12 November 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု။ (ဓာတ်ပုံ – EPA)
PDF အားကောင်းပြီး CDM ဝန်ထမ်း များပြားသည့် ဒေသတချို့တွင် ကိုယ်ပိုင်အုပ်ချုပ်နိုင်ရန် စစ်ကောင်စီဆန့်ကျင်သူတို့က ကြိုးစားနေကြသည်။
By Myanmar Now
လက်နက်ကိုင်အန်တုမှု ပြင်းထန်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် အခက်တွေ့နေသည့် မကွေးတိုင်း၊ ယောဒေသတွင် ပအဖ ခေါ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံရေးသမားများ၊ PDF ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယောဒေသ မြို့နယ် ငါးခုအနက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် အစိုးရဝန်ထမ်းများ အလုံးအရင်းဖြင့် ပါဝင်လာသည့် ဂန်ဂေါ၊ ထီးလင်းနှင့် ဆောတို့တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပ.အ.ဖ အဖွဲ့တွင် စစ်တပ်က ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက နာယကအဖြစ် တာဝန်ယူမည်ဖြစ်ကာ ဒေသန္တရအုပ်ချုပ်ရေးယန္တရားအတွက် အဓိကအရေးပါသည့် ကျန်းမာရေးနှင့် ရပ်ရွာလုံခြုံရေးကို အဓိကထားဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။
“PDF ထဲကနေပြီး စစ်ကောင်စီကို နိုင်နိုင်နင်းနင်းနဲ့ ကာကွယ်နိုင်ပြီးတော့ စစ်ကောင်စီကို တိုက်ထုတ်နိုင်မယ်ဆိုရင် ပအဖက သူ့ဟာသူ အကောင်အထည်ဖော်လို့ရတာပေါ့။ အခု ဂန့်ဂေါခရိုင်လိုမျိုး ကျန်တဲ့ ခရိုင်တွေလည်း လုပ်နိုင်တယ်ဆိုရင်တော့ တစ်နိုင်ငံလုံးကို လုပ်နိုင်သွားတာပေါ့” ဟု ထိုသူက ဆိုသည်။
ယောဒေသအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၀ ရာခိုင်နှုန်းခန့်မှာ စစ်ကောင်စီ၏ လမ်းညွှန်မှုများကို ဆက်လက်ဆောင်ရွက်ခြင်းမရှိတော့ဘဲ PDF များနှင့် ပူးပေါင်းနေပြီဟု ၎င်းက ပြောသည်။
“အဲဒီအုပ်ချုပ်ရေးမှူးတွေဟာ ရွာမှာပဲ အုပ်ချုပ်တယ်။ မြို့နဲ့လည်း မဆက်သွယ်ဘူး။ မြို့ကခိုင်းတာလည်း မလုပ်ဘူးပေါ့။ အဲဒီပုဂ္ဂိုလ်တွေကတော့ တစ်ရွာလုံးကလည်း သဘောကျတယ်။ သမာသမတ်လည်း ကျတယ်ပေါ့” ဟု ထိုသူက ဆက်ပြောသည်။
“မလုပ်ရဲဘူးဆိုရင် လုပ်ရဲတဲ့သူတွေကို ခန့်မယ်ဆိုရင်တော့ ဒီတော်လှန်ရေးသမားတွေကတော့ မလုပ်ရဲစရာမရှိဘူး။ တော်လှန်ရေးသမားတွေအားလုံးကလည်း အုပ်ချုပ်ရေးထဲမှာ မရောက်ဘူးလို့ ပြောလို့ မရဘူး”
ပအဖအဖွဲ့ အင်ပြည့်အားပြည့် လည်ပတ်နိုင်ရန် အုပ်ချုပ်ရေးအတွေ့အကြုံရှိသူများကို ရှာဖွေရခက်နေသဖြင့် ဒေသအလိုက်ရှိနေသည့် PDF ခေါင်းဆောင်များကို ခန့်အပ်ရန် စဉ်းစားနေသည်ဟု ဆိုသည်။
ယောဒေသအတွင်းရှိ မြို့နယ် ငါးခု၌ CDM တွင် မပါဝင်သေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ နိုဝင်ဘာ ၅ နောက်ဆုံးထား၍ လုပ်ငန်းခွင်မှ ထွက်ခွာကြရန် နိုဝင်ဘာ ၁ တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က သတိပေးစာထုတ်ပြန်ခဲ့သည်။
ထိုသို့ သတိပေးစာထုတ်ပြန်ခဲ့ပြီး ၅ ရက်အတွင်း ဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့် နုတ်ထွက်ကြကြောင်း၊ စစ်တပ်၊ ရဲနှင့် စီးပွားရေးဘဏ်ဝန်ထမ်းတချို့သာ ကျန်ရှိတော့ကြောင်း YDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုယောလေးက ပြောသည်။
“စစ်တပ်တို့ ရဲတို့တောင်မှ ထွက်ပြေးလာတာတွေ ကျွန်တော်တို့ YDF ထဲမှာ အများကြီးရှိတာလေ။ ကျန်တဲ့ ယန္တရားတွေကတော့ သူတို့ တော်တော်လေး ပြိုဆင်းသွားပါပြီ” ၎င်းက ပြောသည်။
CDM လှုပ်ရှားမှုဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပြိုလဲအောင် လုပ်ဆောင်နိုင်ပြီးနောက်တွင် ပ.အ.ဖ လည်ပတ်မှု အားကောင်းစေရန် ဒေသခံ PDF အဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်တို့အကြား ယခုထက် ပိုမိုညှိနှိုင်း လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု ကိုယောလေးက ပြောသည်။
“လက်ရှိ နယ်မြေစိုးမိုးပြီးမှ လုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ သေသေချာချာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကျွန်တော်တို့နဲ့ အချိတ်အဆက်မိမိနဲ့ ပြုလုပ်မှ ဒီ ပ.အ.ဖ ဆိုတာက အောင်မြင်မှာပါ ”ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၂ တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) များ ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ- CRPH က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။
သို့သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများမှာ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများဖြင့် ရင်ဆိုင်ရချိန်တွင် ပ.အ.ဖ အဖွဲ့များ လုပ်ငန်းလည်ပတ်ရန် အခက်အခဲများစွာကြုံနေရသည်။
စစ်ကောင်စီလက်မှ လွတ်မြောက်လာသူများ တိုင်းရင်းသားနယ်မြေအချို့တွင် စစ်ပညာသင်ပြီးနောက် ဧပြီနှင့် မေလ များအတွင်း ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် PDF များ အောင်မြင်စွာလှုပ်ရှားနိုင်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို ဖြိုချထားနိုင်သည့် ယောကဲ့သို့သော ဒေသများတွင် ပ.အ.ဖ အဖွဲ့များဖြင့် အစားထိုးရန် ကြိုးပမ်းခြင်းဖြစ်သည်။
စစ်အခြေစိုက်စခန်းပေါင်း ၁၀၀ ကျော် ဝန်းရံထားသည့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် ခရမ်းမြို့နယ်တွင်လည်း ပြည်သူ့အုပ်ချုပ်ရေးဖြင့် အစားထိုးရန် NUG ၊ ဒေသခံ PDF တို့က အောက်တိုဘာလကတည်းက ကြိုးပမ်းနေသည်။ သို့သော် မည်သို့ထိရောက်စွာ လုပ်ဆောင်နိုင်သည်ကို တစ်လကျော်သည်အထိ မတွေ့ရသေးပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.