ရေစကြို စီးနင်းမှုတွင် စစ်ကောင်စီတပ်က လူသားတံတိုင်း အသုံးပြု

ရေစကြို စီးနင်းမှုတွင် စစ်ကောင်စီတပ်က လူသားတံတိုင်း အသုံးပြု

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့သည်ကို ဧပြီ ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

ချုံခိုတိုက်ခိုက်တတ်သည့် PDF အဖွဲ့များ၏ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ လှုပ်ရှားနယ်မြေကို စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ် ဒေသခံ ၁၀ ဦးကို ကြိုးဖြင့်တုပ်ပြီး သွားလာလျက်ရှိသည်။

By Myanmar Now

ယနေ့ (နိုဝင်ဘာ ၁၇) တွင်  ခြေလျင်တပ်ရင်း ၁၀၁ က မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ရွာများကို ဝင်ရောက်စီးနင်းစဉ် ရွာသား ၁၀ ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းရှေ့မှ သွားခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၆ နာရီကတည်းက ရေလယ်ကျွန်းပေါ်ရှိ ကျေးရွာ ၁၁ ရွာတွင် PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မှ အဖွဲ့ဝင်များ ပုန်းခိုနေသည်ဟူသော သံသယဖြင့် ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၃ တွင် ပခန်းငယ်ရဲကင်းစခန်းမှ ဆုံးရှုံးသွားသော လက်နက်နှင့် ပစ္စည်းများ မရမချင်း ရှာဖွေမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်ဟု သိရသည်။

ရေစကြိုမြို့တောင်ဘက် ၁၂ မိုင်အကွာရှိ ပခန်းငယ်ရဲကင်းစခန်းကို ၄ ဖွဲ့ထက်မနည်း ပါဝင်သည့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ပြီး စခန်းမှ မောင်းပြန်သေနတ် ၂ လက်၊ ဆိုင်ကယ်နှစ်စီး ယူဆောင်သွားသည်။

စခန်းသိမ်းပြန်လာသော PDF တပ်ဖွဲ့ဝင်များကို ဒေသခံတို့က ဝမ်းသာအာရ ကြိုဆိုခဲ့ပုံကို မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်တစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

ယနေ့စီးနင်းမှုသည် အဆိုပါ ရုပ်သံဖိုင်နှင့် ပတ်သက်ဖွယ်ရှိကြောင်း ဖီးနစ်အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) မှ ခေါင်းဆောင် ဗိုလ်လင်းယုန်က Myanmar Now ကို ပြောသည်။

“ပြည်သူတွေက ကြိုဆိုတဲ့ဖိုင် (အွန်လိုင်းပေါ်) တက်လာတော့ ကျွန်တော်တို့ကို ပြည်သူတွေက မကြောက်ရွံ့ဘူး။ ကြိုဆိုတယ်ဆိုပြီးတော့ ဝင်စစ်ဆေးတဲ့ အနေအထားမျိုးလည်းဖြစ်တယ်” ဟု ဗိုလ်လင်းယုန်က ဆိုသည်။

ရေစကြိုမြို့တောင်ဘက် ၁၂ မိုင်အကွာရှိ ပခန်းငယ်ရဲကင်းစခန်း၏ တစ်ဖက်ကမ်းဖြစ်သော ချင်းတွင်းမြစ်အရှေ့ဘက်၌ ရေလယ်ကျွန်းရှိပြီး ထိုကျွန်းပေါ်တွင် လှေကုတ်၊ မင်းရွာ၊ ရေးယှား၊ နွယ်နီ၊ ဆင်တဲ၊ ပေါက်တော၊ ကျွန်းညို၊ နေရင်း၊ ငသရော၊ ထန်းတော၊ နန်းဦး၊ ခြံယား စသည့်ရွာများ မိုးလင်းကတည်းက စီးနင်းခံနေရခြင်း ဖြစ်သည်။

ဒေသအသီးသီးတွင် လက်လုပ်မိုင်း အသုံးပြုမှုများသည့် PDF က ချုံခိုတိုက်ခိုက်သည့်နည်းဖြင့် စစ်ကောင်စီတပ်ကို ရင်ဆိုင်လျက်ရှိသည်။

