16 November 2021
အကျဉ်းဦးစီးဌာနဝန်ထမ်းများကို ဩဂုတ်လဆန်းပိုင်းက ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေးထိုးပေးနေစဉ်။ (ဓာတ်ပုံ – အကျဉ်းဦးစီးဌာန)
အကျဉ်းသားများကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထုတ်လွှင့်ခဲ့သော်လည်း ကိုဗစ်ကာကွယ်ဆေးဖိုးအတွက် ငရုတ်သီးအညှာခြွေပေးခဲ့ရကြောင်း မိတ္ထီလာအကျဉ်းထောင်မှ လွတ်မြောက်လာသူအချို့က ဆိုသည်
By Myanmar Now
အကျဉ်းသား၊ အချုပ်သားများကို ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေး အခမဲ့ထိုးပေးကြောင်း အာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့်ထားသော်လည်း မိတ္ထီလာအကျဉ်းထောင်၌ ကိုဗစ်ကာကွယ်ဆေးဖိုးရရန် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ငရုတ်သီးချွေခိုင်းခဲ့ကြောင်း မကြာသေးမီက ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသည်။
ဆေးဖိုးလိုသည်ဟု အကြောင်းပြ၍ အကျဉ်းသားတစ်ဦးလျှင် အညှာခြွေပြီးသား ငရုတ်သီး ၁ ပိဿာခွဲခန့် ရရှိသည်အထိ ထောင်ပိုင်က ခြွေခိုင်းခဲ့ကြောင်း အောက်တိုဘာ ၁၈ တွင် မိတ္ထီလာအကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးက Myanmar Now ကို ပြောသည်။
“ထောင်ရဲ့ သက်သာဆိုပြီး ခင်ဗျားတို့အတွက်တဲ့ ဆေးထိုးလို့ရှိရင်တဲ့ ဆေးကို ပေးထားတဲ့ပိုက်ဆံနဲ့ ဘတ်ဂျက်နဲ့က မလောက်ဘူးတဲ့။ ဒီရတဲ့အထဲကနေ ကျွန်တော်တို့က သုံးရတာတဲ့။ ခင်ဗျား အဲလောက်ကတော့ သိရမှာပေါ့တဲ့” ဟု ထောင်ပိုင်က ငရုတ်သီးခြွေခိုင်းပုံအကြောင်း ၎င်းက ပြောသည်။
မိတ္ထီလာအကျဉ်းထောင်၌ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ဖြင့် အကျဉ်းကျနေသူ အားလုံးနီးပါး ကိုဗစ်ကာကွယ်ဆေးခွင့်ရသော်လည်း ၎င်းမှာမူ စစ်ကောင်စီကို မယုံသဖြင့် မထိုးခဲ့ကြောင်း အထက်ပါလွတ်မြောက်လာသူ အမျိုးသားက ပြောသည်။
“ဒီကောင်တွေကို မယုံဘူး။ မထိုးရဖို့ အရေးကြီးတော့ ထိုးပြီးပြီလို့၊ နှစ်ကြိမ်လားဆိုတော့ နှစ်ကြိမ်စလုံးလို့။ အဲဒီမှာ နောက်ကလေးတစ်ယောက် ဒီအစိုးရမယုံကြည်လို့ မထိုးဘူးလို့ပြောလိုက်တော့ ဟာ အဲဒါဆိုမရဘူး၊ ထိုးရမှာဆိုပြီး ဇွတ်ထိုးပေးတာ။ အဲ့ဒါ သူအခန်းထဲပြန်ရောက်တော့ အဲ့ကလေးက ငိုရော” ဟု ၎င်းက ပြောသည်။
မိတ္ထီလာအကျဉ်းထောင်၌ လေးလနီးပါး အကျဉ်းကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ထိုအမျိုးသားမှာ ယနေ့အချိန်ထိ စောင့်ကြည့်ခံနေရသဖြင့် နေရပ်နှင့် အမည်နာမကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။
