10 November 2021
အသက် ၇၃ နှစ်အရွယ် ဦးနိန်ကီးယော။ (ဒီဇိုင်း – မိုးထက်လျှမ်း)
ခေတ်စနစ်မျိုးစုံကို ဖြတ်သန်းခဲ့သူ ၇၃ နှစ်အရွယ် မြေဖြူကိုင် ကျောင်းဆရာ ချင်းအမျိုးသားကြီးသည် စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်ရာတွင် လက်နက်ကိုင်ပြီး ရှေ့တန်းထွက် တိုက်ပွဲဝင်သူ ဖြစ်သည်။
By Myanmar Now
မကြာသေးခင်က ချင်းပြည်နယ်တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ဘက်မှ ကျဆုံးခဲ့သူ လက်နက်ကိုင်တစ်ဦးမှာ အသက် ၇၃ နှစ်အရွယ် ဦးနိန်ကီးယော ဖြစ်သည်။
မင်းတပ် – မတူပီလမ်းပိုင်းတွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
CDF (မင်းတပ်) တွင် လက်နက်ကိုင်အဖွဲ့ဝင်များကို သန္ဓေ (အမြဲတမ်းအင်အား) နှင့် သွေးသောက် (အရန် အင်အား) ဟု နှစ်မျိုးသတ်မှတ်ထားသည်။
အမြဲတမ်းအဖွဲ့ဝင်များအား ရွေးချယ်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊ တစ်ဦးတည်းသောသား မဖြစ်စေရ စသည့် မူများဖြင့် စိစစ်ရွေးချယ်ထားသည်။
ချင်းပြည်နယ်တောင်ပိုင်း CDF (မင်းတပ်)၏ သွေးသောက်တစ်ဦးဖြစ်သည့် ဦးနိန်ကီးယောသည် စစ်သင်တန်းမတက်ရသေးပေ။ သို့သော်လည်း လက်နက်ပိုင်းဆိုင်ရာတွင် အားကိုးအားထားပြုရသူဖြစ်သည်ဟု CDF ရဲဘော်ရဲဘက်များက ဆိုသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တစ်နှစ်တွင် မွေးဖွားခဲ့သည့် ဦးနိန်ကီးယောသည် စာသင်ကျောင်းတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး သတ္တမတန်းတွင် လူရည်ချွန်ဆုရရှိခဲ့သည်။ ဖွံ့ဖြိုးရေးသိပ္ပံကျောင်း အပတ်စဉ် ၂ ဆင်းတစ်ဦးဖြစ်သလို အလယ်တန်းပြဆရာအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ခဲ့သည့် ချင်းအမျိုးသားတစ်ဦး ဖြစ်သည်။
၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် အငြိမ်းစားယူပြီးချိန်မှစတင်ကာ ဦးနိန်ကီးယောသည် ရပ်ရွာဖွံ့ဖြိုးရေးတွင် စိတ်နှစ်ပြီး လုပ်ဆောင်လာခဲ့သူဖြစ်ကြောင်း မိတ်ဆွေများက ဆိုသည်။
နွေဦးတော်လှန်ရေးတွင် ပါဝင်လာ
တစ်ပါတီအာဏာရှင်စနစ်၊ စစ်တပ်နှင့် အရပ်သား ပူးတွဲအုပ်ချုပ်သည့် အုပ်ချုပ်ရေးစနစ်တို့ကို ဖြတ်သန်းခဲ့ရသူ ဦးနိန်ကီးယောသည် အာဏာသိမ်းစစ်ကောင်စီက လူထုကို အနိုင်ကျင့်အုပ်ချုပ်ချိန်တွင် အသက်အရွယ် ကြီးရင့်ပြီဟု အမှုမထားဘဲ နွေဦးတော်လှန်ရေးတွင် ပါဝင်လာခဲ့သည်။
ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ကြသည့် ထောင်နှင့်ချီသော မင်းတပ်မြို့နယ်ခံများ၏ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအပြီး လက်နက်ကိုင်တော်လှန်ရေးစတင်သည်နှင့် သူက အရွယ်နှင့် မလိုက်အောင် တက်ကြွစွာပါဝင်ခဲ့သည်ဟု ရပ်ရွာအရေး လက်တွဲလုပ်ဆောင်ခဲ့သည့် သူ့မိတ်ဆွေတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေတွေမှာ အာဏာရှင်စနစ်နဲ့ စိုးမိုးနေတဲ့အချိန်ကာလတွေ၊ တရားမျှတမှုမရှိတဲ့ အချိန်ကာလတွေ အရမ်းများထားတော့၊ သူက (ခေတ်) ရှေ့ရောနောက်ပါ အကုန်လုံး လိုက်မီတယ်။ ဒီတော်လှန်ရေး မအောင်၊ မရှိရဆိုပြီး တစ်မျိုးသားလုံးက စိတ်အားထက်သန်စွာနဲ့ တိုက်ပွဲဝင်ကြတယ်ဆိုတော့ သူလည်း အဲဒီစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်တာပေါ့။ ပြောရရင်တော့ အမျိုးသားရေး၊ တန်းတူရေး၊ ဖက်ဒရယ်ရေးပေါ့” ဟု ထိုမိတ်ဆွေက မှတ်ချက်ပြုသည်။
ငြိမ်းချမ်းစွာဆန္ဒပြသူတို့ကို စစ်ကောင်စီတပ်က အကြမ်းဖက်၊ ပစ်ခတ်သဖြင့် ဒေသအသီးသီးမှ လူထုက ခုခံစစ်ဆင်ကြရာ မင်းတပ်မြို့သည် ဧပြီလနှောင်းပိုင်းမှ အစပြုပြီး လက်နက်ကိုင်ခုခံသူများပြား၊ အားကောင်းသည့်မြို့ ဖြစ်လာသည်။
ရိုးရာလက်လုပ်တူမီးကိုသာ ကိုင်ဆောင်နိုင်သည့် CDF တပ်ဖွဲ့ဝင်တို့သည် လက်နက်အင်အား သာလွန်သူတို့ကို ရင်ဆိုင်ရာတွင် လက်လုပ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်သည့်နည်းကို အဓိကသုံးကြသည်။
ထိုအခါ ဒေသတွင်းအမဲလိုက်ရန်အတွက် အသုံးပြုသည့် ယမ်းများကို ကိုင်တွယ်နေကျဖြစ်သည့် ချင်းလူမျိုးများအနက် တစ်ဦးဖြစ်သည့် ဦးနိန်ကီးယောက မြေဖြူကိုင်ခဲ့သည့် ကျောင်းဆရာဖြစ်သော်လည်း အရေးကြုံလာသည့်အခါ ယမ်းမှုန့်ကို ပြောင်းလဲကိုင်တွယ်ခဲ့သည်။
ဦးနိန်ကီးယောသည် ငယ်စဉ်က ထူးချွန်သူတစ်ဦးဖြစ်ပြီး သတ္တမတန်းတွင် လူရည်ချွန်ဆုရရှိခဲ့သူလည်း ဖြစ်သည်။ (ဓာတ်ပုံ-Supplied)
ဦးနိန်ကီးယောသည် CDF တွင် အဓိကကိုင်ဆောင်ကြသည့် တူမီးနှင့် ခါးချိုးသေနတ်များ ပြုပြင်ခြင်း၊ လက်လုပ်မိုင်းများ ပြုလုပ်ပေးခြင်း စသည့် လက်နက်ပိုင်းဆိုင်ရာအတွက် အားကိုးရသူဖြစ်သည်ဟု သူ၏ သားသမီး ၆ ဦးထဲမှ သားအငယ်ဆုံးဖြစ်သူက ပြောသည်။
“အိမ်မှာနေပြီး အဲဒီလိုလုပ်ပေးတော့ ကျွန်တော်တို့လည်း ဝမ်းသာတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တတ်တဲ့သူတွေ ရှိတော့ အင်အားပေါ့ ဆိုပြီး ဝမ်းသာတယ်၊ အားပေးတယ်“ ဟု ၎င်းက ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် အငယ်ဆုံးသားက လက်နက်ကိုင်တော်လှန်ရေးအတွက် အိမ်မှ ထွက်သွားစဉ်ကလည်း ဦးနိန်ကီးယောက သူကိုယ်တိုင်လုပ်ထားသည့် ယမ်းတောင့်များ၊ လက်လုပ်မိုင်းများ ထည့်ပေးလိုက်သည်။
ကိုယ်တိုင်ရှေ့တန်းထွက်လာသည့် မိုင်းဆရာ
လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ချင်းပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် ဖြိုခွဲရန် စစ်ကောင်စီက ရည်ရွယ်သည့် ” အနော်ရထာ” စစ်ဆင်ရေး၏ တစ်စိတ်တပိုင်းအဖြစ် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို အောက်တိုဘာတွင် စစ်ကြောင်းနှစ်ခု စေလွှတ်ခဲ့သည်။
မကွေးတိုင်း၊ ပခုက္ကူဘက်မှ ချင်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်သည့် သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကား အစီး ၇၀ ကျော်ပါဝင်သည့် ယာဉ်တန်းသည် အောက်တိုဘာ ၁၃ တွင် မင်းတပ်မြို့သို့ ရောက်ရှိလာပြီး နောက်တစ်နေ့တွင် မတူပီမြို့သို့ ဆက်လက်ထွက်ခွာသွားသည်။
အမြင့်ပေ ထောင်နှင့်ချီသည့် တောင်ကြောပေါ်တွင် ထိုရက်ပိုင်းက ရာသီဥတုဆိုးရွားနေသည့်အတွက် CDF များက နှစ်ကြိမ်ခန့်သာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါစစ်ကြောင်းသည် ဦးတည်ရာ မတူပီမြို့သို့ ရောက်ရှိသွားသည်။
မင်းတပ် – မတူပီလမ်းတစ်လျှောက် CDF အဖွဲ့များက လက်လုပ်မိုင်းထောင်ထားသော်လည်း စစ်ကောင်စီတပ်က မိုင်းရှင်းရင်း ဖြည်းဖြည်းချင်း ရှေ့တိုးလာသည့်အတွက် ဒေသလုပ်လက်လုပ်မိုင်းအများစု မပေါက်ကွဲခဲ့ပေ။
CDF များ အဓိကအားထားရာ နည်းလမ်းတစ်ခုဖြစ်သည့် မိုင်းထောင်ခြင်းဖြင့် ထိရောက်စွာ မတိုက်ခိုက်နိုင်ခြင်းက မိုင်းဆရာ ဦးနိန်ကီးယောကို ရှေ့တန်းမျက်နှာစာသို့ ထွက်လာရန် တွန်းအားတစ်ခုဖြစ်စေခဲ့သည်ဟု CDF (မင်းတပ်) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။
“သူပြင်ပေးတဲ့ မိုင်းနဲ့ တခြားရဲဘော်တစ်ယောက်ယောက် ထိမှာစိုးလို့ ကိုယ်တိုင်ရှေ့တန်းသွားတာ။ ပြီးတော့လည်း စကစတွေ တက်လာတုန်းက မိုင်းတွေမကွဲဘူး။ စကစတွေက မိုင်းတွေဖော်တော့ အားမလိုအားမရဖြစ်ခဲ့တာ” ဟု ကိုယောမန်က ပြောသည်။
