မြန်မာနိုင်ငံ – မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်

08 November 2021

မြန်မာနိုင်ငံ – မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်

ပြီးခဲ့သည့်နှစ် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ မြောက်မြားလှစွာသော မြန်မာပြည်သူလူထုသည် နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများတွင် အသီးသီးမဲဆန္ဒပြုခဲ့ကြသည်။ ၎င်းတို့၏ ရွေးချယ်မှုသည် တိကျပြတ်သားပြီး ဒီမိုကရေစီရရှိရေးနှင့်စပ်လျဉ်း၍ ပြင်းပြသောဆန္ဒများမှာလည်း ရှင်းလင်းခိုင်မာနေခဲ့သည်။ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်း၌ အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး အမှီအခိုကင်းသော ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာသူအားလုံးက အဆိုပါရွေးကောက်ပွဲများကို ပွင့်လင်းမြင်သာမှုရှိကြောင်း အတည်ပြုပေးခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော စစ်တပ်အာဏာသိမ်းမှုသည် ပြည်သူလူထု၏ သဘောဆန္ဒအား ပြောင်တင်းစွာ ဆန့်ကျင်လျက် အရပ်သားအစိုးရကို တရားမဝင်ဖြုတ်ချခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှု၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်ခဲ့ပါသည်။ “အိမ်စောင့်အစိုးရ” အသွင်ဆောင်လျက်ထုတ်ပြန်သည့် အရေးပေါ်အခြေအနေကာလအား ၂၀၂၃ ခုနှစ် အထိ တိုးချဲ့မည်ဟူသော ကြေညာချက်ဖြင့် စစ်အစိုးရကို တရားဝင်အစိုးရအဖြစ် မည်သည့်နည်းနှင့်မျှ ထောက်ခံနိုင်မည်မဟုတ်ပေ။

ဥရောပသမဂ္ဂသည် မြန်မာတပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များ ထိုအချိန်ကတည်းက ဆိုးရွားစွာ ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းထန်စွာရှုတ်ချပါသည်။

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့၌ လတ်တလောတွေ့ရသည့် စစ်တပ်အင်အားတိုးချဲ့ခြင်းနှင့် ၎င်း၏ရလဒ်အနေဖြင့် အထူးသဖြင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှုမြင့်တက်လာခြင်းတို့သည် အလွန်အမင်းစိုးရိမ်ဖွယ်အခြေအနေများဖြစ်သည်။ လူ့အခွင့်အရေးများနှင့် နိုင်ငံတကာဥပဒေတို့ကို ပြောင်တင်းစွာ ချိုးဖောက်မှုများဖြစ်သည့် နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်မှုနှင့် ပုဂ္ဂလိကအဆောက်အအုံများ၊ ဘာသာရေးနယ်မြေများကို ဖျက်ဆီးမှုတို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများနှင့်အရပ်သားပြည်သူများအပေါ် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို ဥရောပသမဂ္ဂအနေဖြင့် ပြင်းထန်စွာ ရှုတ်ချပြီး တရားမျှတမှုနှင့် တာဝန်ခံမှုရှိရန် တောင်းဆိုပါသည်။ ဥရောပသမဂ္ဂသည် လတ်တလောကာလများတွင် မျက်မြင်ကြုံတွေ့နေရသည့် စစ်မက်ပြုမှုများနှင့် မလျော်မကန်အင်အားသုံးမှုများ အားလုံးကို ချက်ချင်းရပ်တန့်ရန် ထပ်လောင်းတောင်းဆိုပါသည်။ စစ်တပ်အာဏာပိုင်များအနေဖြင့် နိုင်ငံအနှံ့အပြားရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် အကူအညီလိုအပ်သူများ အားလုံးထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ မြန်ဆန်ဘေးကင်းပြီး အဆီးအတားမဲ့စွာ လက်လှမ်းမီရောက်ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ဥရောပသမဂ္ဂသည်လည်း လူသားချင်းစာနာထောက်ထားမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနှင့် အမှီအခိုကင်းမှုဆိုင်ရာ အခြေခံမူများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး ပြည်သူလူထုအပေါ် စုပြုံသက်ရောက်နေသည့် တိုက်ပွဲများ၊ စားနပ်ရိက္ခာမဖူလုံမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါတို့နှင့်စပ်လျဉ်း၍လည်း အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပါသည်။

မြန်မာတပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်မှုမြင့်တက်လာခြင်းသည် “သဘောတူညီချက်ငါးရပ်” ပြဋ္ဌာန်းရာ ဧပြီလတွင်ကျင်းပပြုလုပ်ခဲ့သော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သည့် သန္နိဋ္ဌာန်များနှင့်လည်း ဆန့်ကျင်နေပါသည်။ ၎င်းတို့ကို ချက်ချင်းအပြည့်အဝအကောင်အထည်ဖော်ရန် ဥရောပသမဂ္ဂက တောင်းဆိုပါသည်။ ဥရောပသမဂ္ဂသည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို အကြွင်းမဲ့ချက်ချင်းလွှတ်ပေးရန် ထပ်မံတောင်းဆိုပါသည်။ Noeleen Heyzer အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်မှုနှင့် ကုလသမဂ္ဂနှင့် အနီးကပ်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် ဥရောပသမဂ္ဂက လှိုက်လှဲစွာ ကြိုဆိုပါသည်။ ထို့ပြင် ဥရောပသမဂ္ဂသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့အပါအဝင် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာပါတီအားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်သော နှီးနှောဆွေးနွေးရေးလုပ်ငန်းစဉ်တစ်ရပ်ကို ချိတ်ဆက်ဆောင်ရွက်ရန်အလို့ငှာ အာဆီယံနှင့်တကွ ဘရူနိုင်းဒါရုဆလမ်၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတစ်ဖြစ်လဲ အာဆီယံဥက္ကဋ္ဌအထူးသံတမန် Erywan Yusof တို့၏ ချဉ်းကပ်မှုနှင့် အားထုတ်မှုများကို အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းထုတ်ပြန်ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးနှီးနှောဆွေးနွေးပွဲတွင် အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားအုပ်စုများကို အပြည့်အဝ၊ ညီတူညီမျှနှင့် အဓိပ္ပာယ်ရှိရှိ ပူးပေါင်းပါဝင်စေရမည်ဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြလိုပါသည်။

ဥရောပသမဂ္ဂသည် အာဆီယံအနေဖြင့် မကြာသေးမီက ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးကို အကြောင်းပြု၍ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ကြိုဆိုပါသည်။ ဥရောပသမဂ္ဂသည် ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄-၂၆ ရက်နေ့များ၌ ကျင်းပမည့် အာဆီယံဥရောပအစည်းအဝေး (ASEM) တွင် ဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အနီးကပ်ချိတ်ဆက်ဆောင်ရွက်ရန် မျှော်လင့်ပါသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေမည့် လက်ရှိပဋိပက္ခဖြစ်ရပ်များကို အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းနေသော အာဆီယံ၏ အားထုတ်မှုများကို ဆက်လက်ပံ့ပိုးထောက်ခံသွားမည်ဖြစ်ပါသည်။

Press contacts

 Nabila Massrali
Spokesperson for Foreign Affairs and Security Policy
 +32 2 29 88093
 +32 460 79 52 44
English version.

View the original.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia