14 November 2021
ဖမ်းဆီးခံရပြီး၂၄ နာရီမပြည့်မီ သေဆုံးသွားရသည့် အသက် ၃၃ နှစ်အရွယ် ဦးရဲအောင်။ (ဓာတ်ပုံ -Supplied)
အဖမ်းခံရပြီး ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၃၃ နှစ်အရွယ် ဦးရဲအောင်၏ ရုပ်အလောင်းကိုသာ မိသားစုက ပြန်တွေ့ခဲ့ရသည်
By Myanmar Now
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူ လူငယ်တစ်ဦးကို ဖမ်းမမိဖြင့် စစ်ကောင်စီက ဦးလေးဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး ၂၄ နာရီမပြည့်မီ အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့သည်။
မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာတွင် နိုဝင်ဘာ ၁၂ ညနေပိုင်းက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် လူငယ်တစ်ဦးကို လာရောက်ရှာဖွေရာ မတွေ့သဖြင့် စစ်ကောင်စီက ဖခင်ဖြစ်သူ ဦးမြင့်နိုင်နှင့် ဦးလေးဖြစ်သူ ဦးရဲအောင်တို့ကို ဖမ်းဆီးသွားခဲ့သည်။
“ညနေ ၄ နာရီလောက်က ဖမ်းသွားပြီး နောက်တစ်နေ့မနက်ကျတော့ ဦးရဲအောင်မိသားစုဆီကို အလောင်းလာထုတ်ဆိုပြီး အကြောင်းကြားတာ။ ဖမ်းခံရပြီးတော့ စစ်ကြောရေးကို ရောက်သွားတယ်လို့ သိရတယ်။ အဲဒီကနေ အလောင်းပဲ ပြန်လာထုတ်ခိုင်းတော့တာ”ဟု ကျောက်တံတားရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
နိုဝင်ဘာ ၁၃ နံနက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းတွင် ဦးခေါင်း၌ ဒဏ်ရာအများအပြားတွေ့ရကာ သေဆုံးနေကြောင်း၊ အလောင်းထုတ်ယူပြီးနောက် ယင်းနေ့မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုဝင်များကို ကိုးကား၍ ထိုသူက ဆက်ပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦးလုံးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသူများမဟုတ်ကြဘဲ၊ သာမန်ကျေးလက်လူတန်းစားများသာဖြစ်သည်ဟု ဆိုသည်။
သေဆုံးသွားသည့် အသက် ၃၃ နှစ်အရွယ် ဦးရဲအောင်မှာ ကျန်းမာသန်းစွမ်းသူတစ်ဦးဖြစ်ပြီး ၎င်းတွင် မီးဖွားပြီး ရက်ပိုင်းသာ ရှိသေးသည့် ဇနီးသည်နှင့် ကလေးတစ်ဦး ကျန်ရှိနေခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များက ကျေးရွာအတွင်း လာရောက်ကာ ဦးရဲအောင်တို့ကို ဖမ်းဆီးစဉ်က နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနှင့် ငွေသားများလည်း ယူဆောင်သွားခဲ့ကြောင်း ကျောက်တံတားရွာခံများထံမှ သိရသည်။
စစ်ကောင်စီက ဝရမ်းထုတ်ဖမ်းဆီးခံရသူ လူငယ်မှာ အသက် ၂၄ နှစ်အရွယ်ရှိပြီး မတ္တရာမြို့ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကာ ၎င်းမှာ ယခင်ကတည်းက တိမ်းရှောင်နေသူဖြစ်သည်။
ထိုလူငယ်၏ ဖခင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဦးမြင့်နိုင်မှာ ဖမ်းဆီးခံထားရပြီး စစ်ကြောရေးတွင် ရောက်ရှိနေကြောင်း ကြားသိရသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။
စစ်ကောင်စီသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏ ဝင်ရောက်ရှာဖွေခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများကို ဖမ်းဆီးခြင်းများကို နိုဝင်ဘာလအတွင်း မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း မတ္တရာမြို့ခံများက ဆိုသည်။
ထို့အတူ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်များကို ပြောက်ကျားတိုက်ခိုက်မှုများဖြင့် တုံ့ပြန်လုပ်ဆောင်လျက်ရှိသည်။
နိုင်ဝင်ဘာ ၁၂ ၌ မတ္တရာမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်သားနှင့် ရဲ အများအပြားရှိနေချိန်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး၊ ရဲသုံးဦးတို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
နိုဝင်ဘာ ၁၃ နံနက် ၁ နာရီခန့်တွင်လည်း မတ္တရာမြို့ပေါ်တွင် နေထိုင်သည့် CDM ကျောင်းဆရာ၊ ဆရာမ လင်မယားနှစ်ဦးကို နေအိမ်တွင် ဝင်ရောက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်အထိ မည်သည့်နေရာတွင် ဖမ်းထားကြောင်း မိသားစုက မသိရှိရပေ။
“ကျောင်းဆရာ၊ ဆရာမတွေ တော်တော် ပစ်မှတ်ထားခံနေရသလိုပဲ။ ၁၃ ရက်နေ့ မနက်က ဖမ်းသွားတဲ့ ဆရာလင်မယားဆို ခုချိန်ထိ ဘာမှ မကြားရဘူး။ တစ်ခုခုဆို CDM ဆရာဆရာမတွေကို ထိပ်ဆုံးက ဖမ်းနေတာ” ဟု မတ္တရာမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ကလည်း မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာ ဦးသိန်းဇော်သည် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရပြီး သံးရက်အကြာ အောက်တိုဘာ ၉ တွင် ၎င်း၏ ရုပ်အလောင်းကို ၎င်းရွာအနီး လမ်းဘေးတွင် လာရောက်ပစ်ထားခံရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.