ကြိုးတုပ်ထားသည့် ရွာသား ၁၀ ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားခြင်းမှာ လူသားတံတိုင်းသဖွယ် အသုံးပြုခြင်းဖြစ်သည်ဟု ရေစကြို PDF က ပြောသည်။

“လက်ပြန်ကြိုးတုပ်ပြီး  ရွာတွေသွားရင် အဲဒီ ၁၀ယောက်ကို ရှေ့ကနေ သွားခိုင်းတယ်တဲ့။ (ဖမ်းခံရတာ) လှေကုတ်ရွာက အများဆုံးလို့ သိရတယ်။ အခု အဲဒီ ၁၀ ယောက်လုံး ရေယှားရွာမှာ ရောက်နေပြီ”ဟု ရေစကြို PDF ခေါင်းဆောင်တစ်ဦးက ယနေ့ ညနေပိုင်းက ပြောသည်။

ခလရ ၁၀၁ မှ စစ်သားများက ကျေးရွာများကို စီးနင်းစဉ် သေနတ်ပစ်ဖောက်ခဲ့ကြောင်း၊ PDF များက ပြန်လည်တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ရေလယ်ကျွန်းပေါ်ရှိ ရွာများမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ခလရ ၁၀၁ ဝင်ရောက်စီးနင်းအခြေအနေကို လှေခုတ်ရွာသားတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ထွက်ပြေးနေဆဲဖြစ်၍ ဖြေကြားရန် အဆင်မပြေသေးကြောင်း ပြောသည်။

ပခုက္ကူမြို့မှ တက်လာသည့် ခလရ ၁၀၁ မှ အင်အား ၆၀ ခန့်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အဆုံတွင်ရှိသော ရေလယ်ကျွန်းပေါ်ရှိ မင်းရွာနှင့် ငသရောရွာတို့တွင် နိုဝင်ဘာ ၁၅ ကတည်းက လာရောက်တပ်စွဲပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အင်အား ၆၀ ထပ်မံဖြည့်တင်းကာ ကျေးရွာများကို မွှေ‌နှောက် စီးနင်းနေခြင်းဖြစ်သည်ဟု PDF များထံမှ သိရသည်။

စစ်ကောင်စီ၏ စီးနင်းမှုသည် ပခန်းငယ်စခန်းကို ၎င်းတို့ လက်လွှတ်လိုက်ရသည့် ဖြစ်စဉ်အပြင် ရေစကြိုမြို့ပေါ်ရှိ ပျူစောထီးအဖွဲ့များထံ ပေါက်ကြားနေသည့် PDF အဖွဲ့ဝင်စာရင်းနှင့်လည်း သက်ဆိုင်သည်ဟု PDF များက ပြောသည်။

“အဲဒီစာရင်းအတိုင်း လိုက်နေတာ။ လူတွေကို အရေအတွက် လိုက်စစ်တယ်။ အိမ်တွေကိုလည်း အပေါက်တွေဖွင့် အကုန်လိုက်စစ်တာ။ (အိမ်) ဖျက်တာ၊ မဖျက်တာတော့ မသိရသေးဘူး” ဟု အထက်ပါ ရေစကြို PDF ခေါင်းဆောင်က ပြောသည်။

“ရွာတစ်ရွာကို ဝင်ရင် အဲဒီရွာကို ဝိုင်းပြီး ရွာထဲရှိတဲ့လူ အကုန်စစ်တာ။ ရွာမှာနေတဲ့လူစာရင်းနဲ့ ပို၊ မပို စစ်နေတာ”

စစ်ကောင်စီတပ်ထံတွင် ရှိနေသည်ဟူသော စာရင်းတွင် လူငယ် ၇၀ ဝန်းကျင်၏ အမည်များ ပါဝင်နေကြောင်း သိရသော်လည်း ထိုစာရင်း စစ်မှန်ခြင်း ရှိမရှိ မသိရသေးသလို ရေစကြိုတွင် စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်က  ဒေသခံ ၁၀ ဦးကို ကြိုးဖြင့်တုပ်ပြီး သွားလာနေသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia