14 November 2021
ရန်ကုန်မြို့တွင် မတ်လအတွင်း ပြုလုပ်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုတွင် ပါဝင်သူတစ်ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားစဉ်။ (ဓာတ်ပုံ – Myanmar Now)
မန္တလေးတိုင်း စဉ့်ကိုင်မြို့ လက်ဖက်ရည်ဆိုင်တွင် အဖမ်းခံရသူ ၅ ဦးအနက် ဆိုင်ရှင်ဖြစ်သူမှာ စစ်ကြောရေးကာလတွင် မျက်စိနှင့် နား ထိခိုက်သွားသည်ဟု သိရသည်။
By Myanmar Now
လေးလကြာ ထိန်းသိမ်းခံနေရသည့် မန္တလေးတိုင်း စဉ့်ကိုင်မြို့ အုံးပင်ခြံရွာမှ ရွှေကြယ်စင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမင်းသူ စစ်ကြောရေးကာလအတွင်း နှိပ်စက်ခံရမှုကြောင့် မျက်စိနှင့် နား ထိခိုက်သွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အသက် ၃၀ အရွယ် ကိုမင်းသူသည် နိုင်ငံတော်တည်ငြိမ်ရေး ပျက်ပြားစေမှု ပုဒ်မ ၅၀၅(က)၊ လက်နက်များအက်ဥပဒေ ပုဒ်မ ၅၊ ၆ တို့နှင့် အမှုဖွင့်ခံရပြီး မန္တလေးအိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသည်။
အောက်တိုဘာလက အကျဉ်းထောင်တွင်း ရုံးချိန်းတစ်ခုအပြီးတွင် ကိုမင်းသူ၏ ကျန်းမာရေးအခြေအနေကို ယုံကြည်ထိုက်သူတစ်ဦးထံမှ သိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူ နားတွေမကြားရတော့ဘူး။ ပြီးတော့ မကျန်းမာဘူး။ မျက်လုံးလည်း ထိထားတယ်၊ မျက်လုံးတွေမှုန်သွားတယ် ပြောတယ်။ နှိပ်စက်ခံရတဲ့ဒဏ်တွေပေါ့”ဟု ၎င်းက ပြောသည်။
သို့သော် လက်ဖက်ရည်ဆိုင်အနီးရှိ တဲတစ်လုံးမှ လက်လုပ်ဗုံးနှင့် စပ်ဆက်ပစ္စည်းများတွေ့သည်ဆိုပြီး စစ်ကောင်စီဖမ်းသွားသည့် ကိုမင်းသူ မည်သည့်နေရာတွင် စစ်ကြောခံခဲ့ရသည်၊ မည်မျှကြာခဲ့သည် စသည့် အသေးစိတ်ကိုမူ ထိုသူက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ဇူလိုင် ၆ရက်နေ့ မန္တလေးတံတားဦးလေဆိပ်အနီး ပစ်ခတ်မှုတွင် စစ်သားတစ်ဦး သေဆုံး၊ စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) တစ်ဦး ဖမ်းဆီးခံရပြီးနောက်တွင် နာရီဝက်ခရီးသာရှိသည့် စဉ့်ကိုင်မြို့မှ ကိုမင်းသူ၏ လက်ဖက်ရည်ဆိုင်ကို စစ်တပ်က ဝင်မွှေခြင်းဖြစ်ပြီး ကနဦးတွင် ၎င်းနှင့် ဇနီးအပါအဝင် ၇ ဦးကို စစ်ကောင်စီက ဖမ်းသွားသည်။
နောက်ပိုင်းတွင် ကိုမင်းသူ၏ သား ၁၂ နှစ်အရွယ် မောင်အောင်စွမ်းပြည့်၊ ၁၅ နှစ်အရွယ် စားပွဲထိုး အမျိုးသားတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန် ၅ ဦးလုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ထိုပုဒ်မများနှင့်ပင် အမှုဖွင့်ခံထားရပြီး အိုးဘိုထောင်၌ ရှိနေကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
ကိုမင်းသူ၏ ဇနီး ၃၂ နှစ် အရွယ် မတင်နွယ်လှိုင်လည်း ကျန်းမာရေးမကောင်းဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“သူ့အမျိုးသမီးကလည်း အစာအိမ်ရောဂါအခံနဲ့။ ထောင်ထဲမှာ ထမင်းမနပ်တာတွေ စားရတယ်။ ဗိုက် မကြာခဏနာနေတယ် ပြောတယ်။ စိတ်ကို မချမ်းသာပါဘူး” ဟု ၎င်းက ပြောသည်။
“ကလေးငယ်လေးတစ်ဦးတည်း အပြင်မှာ ဆွေမျိုးတွေက စောင့်ရှောက်ထားရတယ်။ မိသားစု အကုန်တကွဲတပြားစီ ဒုက္ခရောက်နေကြရတာ”
ကိုစိုင်း၊ ကိုထက်ဝေယံ၊ ကိုမင်းမင်းစိုး စသည့် အသက် ၃၀ ၀န်းကျင်အရွယ်စီ ရှိကြသည့် လက်ဖက်ရည်ဆိုင် ဝန်ထမ်းသုံးဦး၏ ကျန်းမာရေးအခြေအနေကို မသိရသေးပေ။
နိုဝင်ဘာ ၁၉ တွင် ထောင်တွင်းတရားရုံးထုတ်ပြီး အမှုဆက်စစ်မည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူတို့၏ ကျန်းမာရေးနှင့် အမှု အခြေအနေအကြောင်း ဆက်သွယ်မေးမြန်းသော်လည်း စဉ့်ကိုင်မြို့မရဲစခန်း၊ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ မှတ်ချက်မရသေးပါ။
မိသားစုနှင့် နီးစပ်သူ၏ အဆိုအရ ကိုမင်းသူနှင့် ဇနီးမောင်နှံကို စစ်ကောင်စီက လုံလောက်သည့် ဆေးကုသခွင့် မပေးဟု သိရသည်။
“အပြစ်မှ မရှိတာ။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ ပြန်လွှတ်ပေးဖို့ပဲ စစ်ကောင်စီကို တောင်းဆိုချင်ပါတယ်”ဟု ၎င်းက ပြောသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.