ဇွန်လတတိယပတ်အတွင်း အဖမ်းခံရခြင်းဖြစ်ကာ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းနှစ်ခုတွင် ၁၆ နာရီခန့် စစ်ဆေးခံရပြီးနောက် ထောင်တွင်းတရားရုံးက ရုတ်တရက်အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အမိန့်ချတဲ့အချိန်က ၄ စက္ကန့်လောက်ပဲ ကြာတယ်။ ချတဲ့ပုဒ်မတောင် ကျွန်တော်က ပြန်မေးရတယ်။ ၅၀၅ အနောက်မှာ ကကြီးတွေခခွေးတွေ ကျွန်တော့်ကို ပြောပါဦး သိပါရစေလို့၊ အဲတော့ ကကြီးပါတဲ့။ ဆန္ဒပြတာ ပါခဲ့သလား၊ ဘာလား တစ်ခုမှကို မမေးတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။
ဩဂုတ်လဆန်းပိုင်းက အကျဉ်းသားများကို ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေးထိုးပေးနေစဉ်။ (ဓာတ်ပုံ – အကျဉ်းဦးစီးဌာန)
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းပြင်းထန်နေချိန် ဇွန်လအတွင်းက အကျဉ်းသား၊ အချုပ်သားများကို ကာကွယ်ဆေး အခမဲ့ထိုးပေးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အကျဉ်းသားနှင့် အချုပ်သားများပါမကျန် ပြည်သူများကို ကိုဗစ်နိုင်တင်းကာကွယ်ဆေး အခမဲ့ထိုးပေးကြောင်း ၎င်း၏ မိန့်ခွန်းများတွင် မကြာခဏ ထည့်သွင်းပြောကြားခဲ့သည်။
ထောင်ထဲ၌ ငရုတ်သီးအညှာခြွေကာ ကိုဗစ်ကာကွယ်ဆေးဖိုး ရှာပေးခဲ့ရကြောင်း မိတ္ထီလာအကျဉ်းထောင်မှ လွတ်မြောက်လာသူ နောက်တစ်ဦးက ပြောသည်။
“အဲ့ဒီက ရတဲ့ပိုက်ဆံကို ဆေးအတွက်လို့ သူတို့က ပြောပါတယ်။ ဟို (စစ်ကောင်စီ) က ပေးတာ နည်းနည်းလေးတဲ့။ အဲဒါ ဒီမှာ ပြန်ရှာပြီးတော့ သုံးပေးရတယ်ပေါ့။ အဲလိုပြောတယ်။ အဲဒါ ကျွန်တော်ကြုံခဲ့ရတာ။ စစ်ကောင်စီက အဲလောက် ချမပေးဘူးတဲ့” ဟု ၎င်းက ပြောသည်။
ထိုအမျိုးသားမှာ အောက်တိုဘာ ၁၈ လွတ်ငြိမ်းစာရင်းအရ လွတ်မြောက်ရန်ရှိသော်လည်း ထောင်ဘူးဝ၌ ပြန်အဖမ်းခံပြီးနောက် နောက်တစ်ရက်ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်မှ အမှန်တကယ်လွတ်မြောက်ခဲ့သူဖြစ်သည်။
ထိုအမျိုးသားမှာ မေလဆန်းပိုင်းတွင် အဖမ်းခံရပြီးနောက် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က (က) ဖြင့် စွဲချက်တင်ခံရပြီး ထောင်ထဲ၌ ငါးလကျော်နေခဲ့ရသူဖြစ်သည်။
မိတ္ထီလာထောင်၌ အကျဉ်းသားများကို ကိုဗစ်ကာကွယ်ဆေးဖိုးရရန် အကျဉ်းသားများကို ငရုတ်သီးအညှာခြွေခိုင်းသည့်အပေါ် အကျဉ်းထောင်တာဝန်ရှိသူနှင့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.