16 November 2021
စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌဒေါ်နွယ်နွယ်ဝင်း။ (ဓာတ်ပုံ – Supplied)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးခံရသူမှာ ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းဖြစ်သည်ဟု သိရသည်
By Myanmar Now
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၅) ညနေပိုင်းက ပရဟိတအသင်းတစ်ခု၏ ရုံးခန်းကို ဝင်စီးပြီးနောက် စစ်ကောင်စီက အသင်းဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးနှင့် အသင်းတာဝန်ရှိသူက ပြောသည်။
ဖမ်းဆီးခံရသူမှာ ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းဖြစ်ပြီး အောင်မြေသာစံမြို့နယ် ၂၅ လမ်းနှင့် အရှေ့မြို့ပတ်လမ်းထောင့် သရက်ကုန်းကွက်သစ်ရပ်ကွက်ရှိ ရွှေမဟာနွယ်ပရဟိတအသင်းရုံးကို အရပ်ဝတ် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“CDM တွေ PDF တွေကို ထောက်ပံ့တယ်စွပ်စွဲပြီး ဖမ်းသွားတာ။ ရုံးထဲကိုလည်း မွှေနှောက်ရှာတယ်။ မိဘမဲ့ကျောင်းတို့ စစ်ဘေးရှောင်တို့အတွက် အလှူခံရထားတဲ့အဝတ်ထုပ်တွေကိုလည်း ဖောက်ပြီး ရှာသွားတယ်” ဟု ထိုပရဟိတအသင်းနှင့် နီးစပ်သည့် လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးက ပြောသည်။
၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ရွှေမဟာနွယ်ပရဟိတ သွေးလှူအသင်းနှင့် လူမှုကယ်ဆယ်ရေးအသင်းသည် ပရဟိတကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းများအပြင် လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများနှင့် မိဘမဲ့ကျောင်းများအတွက် အဝတ်အထည်နှင့် ဆေးဝါးများ ရှာဖွေလှူဒါန်းပေးနေသည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“ခုဆို ဆောင်းရာသီရောက်လာတော့ စစ်ဘေးရှောင်တွေအတွက် ကျွန်တော်တို့က အလှူခံတာပါ။ ဒါကို သူတို့ (စစ်ကောင်စီ) က စွပ်စွဲပြီးဖမ်းတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက အသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို ဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် အသင်းရုံးသို့ ဒုတိယအကြိမ်ရောက်ရှိလာကာ အသင်းသားနှစ်ဦးကို ရှာဖွေခဲ့ကြောင်း အထက်ပါ အသင်းတာဝန်ရှိသူက ဆက်ပြောသည်။
“ခုဆို အသင်းလည်း ရပ်နားထားရပြီ။ အားလုံးလည်း ရှောင်တိမ်းနေရတယ်။ ကျွန်တော်တို့က ပရဟိတသမားတွေပါ။ ခုလိုမျိုးမတရားသဖြင့် ဖမ်းဆီးစွပ်စွဲတာတော့ ရှုတ်ချပါတယ်” ဟု ၎င်းက ပြောသည်။
အသက် ၄၃ နှစ်အရွယ် ရွှေမဟာနွယ်ပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို နန်းတွင်းစစ်ကြောရေးတွင် စစ်ဆေးနေကြောင်း ကြားသိရသဖြင့် မိသားစုနှင့် နီးစပ်သူများက စိုးရိမ်ပူပန်နေသည်ဟု ဆိုသည်။
မန္တလေးတွင် အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြစစ်ကြောင်းများကို စစ်ကောင်စီလက်နက်ကိုင်များက မကြာခဏ အကြမ်းဖက်ဖမ်းဆီးနေသည့်အပြင် လမ်းသွားလမ်းလာများကိုပါမချန် သံသယရှိသူ မည်သူမဆို မကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံနေရသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်း ၆ ရက်က မတ္တရာမြို့နယ် ကင်းရွာမှ ကျူရှင်ဆရာတစ်ဦးဖြစ်သူ ကိုသိန်းဇော်ကို PDF ထောက်ပံ့သူဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ နောက်သုံးရက်အကြာတွင် ၎င်း၏ နေအိမ်ကို လိုက်ပြခိုင်းကာ အပြန်လမ်းတွင် သတ်ဖြတ်ပြီး အလောင်းကို ရွာသုသာန်အနီးတွင် စွန့်ပစ်ခဲ့သည်။
အောက်တိုဘာ ၁၉ ရက်ကလည်း ပြင်ဦးလွင်မြို့နယ်၌ ပရဟိတလုပ်ကိုင်သူတစ်ဦးဖြစ်သည့် “မေမြို့အိမ်” စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို CDM နှင့် PDF များကို ထောက်ပံ့သူဟုစွပ်စွဲကာ ဖမ်းဆီးပြီးနောက် စစ်ကောင်စီက ပုဒ်မများတပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.