နိုဝင်ဘာလဆန်းတွင် မတူပီမြို့မှ မင်းတပ်မြို့သို့ ပြန်လည်ထွက်ခွာလာသည့် ထိုစစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDF က ကြားဖြတ်တိုက်ခိုက်ချိန်တွင် ရှေ့တန်းထွက်ရန် စိတ်အားထက်သန်နေသည့် ဦးနိန်ကီးယောလည်း အိမ်မှ ထွက်သွားသည်ဟု အငယ်ဆုံးသားဖြစ်သူထံမှ သိရသည်။
“သူ သွားဖို့လည်း ကျွန်တော်တို့ကို မပြောဘူး။ ဒါပေမဲ့ သူ ကိုယ်တိုင်စိတ်ဆုံးဖြတ်ပြီးသားနေမှာပေါ့။ လက်နက်တွေ၊ ခဲယမ်းတွေ အကုန်လုံးစုစည်းပြီးတော့ ရှေ့တန်းသွားတဲ့ အချိန်မှာ လိုက်သွားတယ်”ဟု သားငယ်ဖြစ်သူ ဆိုသည်။
“လိုက်သွားတော့ ကျွန်တော်တို့ဘက်ကလည်း တားလည်းမတားဖြစ်ကြဘူး။ ဒါပေမဲ့ မသွားစေချင်ဘူးပေါ့။ ဒီအသက်အရွယ်နဲ့ ရှေ့တန်းမှာ အဆင်မပြေဘူးလေ”
ရှေ့တန်းထွက်သူအများစုမှာ လူငယ်များနှင့် အသက် ၄၀ ကျော်အရွယ် လူလတ်ပိုင်းများဖြစ်သည်ဟု မင်းတပ် CDF ထံမှ သိရသည်။
အာဇာနည်အဖြစ်ဂုဏ်ပြုခြင်း
မင်းတပ် – မတူပီလမ်း မိုင်တိုင် ၄၈ အနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အပြင်းအထန်ပစ်ခတ်ရာ CDF တပ်သားများ မဖြစ်မနေနောက်ဆုတ်ရမည့်အချိန်တွင် ဦးနိန်ကီးယောဟန်က အနာခံပြီး နေခဲ့သည်ဟု ကိုယောမန်က ပြောသည်။
“နောက်တစ်ပွိုင့်ကို ဆုတ်မယ်၊ ဒုတိယနေရာကနေ ခံပြီးတော့ ပစ်မယ်လို့ ပြောကြရင်းက ပြန်ဆုတ်နေတဲ့ အချိန်မှာ သူက မဆုတ်ဘူး။ ငါသေလည်း ဟိုကောင်တွေကို ရသလောက် အပါခေါ်သွားမယ်ဆိုတဲ့ပုံစံနဲ့ ပစ်နေတာ” ဟု ကိုယောမန်က ပြောသည်။
“အဲ့ဒီမှာ သူ့ကိုကျော်သွားပြီးတော့ လက်နက်ကြီးက သူ့နောက်ကျောကို ကျတာ။ လက်နက်ကြီးဗုံးဆန်က ဘယ်ဘက်နံရိုးဘက်ကနေ ဖောက်ဝင်သွားတာ။ လက်နက်ကြီးဗုံးဆန် မှန်သွားတာပေါ့”
ထိုနေ့ ညနေတွင်ပင် CDF ရဲဘော်တို့က ဦးနိန်ကီးယော၏ ရုပ်အလောင်းကို သူနေထိုင်ရာကျေးရွာသို့ ပြန်လည်ယူဆောင်လာခဲ့ကြသည်။ သူ၏ နာရေးတွင် ဒေသဓလေ့ထုံးစံအတိုင်း မိသားစုဝင်များက ဝက်သား၊ နွားနောက်သားတို့ဖြင့် ဧည့်သည်များကို ဧည့်ခံသည်။ ထို့နောက် ခရစ်ယာန်ထုံးတမ်းနှင့်အညီ ဝတ်ပြုဆုတောင်းပွဲလုပ်ခဲ့ကြသည်ဟု သားငယ်ဖြစ်သူက ပြောသည်။
“ရုတ်တရက်ကြီး အဖေတစ်ယောက်ဆုံးရှုံးသွားရတယ်ဆိုတဲ့ စိတ်ပေါ့။ မနေ့တစ်နေ့က အကောင်းကြီး မြင်ရတယ်။ စကားပြောရတယ်။ အတူထမင်းစားရတဲ့အဖေက ရုတ်တရက်ကြီးဆုံးသွားတဲ့သတင်း ကြားရတော့ စိတ်မကောင်းဘူးပေါ့” ဟု သားဖြစ်သူ CDF ရဲဘော်က ပြောသည်။
“ဒါပေမဲ့ နိုင်ငံတော်နဲ့ သူလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားတယ်။ လူမျိုးအတွက်၊ နိုင်ငံအတွက်ဆိုပြီးမှ ကျွန်တော်တို့ဘက်က စိတ်ဖြေရတာပေါ့”
ဦးနိန်ကီးယောကို နိုဝင်ဘာ ၅ မနက်ပိုင်းက ကျေးရွာသုဿန်တွင် ဘာသာရေးထုံးတမ်းနှင့်အညီ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။ ချင်းတိုင်းရင်းသားအများအပြားရှိရာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်လည်း သူ့အတွက် အမှတ်တရအစီအစဉ်ပြုလုပ်ကြသည်။
ကြွေလွင့်ခဲ့ရသည့် ဦးနိန်ကီးယောအတွက် ဝမ်းနည်းဂုဏ်ပြုခြင်း အစီအစဉ်ကို နိုဝင်ဘာ ၅ ရက်နေ့က ကလေးမြို့တွင် ပြုလုပ်ကြစဉ်။ (ဓာတ်ပုံ-CJ)
ဦးနိန်ကီးယောသည် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ဝန်းကျင် နေထိုင်သည့် ကျေးရွာအုပ်စုတွင် တိုက်ပွဲအတွင်း ပထမဆုံးကျဆုံးသူဖြစ်ကြောင်း၊ တော်လှန်ရေးတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်နေသူ ကျဆုံးမှုအတွက် နှမြောတသဖြစ်ရကြောင်း ရပ်ရွာအရေး လက်တွဲလုပ်ဆောင်ခဲ့သည့် မိတ်ဆွေက ပြောသည်။
“ဒီတော်လှန်ရေးကာလကြီးအောင်မြင်လို့ ပြီးသွားပြီဆိုရင်တော့ သူ့အတွက် အာဇာနည်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အမွှမ်းတင်ပြီး ကျေးရွာမှာရှိတဲ့ ရွာသူရွာသားတွေနဲ့ ခမ်းခမ်းနားနား သူ့အတွက် လုပ်ဆောင်ပေးဖို့အတွက် အစီအစဉ်က စိတ်ထဲမှာရှိတာပေါ့”ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ မိတ်ဆွေတစ်ဦးက ဆိုသည်။
ချင်းတောင်မှ မိသားစုနှင့် ဆွေမျိုးသားချင်းများက ပညာရေးအငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ၊ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် တော်လှန်ရေးတွင် ကျရာကဏ္ဍမှ ပါဝင်ခဲ့သူ CDF ရဲဘော်ကြီးအတွက် ဂုဏ်ယူနေကြသည်။
သားငယ် CDF တပ်ဖွဲ့ဝင်ကလည်း အောင်ပွဲရသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည့်အကြောင်း ဖွင့်ဟသည်။
“တိုက်ပွဲမှာ ကျဆုံးတယ်ဆိုတာ ရှိမှာပဲ။ ဒီတိုက်ပွဲက ဒီလိုမျိုးအဆုံးသတ်သွားလို့မဖြစ်ဘူး။ အပြီးတိုင် တိုက်ခိုက်သွားရမဲ့ပွဲဖြစ်တယ်” ဟု ထို CDF တပ်သားက ပြောသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ သန္နိဋ္ဌာန်ချပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကတော့ တတ်နိုင်တဲ့ဘက်နေ ပူးပေါင်းပါဝင်တိုက်ခိုက်သွားမှာပါ”
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.