွယ်၍ မရသေးပေ။
ရောဂါတစ်စုံတစ်ရာ မရှိဘဲ သေဆုံးသွားသည့် ဦးဇော်မင်းအောင်ထံတွင် ဇနီးသည်နှင့် အရွယ်မရောက်သေးသူ သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ပေါ်မှ ကားဖြင့် ၂ နာရီခန့်သွားရသည့် အကွာအဝေးတွင် ရှိသော အဆိုပါရွာသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများ အားကောင်းခဲ့သည့်ရွာဖြစ်ပြီး လက်ရှိတွင် ဆန္ဒပြပွဲခေါင်းဆောင်များ ထွက်ပြေးတိမ်းရှောင်နေရသည်။
မန္တလေးတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြစစ်ကြောင်းများကို စစ်ကောင်စီလက်နက်ကိုင်များက မကြာခဏ အကြမ်းဖက်ဖမ်းဆီးနေသည့်ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပါတီထောက်ခံသူများ၊ PDF, CDM ထောက်ပံ့သူများကို မကြာခဏ ဖမ်းဆီးသတ်ဖြတ်လေ့ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ကလည်း မတ္တရာမြို့နယ်၊ ကင်းရွာမှ ကျူရှင်ဆရာတစ်ဦးဖြစ်သူ ကိုသိန်းဇော်ကို PDF ထောက်ပံ့သူဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးသွားပြီး ၃ ရက်အကြာတွင် ၎င်း၏ နေအိမ်ကို လိုက်ပြခိုင်းကာ အပြန်လမ်းမှာ သတ်ဖြတ်၍ ရုပ်အလောင်းကို ရွာသုသာန်အနီး စွန့်ပစ်ခဲ့သည်။
နိုဝင်ဘာ ၁ ကလည်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာမှ အသက် ၃၂ နှစ်အရွယ် CDM ကျောင်းဆရာ ဦးဝင်းလွင် ဖမ်းဆီးခံရပြီး စစ်ကြောရေး၌ ၂၄ နာရီအတွင်း သေဆုံးသွားသည်။
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ လိပ်ဆံခွံကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားသည့် ‘ဆရာ၊ ဆရာမများ လုပ်ငန်းခွင် ပြန်မဝင်ပါက ပစ်သတ်မည်’ ဟူသော သတိပေးစာ ဆွဲဖြဲခံရသောကြောင့် နိုဝင်ဘာ ၁၀ မနက်တွင် စစ်သားများ ရောက်လာပြီး မင်္ဂလာပွဲတစ်ခုအတွက် ပြင်ဆင်နေသူများ၊ ရွာသားများကို ရိုက်နှက်မေးမြန်းခဲ့သည်။
နယ်မြေရင်းနှီးကျွမ်းကျင်မှုမရှိသော စစ်ကောင်စီတပ်သားတို့သည် မည်သူ့ကို ဖမ်းဆီးစစ်ဆေးသင့်သည်၊ ထိုသူ၏ အိမ်သို့ မည်သို့သွားရောက်ရသည် စသည်တို့ကို သိရှိနိုင်ရန် ဒေသအသီးသီးတွင် ဒလန်များကို အားကိုးနေရသည်။
ဒလန်တို့၏ လက်ထောက်ချမှုကြောင့် ဖမ်းဆီးခံရသူတို့ နှိပ်စက်၊ သတ်ဖြတ်ခံရသည့် သတင်းများ နိုင်ငံအနှံ့အပြားမှ ထွက်ပေါ်နေသည်။
ဤအခြေအနေတွင် လက်နက်ကိုင်အန်တုသူများက စစ်ကောင်စီတပ်သားတို့ကိုသာမက ဒလန်ဟု ယူဆရသူတို့ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေကြသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.