06 November 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တောင်းဆိုလှုံ့ဆော်နေစဉ်။ (ဓာတ်ပုံ – EPA)
ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) က CDM ဝင်ရန် သတိပေးပြီး ၅ ရက်အတွင်း ထီးလင်းမြို့နယ်၌ လက်နက်နှင့်တကွ ပါဝင်လာသည့် ရဲတပ်ဖွဲ့ဝင်များပင်ရှိသည်ဟု သိရသည်။
By Myanmar Now
အစိုးရဝန်ထမ်းများကို အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) တွင် ပါဝင်ကြရန် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) က သတိပေးပြီး ၅ရက်အတွင်း ထီးလင်းမြို့နယ်တွင် ဦးရေ ၂၀၀ ကျော် CDM တွင် ပါဝင်လာကြောင်း၊ ထိုပမာဏမှာ တစ်မြို့နယ်လုံးရှိ ဝန်ထမ်းဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း YDF-ထီးလင်းတာဝန်ရှိသူက ပြောသည်။
မကွေးတိုင်၊ ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော စသည့် မြို့နယ်များတွင် ရုံးတက်နေဆဲ ဝန်ထမ်းများ စစ်ကောင်စီနှင့် ပူးပေါင်းမှုကို ရပ်တန့်ပြီး နိုဝင်ဘာ ၅ နောက်ဆုံးထား၍ CDM ဝင်ရန် ဒေသတွင်းရှိ ကာကွယ်ရေးအဖွဲ့များ စုဖွဲ့ထားသည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) က နိုဝင်ဘာ ၁ တွင် ကြေညာထားသည်။ ထိုသို့မလုပ်ဆောင်လျှင် ထိုက်သင့်သလို အရေးယူမည်ဟု ဆိုထားသည်။
ထိုသတိပေးမှုကို YDF-ထီးလင်းကလည်း လက်ဆင့်ကမ်းလုပ်ဆောင်ခဲ့ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုဝင်ဘာ ၇ နောက်ဆုံးထား၍ CDM ဝင်ရန် တိုက်တွန်းခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ပညာရေး၊ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ ပူးပေါင်းပါဝင်လာကြောင်း YDF-ထီးလင်းတာဝန်ရှိသူက ပြောသည်။
“(ထွက်စာကို) ရုံးတွေကို သွားတင်ဖို့ကျတော့ ရုံးတွေက ပိတ်နေတော့ အခက်အခဲရှိတယ်တဲ့၊ အဲဒါကြောင့် သူတို့လုပ်တဲ့စာရင်းတွေကို ကျွန်တော်တို့ကို လာပို့ကြတယ်။…. စာရင်းက ထပ်တိုးနေတယ်” ဟု ၎င်းက ဆိုသည်။ စာရင်းပေးပို့လာသည့် ဝန်ထမ်းများကို စောင့်ကြည့်နေမည်ဟုလည်း ဆိုသည်။
လက်ရှိစာရင်းအရ CDM ဝင်သူ ဦးရေအများဆုံးမှာ ပညာရေးဖြစ်ပြီး ၁၃၀ ခန့် ရှိသည်။ တိုက်နယ်အဆင့်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းအားလုံး၊ ထီးလင်းမြို့နယ် မြို့မရဲစခန်းမှ ၁၀ ဦးထက်မနည်း CDM ဝင်ကြောင်း၊ အသက် ၂၀ ကျော် ရဲမေ ၂ ဦးမှာ လက်နက်နှင့်အတူ ပါဝင်လာကြောင်း YDF-ထီးလင်းက ဆိုသည်။ လက်နက်အမျိုးအစားကိုမူ မသိရသေးပါ။
စစ်ကောင်စီကို မနှစ်သက်သဖြင့် အာဏာဖီဆန်ခြင်းဖြစ်ကြောင်း၊ YDF-ထီးလင်းဘက်က ထုတ်ပြန်သကဲ့သို့ မြို့နယ်အတွင်း CDM ပြုလုပ်လာသည့် ဝန်ထမ်းဦးရေ များပြားနေကြောင်း တပ်သားအဆင့်ရှိသူ ရဲမေ မမေသက်ဝေက ပြောသည်။
“YDF က စာတင်ထားတာ တွေ့တယ်ရှင့်။ CDM လုပ်ရင် စစ်ကောင်စီကို တွန်းလှန်နိုင်မယ်လို့ ထင်လို့ပါ။ ထီးလင်းရဲတပ်ဖွဲ့ကဆိုရင် ၁၀ ယောက်ကျော်လောက်တော့ ရှိမယ်။ အဲဒီမှာ ၄၀ ကျော်လောက်တော့ ကျန်သေးတယ်ရှင့်”ဟု CDM ၀င်လာသည့် မမေသက်ဝေက ပြောသည်။
“CDM မလုပ်တဲ့သူတွေကို ကျွန်မတို့နဲ့အတူ ပူးပေါင်းပြီးတော့မှ လုပ်ဖို့ပြောချင်တယ်ရှင့်။ အကုန်လုံးပူးပေါင်းမယ်ဆိုရင် စစ်ကောင်စီကို တွန်းလှန်နိုင်မယ်လို့ ထင်တယ်”
အခြားဌာနများမှ CDM ဝင်လာသူများနှင့် အဆက်အသွယ်မရသေးသလို ယင်းနှင့်စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းအရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နောက်ပိုင်း ၉ လကျော်အတွင်း အာဏာဖီဆန်သည့် ဌာနဆိုင်ရာဝန်ထမ်းဦးရေ လေးသိန်းကျော်ရှိသည်ဟု သိရသည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ စက်တင်ဘာ ၇ ရက်မိန့်ခွန်းတွင် အရေးပေါ်အခြေအနေ ကြေညာပြီဖြစ်၍ စစ်ကောင်စီထိန်းချုပ်ထားသည့် အစိုးရဌာနများမှ ဝန်ထမ်းများအားလုံး တာဝန်ထမ်းဆောင်ရန် မလိုဟု ထည့်သွင်းပြောဆိုထားသည်။
NUG က အောင်လံလွှင့်ချီနွေဦးထီ အမည်ဖြင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချနေသည့် ထီစနစ်မှ လစဉ် ကျပ် ဘီလီယံ ၂၀ ဝင်မည်ဟု မျှော်မှန်းထားပြီး ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းမှာ CDM ဝန်ထမ်းများကို ခွဲဝေထောက်ပံ့ရေးအတွက် ဖြစ်သည်ဟု ဆိုထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.